ဒုတိယ အယ်လ်ဘမ် အတွက် တက်တူး ထပ်ထိုးဦးမည့် အဆိုတော်ပိုပိုနှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ သြဂုတ် ၉။ အနုပညာကို အောက်ခြေမှ စလာခဲ့တဲ့ သူ့ရဲ့ ကြိုးစားမှုကို လူတိုင်းက သိကြသည်။ အောက်ခြေ ခိုင်မာမှု တွေနဲ့ အတူ "ချစ်ဖူး ခဲ့သမျှ" ပထမစီးရီး ထွက်ရှိ လာချိန် မှာတော့ ပရိသတ်၏ အသိအမှတ် ပြုခြင်း ခံရသလို သူ့ရဲ့ လက်မောင်းနဲ့ကျောပြင်က တက်တူးတွေက ပရိသတ်များ ကိုထပ်မံ ဖမ်းစားခဲ့တာ မို့မဇ္စျိမက ပိုပို၏ တက်တူး အကြောင်းကို ပွင့်လင်းစွာ မေးကြည့် ခဲ့သည်။



အဆိုတော် တစ်ဦးဖြစ်လာစေရန် ရုန်းကန်ခဲ့ရမှုများကို ပိုပိုက အင်တာဗျူးအတွင်း ဖွင့်ဟခဲ့သည်။ ဓာတ်ပုံ - လွင်မောင်မောင်

မေး။ ။ လက်ရှိ လှုပ်ရှားမှု တွေက……..။
ဖြေ။ ။ ဒုတိယ အခွေအတွက် လုပ်နေတယ်။ နယ်ရှိုးတွေ ဆိုနေတယ်။ ရန်ကုန် ရှိုးတွေလည်း သီဆို ဖြစ်တယ်။ စင်ကာပူမှာ ဗီစီဒီ ရိုက်ကူးဖို့ ရှိတယ်။ သီချင်းလည်း ရေးဖြစ်နေ ပါတယ်။ ဒုတိယ အခွေက နည်းနည်းတော့ ကြာဦးမယ်။ ဒီဇင်ဘာ လောက်မှာ ထွက်ဖြစ်မယ် ထင်တယ်။ အရင်တုန်း ကတော့ ဒီအခွေကို ကျွန်မ ချစ်သူလို့ ယာယီ ပေးထားတယ် အခုတော့ မပေးဖြစ် တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနာမည်က သူများ စီးရီးတွေနဲ့ ဆင်နေ လို့ပါ။

မေး။ ။ ဒီအခွေမှာ ဘယ်လို သီချင်းပုံစံမျိုး ထူးထူးခြားခြားတွေ ပါဖြစ်မလဲ။
ဖြေ။ ။ အခွေမှာ ထူးထူး ဆန်းဆန်းက ယောကျာင်္းလေး အတွက် ဆိုပြီးတော့ ရည်ရွယ် ထားတယ်။ လင်းမယား ရန်ဖြစ်တဲ့ အကြောင်းလေး တွေကို ရေးထား ပါတယ်။ တေးရေး ကတော့ ပိုပိုပဲလေ။ အားလုံးပေါင်း ၁၄ ပုဒ် ပါမှာ ဆိုတော့ ၁၃ ပုဒ်က ပိုပိုဘဲ ရေးထား တာပါ။ တစ်ပုဒ် ကတော့ တစ်ခြား တေးရေးပါ။

