SSA(ရွက်ဆစ်) အဖွဲ့ ထောင်ထားသော တိုက်မိုင်းတစ်လုံးနင်းမိပေါက်ကွဲ၍ တောင်ယာမှ ပြန်လာသူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ် ကဒူးလေး ကျေးရွာအုပ်စု ဒုံပုံရွာအနီးတွင် စက်တင်ဘာ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် SSA(ရွက်ဆစ်) အဖွဲ့ ထောင်ထားသော တိုက်မိုင်းတစ်လုံးနင်းမိပေါက်ကွဲမှုကြောင့် တောင်ယာလုပ်ကိုင်သူ ဒေသခံတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

ဖြစ်စဉ်မှာ မိသားစုများနှင့် အတူ တောင်ယာလုပ်ကိုင်ပြီး ပြန်လာသူ ဦးဗွာ ၄၂ နှစ် (ဘ) ဦးဘဲသည် ရွာ၏ မြောက်ဘက် ၃ မိုင်ခန့် အရောက်၌ တိုက်မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲပြီး ဘယ်မေးရိုး အောက်ပိုင်း၊ ဘယ်ခါးနှင့် ညာတင်ပါး တို့တွင် မိုင်းစထိမှန်ကာ ဘယ်လက်ဖျံရိုး ကျိုးသည့် ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ မိုင်းနင်းမိလူနာကို တာဝန်ရှိ သူများနှင့် ဒေသခံ ပြည်သူများက နယ်မြေခံ ဆေးတပ်ရင်းသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

"အုံးကနဲ အသံအကျယ်ကြီး ကြားပြီး မြေကြီးတွေ ဖွာခနဲ ဖြစ်သွားတယ်။ မီးခိုးတွေပြယ်တော့ ကြည့်လိုက်တော့ အဖေ မှောက်ပြီး အော်နေတာတွေ့ရတယ်။ သွေးတွေလည်း အများကြီးပဲ။ ကျန်တဲ့သူတွေ ဘာမှ မဖြစ်တာ အတော်ကံကောင်းတယ်" ဟု ဦးဗွာနှင့် အတူပြန်လာသူ
မိသားစုဝင်တစ်ဦးက ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာလုပ်ကိုင်စားသောက်လိုသော်လည်း မကြာခဏ လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းခြင်းတို့ပြုလုပ်ခံရသည့်အပြင် မိုင်းနင်းမိမည့် အန္တရာယ်ကြောင့် သွားရေးလာရေး အခက်တွေ့လျက်ရှိကြောင်း သတင်းရရှိသည်။

စိုင်းထက်ဇော်

ရှမ်းသတင်းစဉ်

0 comments:

Post a Comment