နီကာရာဂွာနိုင်ငံ မြို့တော်အနီးသို့ ဥက္ကာခဲတစ်ခု ကျရောက်


နီကာရာဂွာနိုင်ငံ၊ မာနာဂူရာ မြို့တော်တွင် မြို့ခံများ ထိတ်လန့်ခဲ့ရသည့် အမျိုးအမည်မသိ ပေါက်ကွဲသံကြီးမှာ ဥက္ကာခဲတစ်ခု ကျရောက်မှုကြောင့်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
စက်တင်ဘာ (၆)ရက် ညပိုင်းက ဒေသခံများသည် အလွန်ကျယ်လောင်သည့် ပေါက်ကွဲသံကြီး တစ်ခုကို ကြားခဲ့ရပြီးနောက် ကောလာဟလ သတင်းအမျိုးမျိုး ပျံ့နှံ့ခဲ့သည်။ နောက်ပိုင်း စစ်ဆေးမှုများအရ မာနာဂူရာရှိ နိုင်ငံတကာ လေဆိပ်၏ အပြင်ဘက် သစ်တောဧရိယာအတွင်း ဥက္ကာခဲတစ်ခု ကျရောက်ခဲ့၍ဟု ဖော်ထုတ် တွေ့ရှိခဲ့သည်။
သို့သော်လည်း ပေါက်ကွဲမှု ဖြစ်ပွားသည့် အချိန်တဝိုက်တွင် ကောင်းကင်ယံ၌ ထူးခြားသော မြင်ကွင်း တစ်စုံတစ်ရာ မရှိခဲ့ဟု မြို့ခံများက ဆိုသည်။ “အဲဒီအချိန်လောက်တုန်းက အိမ်ရှေ့ဆင်ဝင်မှာ ထွက်ထိုင်နေတာပဲ။ ဘာမှမတွေ့လိုက်ပါဘူး။ ရုတ်တရက် အသံ အကျယ်ကြီး ကြားလိုက်ရတယ်။ ပထမတော့ ဗုံးလို့ ထင်မိလိုက်ပါသေးတယ်။ ပေါက်ကွဲတဲ့ တုန်ခါလှိုင်းမျိုး ခံစားမိလို့ပါ”ဟု လေဆိပ်အနီးတွင် နေထိုင်သည့် ဂျော့ဂ်ျ ဆန်တာမာရီယာက ပြောကြားခဲ့သည်။
အလယ်ပိုင်း အာဖရိကဒေသရှိ နိုင်ငံ၏ အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီး ရိုဆာရီယို မာရယ်လိုက ကော်မရှင်ဖွဲ့ စစ်ဆေးမှုများအရ သေးငယ်သည့် ဥက္ကာခဲတစ်ခု ကျရောက်ခြင်းဟု ဖော်ထုတ်နိုင်ခဲ့ကြောင်း ဆိုသည်။ သူမက အဆိုပါ ဥက္ကာခဲသည် ကမ္ဘာအနီး ဖြတ်သန်းသွားသည့် ဥက္ကာခဲကြီး တစ်ခုခုမှ ပဲ့ထွက် လွင့်စင်လာခြင်း ဖြစ်နိုင်ကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။ သို့သော်လည်း ဖြစ်ရပ်ကို အသေးစိတ် အဖြေထုတ်နိုင်ရန်အတွက် နီကာရာဂွာ အစိုးရ အနေဖြင့် နိုင်ငံတကာ ကျွမ်းကျင်သူများကို အကူအညီ တောင်းခံသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
စုံစမ်းရေး ကော်မတီတွင် ပါဝင်သည့် မီးတောင်ပညာရှင် တစ်ဦးက ကျရောက်လာသည့် ဥက္ကာခဲသည် အချင်း (၃၉)ပေနှင့် အမြင့် (၁၆)ပေရှိကြောင်း ဆိုသည်။ ၎င်းက ဥက္ကာခဲသည် ပျက်စီး ပြိုကွဲသွားခြင်း၊ သို့မဟုတ် မြေကြီးထဲ နစ်မြုပ်သွားခြင်းနှင့် ပတ်သက်၍ မည်သို့ ဖြစ်ပျက်သွားသည်ကိုမူ တိတိကျကျ ဖြေကြားမသွားခဲ့ချေ။
_Ref: Independent.ie

0 comments:

Post a Comment