မေး။ ။ ဒီဒုတိယ အခွေက ပထမ အခွေလောက် အောင်မြင် ပါ့မလား ဆိုတဲ့ အတွေးမျိုးကော စိတ်ကူးမိလား ။
ဖြေ။ ။ ပိုပိုရဲ့ဒီဒုတိယ အခွေအတွက် အောင်မြင် ပ့ါမလား ဆိုပြီးတော့ စိတ်ခံစားချက်တော့ မရှိဘူး။ ယုံကြည်တယ် လူကြိုက် များမယ်လို့ ထင်တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ပထမ အခွေ တုန်းကလည်း ပေါက်ပါ့ မလား ဆိုတဲ့ အတွေးထက် စာရင် ဒီသီချင်း တွေကို ငါကြိုက်တယ်။ ငါကြိုက်တဲ့ သီချင်း တွေကို ပရိတ်သတ် တွေကို ချပြမယ်။ ဒီသီချင်း လေးတွေက ကောင်းတယ်။ မပေါက်ဘူး ဆိုတဲ့ ခံစားချက်လည်း မရှိဘူး။ ပေါက်မယ် ဆိုတဲ့ ယုံကြည်ချက် ကြီးကြီး မားမားလည်း မရှိဘူး။ ဒီသီချင်း တွေကို လူကြိုက်မယ်များမယ် ထင်ပြီးတော့ လုပ်ခဲ့တာ။ ပရိတ်သတ်တွေ ကြိုက်ခဲ့တယ်။ ဒီဒုတိယ အခွေကိုလည်း သေချာတယ် ပရိတ်သတ် ကြိုက်မယ့် သီချင်းတွေ ပါမယ်။

မေး။ ။ သရုပ်ဆောင် ဘက်ကို ကူးဖို့ရော အစီအစဉ်ရှိလား။
ဖြေ။ ။ သရုပ်ဆောင် ဘက်ကို ကူးဖို့က လောလောဆယ်တော့ မရှိသေးပါဘူး။ မအား တာလည်းပါတယ်။ လာပြီးတော့ ကမ်းလှမ်းမှု လည်းမရှိ သေးဘူး။ အကျီကြော်ငြာ အတွက် လာပြီး ကမ်းလှမ်းတာဘဲ ရှိသေးတယ်။ သရုပ်ဆောင် ဘက်က လောလောဆယ် မလုပ်ချင် သေးဘူး။ ပိုပိုက လူတစ်မျိုး ကိုယ်ကြိုက်မယ့် ဟာကိုဘဲ ရိုက်ချင်တယ်။ ကိုရီးယား ဆန်ဆန်၊ နိုင်ငံခြား ဇာတ်ရုပ်ကို ရိုက်တာမျိုးကို ရိုက်ဖြစ် မှာပါ။ ဇာတ်လမ်းတွဲ ကြီးတွေ ကို အရမ်း နှစ်သက်တဲ့ အထဲမှာ မပါတဲ့ အတွက် ရိုက်မယ် ဆိုရင် ဇာတ်လမ်းကို ကြည့်ပြီးမှ ရိုက်မှာပေါ့။ ကိုယ့်ဟာ ကိုယ် MTV ဘဲ ဒါရိုက်တာလုပ်၊ ကိုယ့်ဟာကိုယ် သရုပ်ဆောင် ကိုတော့ တစ်ကယ် လုပ်ဖြစ်မယ့် အလုပ်ပါ။

မေး။ ။ ပိုပိုရဲ့ လက်မှာ တက်တူး ထိုးထားတာနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။
ဖြေ။ ။ ပိုပိုက တက်တူးကို အရမ်း သဘောကျလို့ ထိုးထားတာပါ။ ဒုတိယ တေးစီးရီး အတွက် ပိုပို တက်တူးထပ် ထိုးဖို့ ရှိပါတယ်။ လောလောဆယ်တော့ မထိုး ဖြစ်သေးဘူး။ ဒုတိယ တေးစီးရီး ခေါင်းစဉ်ကို ထိုးသွားဖို့ ရှိပါတယ်။ ကျန်တဲ့ ဟာတော့ ထိုးဖို့ မရှိပါဘူး။ အဲဒါကို ကျောမှာဘဲ ထိုးဖြစ်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောက လူမမြင်ဘူး လေ ပရိတ်သတ် တွေ အမြင်မှာ မိန်းကလေး တစ်ယောက်က တက်တူးတွေနဲ့ အရမ်းကြီး ပွနေရင် အဆင်မပြေ ဘူးလေ ပြီးတော့လည်း ပိုပိုက အိမ်ထောင်လည်း မကျသေး ဘူးလေ။(ရယ်လျက်) တစ်ခါတစ်လေ ကြရင် တွေး မိတယ်။ ကိုယ့်မြန်မာ အ၀တ်အစားနဲ့ မင်္ဂလာဆောင် နေရင် တက်တူး တွေနဲ့ကြည့် မကောင်းဘူး ဆိုပြီး ကိုယ့်ဟာ ကိုယ်တွေးမိတယ်။

မေး။ ။ ကျောမှာ ထိုးမယ့် တက်တူးကိုကော ပရိသတ် တွေကို ဖော်ပြမှာလား။
ဖြေ။ ။ တက်တူးထိုးတာ ဒုတိယအခွေ အတွက်ဆိုတော့ ဒီတက်တူး တွေကို Mtv မှာ ဖော်ပြဖြစ်မယ် ထင်တယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကြွားရ မယ်လေ။(ရယ်လျက်)

မေး။ ။ ပိုပိုရဲ့ ငယ်ဘ၀က အမှတ်တရလေး ပြောပြပေး ပါဦး။
ဖြေ။ ။ ပိုပို နှစ်တန်း သုံးတန်းလောက်မှာ ပိုပို့မှာ အဖေနဲ့ အမေ မရှိဘူး။ ဂရုလည်း မစိုက်ဘူး။ အဘွားကလည်း အသက်တော်တော် ကြီးပြီ ဆိုတော့ မိုးရွာတဲ့ အချိန် ကျောင်းကို လာမကြို နိုင်ဘူးပေါ့နော်။ ထီးလည်း မပါဘူး။ အဲဒီ တော့ စာအုပ်တွေ ရေစိုမှာစိုးလို့ ကျွတ်ကျွတ်အိတ် ထဲကို စာအုပ်တွေထည့် လွယ်အိပ်ကို အပြင်ကနေ ပြန်ထည့် တော့ မိုးရေထဲမှာ အိမ်ကိုပြေးပြေးပြီးတော့ ပြန်ရတာ ခဏခဏပါဘဲ။ အဲဒါကတော့ အမှတ်တရ ပါဘဲ။ ဖေဖေနဲ့ မေမေက ငယ်ငယ်လေး ကတည်းက အသက်မရှိ တော့တာ မဟုတ်ပါဘူး။ ကွဲသွား ကြတာပါ။ ပိုပို ၁၀ လသမီးမှာ အဖေနဲ့ အမေ ကွဲတယ်။ အမေက နောက်အိမ်ထောင် ပြုသွားတယ်။ အဖေကလည်း နောက်အိမ်ထောင် ပြုတာပါဘဲ။ပိုပိုလည်း အဘွားနဲ့ဘဲ ကိုယ့်ဟာကိုယ် နေခဲ့ရ တာပါ။ မောင်နှမလည်း မရှိပါဘူး။ တစ်ယောက်တည်း ပါဘဲ။

မေး။ ။ မိဘမဲ့တွေနဲ့ ပတ်သက်ပြီး ပရဟိတ တွေကော လုပ်ဖြစ်လား။
ဖြေ။ ။ ပိုပိုက အမြဲတမ်း ပရဟိတ လုပ်ပါတယ်။ အဆိုတော် မဖြစ်ခင် ကတည်းကပါ။ မိဘမဲ့ ကလေးတင် မကဘူး။ဈေးရောင်းနေတဲ့ ကလေးတွေပါ တွေ့ရင် သနားတယ်။ စံပယ်ပန်း ရောင်းစားတာ တွေ့တယ်။ သူတို့တွေက သူများ ကလေးတွေကို တောင်းစားတာ မဟုတ်ဘဲနဲ့ ဈေးရောင်း ဖြစ်တဲ့ အတွက် ကြုံရင် ကြုံသလို သူတို့ကို အားပေးတယ်။ အကုန်လုံး ၀ယ်ပြီးတော့။

မေး။ ။ အလှူအတန်း လုပ်ဖြစ်ရင်ကော မိဘမဲ့ ကလေးတွေ အတွက် အာဟာရ ဖြစ်စေမယ့် စကားတွေ ပြောဖြစ်လား။
ဖြေ။ ။ မိဘမဲ့ ကလေးတွေကို လှူဖြစ်တယ်ဆိုရင် စကားနဲ့လည်း အားပေးတယ်။ အစ်မလည်း မိဘမဲ့ တစ်ယောက်ပါ။ဒီလိုဘဲ ကြိုးစားရင်းနဲ့ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်လာတယ်။ ကလေးတို့လည်း အစ်မလိုဘဲ ကြိုးစားရမယ် ဆိုပြီး ပြောဖြစ်တယ်။

မေး။ ။ မိဘမဲ့ တစ်ယောက်ဖြစ်တဲ့ ပိုပိုရဲ့ စွဲမှတ်ထားတဲ့ ခံယူချက်ကော ပြောပြပေးပါဦး
ဖြေ။ ။ ပိုက်ဆံရှိတဲ့ ကလေးတွေက အဆိုတော် လုပ်မယ်ဆိုရင် သီချင်း တစ်ပုဒ်ကို အနည်းဆုံး ငါးသိန်းဆို လည်း သူတို့မိဘတွေက ၀ယ်ပေးမှာ ဘဲလေ။ ဒါပေမယ့် ပိုပိုတို့လိုမျိုး အောက်သက်ကြေ ခြင်းတွေ၊ကြိုးစား ခြင်းတွေ ဘာမှရှိမှာ မဟုတ်ဘူး။ မရှိတဲ့လူတွေ၊ ဆင်းရဲတဲ့ လူတွေက ပိုပြီးတော့ အခွင့်အရေး ရှိတယ်။ငါတို့မှာ မိဘမရှိလို့ ၊ ပိုက်ဆံမရှိလို့ စဉ်းစား ပြီးတော့ စိတ်ဆင်းရဲ နေမယ့်အစား အဲဒါကို မစဉ်းစား ပါနဲ့ ပိုပိုတို့မှာ ကြိုးစားခွင့်တွေ ရှိပါ တယ်။ ပိုပိုပြောမယ့် စကားလုံး တွေကို စာဖတ် ပရိတ်သတ် တွေကို တွေ့စေချင် ပါတယ်။ ပိုပို၁၀ တန်း အောင်တုန်းက အဆိုတော် လုပ်ခွင့် မရပါဘူး။ အခက်အခဲတွေ အများကြီး ရှိလို့လေ။ နောက်ပြီးတော့ အသက်၁၈ နှစ် တုန်းက ပရိုဂျူဆာ တွေကို ပြသေးတယ်။ သီချင်းလေး တွေကို စုစုပြီး တော့ပေါ့။ ဒါပေမဲ့ အဲဒါက အဆင်မပြေဘူး။ အသက်၂၀ အထိပေါ့။ တစ်ခါတစ်လေ ကြရင် ကိုယ့်ကိုယ်ကိုယ် အဆင်မပြေလို့ ငိုရတဲ့ ရက်တွေလည်း ရှိခဲ့တယ်။ အဲဒီ အချိန်တုန်း ကသာ ပိုပို အဆိုတော် ဖြစ်မယ်ဆိုရင် သေချာတယ် အောင်မြင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ၀မ်းစာ မပြည့်သေးတဲ့ အချိန်မှာ အလုပ် တစ်ခုကို လုပ်လည်း အောင်မြင်မှာ မဟုတ်ဘူး။ ပိုပိုကို ဆရာ ဦးစောနု ပြောဖူးတယ်။ ကြိုးစားပါ။ ကြိုးစား လို့ရှိရင် ပိုက်ဆံက နင့်နောက် လိုက်လာ လိမ့်မယ်။ ပိုက်ဆံနောက်ကို မလိုက်ပါ နဲ့ပေါ့ ပိုပိုလည်း ပိုက်ဆံနောက်ကို ဘယ်တော့မှ မလိုက်ဘူး။ ပိုပို အခွေထွက် လာတာ ပိုက်ဆံရှိလို့ ထွက်လာတာ မဟုတ်ဘူး ကြိုးစားလို့ ပိုက်ဆံရှိ လာတာပါ။
Mizzima

0 comments:

Post a Comment