ဂန်းနား တစ်ယောက်ကဲ့သို့ အမြဲခံစားနေရဟု ချယ်လ်ဆီး ကွင်းလယ်လူ ဖာဘရီဂတ်စ် ထုတ်ဖော်

လန်ဒန်၊ စက်တင်ဘာ ၉။ နွေရာသီ အပြောင်းအရွှေ့ ကာလတွင် အာဆင်နယ်၏ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီး အသင်းသို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့ ခဲ့ သော်လည်း မိမိကိုယ်ကိုယ် 'ဂန်းနား'(အာဆင်နယ် အသင်း၏ အမည်ပြောင်) တစ်ယောက် အဖြစ် အမြဲ မှတ်ယူ ထားကြောင်း ကွင်းလယ်လူ ဖာဘရီဂတ်စ်က ထုတ်ဖော် ၀န်ခံ လိုက်သည်။



စပိန် ကွင်းလယ် ကစားသမားသည် စတမ်းဖို့ဒ် ဘရစ်ခ်ျတွင် ခြေစွမ်းပြနေပြီး လက်ရှိရာသီတွင် အသင်းဖော်များ ဂိုးသွင်း နိုင်အောင် လေးကြိမ် ပံ့ပိုးပေး ထားသည်။ ဖာဘရီဂတ်စ်သည် ငယ်ဘ၀ကလပ် ဘာစီလိုနာမှ ပြောင်းရန် ပြင်ဆင်စဉ်က အသင်းဟောင်း အာဆင်နယ်သို့ ပြန်လည် ပြောင်းရွှေ့လိုခဲ့သော်လည်း ချယ်လ်ဆီး ကို ရွေးချယ် လိုက်ခြင်း ဖြစ်သည်။

"ကိုယ့်ကိုယ်ကိုယ် ဂန်းနား တစ်ယောက်လို အမြဲခံယူထားပြီး အာဆင်နယ်ရဲ့ အမ်းမရိတ်စ်ကွင်းထဲပြန်ရောက်တဲ့အခါ ထူးခြားတဲ့ အခိုက်အတန့် ဖြစ်လာမယ် ဆိုတာကို သိထားပေမယ့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှာပါ။ ကျွန်တော် အဲဒီအသင်းမှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ကစားရတာကို မှတ်မိနေတယ်။ ဘာစီလိုနာ ဟာ ကျွန်တော် ငယ်ငယ်လေး ကတည်းက အားပေးခဲ့၊ ကစားခဲ့ဖူးတဲ့ အသင်းဖြစ်ပေမဲ့ အဲဒီပွဲမှာတော့ အာဆင်နဲ့နဲ့ အတူနိုင်ပွဲရယူ ချင်ခဲ့တယ်ဆို တာ ကျွန်တော် ကျိန်ပြောဝံ့ပါတယ်။ ဒါကြောင့် ကျွန်တော် အာဆင်နယ်ကို ပြိုင်ဘက် အဖြစ်ရင်ဆိုင်ရတဲ့ အခါမှာလည်း လက်ရှိမှာ ကျွန်တော် ဘယ်အသင်း အတွက် ကစားနေတယ်၊ အသင်းဖော်တွေက ဘယ်သူ၊ ဘယ်အသင်းအတွက် အကာအကွယ် ပေးနေတယ် စတာတွေကို အာဆင်နယ် ပရိသတ်တွေ နားလည်ပေး နိုင်မယ် ဆိုတာကို အကြွင်းမဲ့ ယုံကြည်ပါတယ်"ဟု ဖာဘရီဂတ်စ်က အယ်လ်ပိုက်စ် သို့ပြောသည်။

အဆိုပါကွင်းလယ်ကစားသမားသည် အာဆင်နယ်တွင်ကစားစဉ်က ချယ်လ်ဆီးနှင့်တွေ့သည့်ပွဲများတွင် ပြဿနာများစွာရှိခဲ့သော် လည်း အဆုံးသတ်တွင် ချယ်လ်ဆီး သို့ရောက်သွားသဖြင့် အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရသည်။ "လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျွန်တော့်ကို ချယ်လ်ဆီး အသင်းမှာ မော်ရင်ဟိုလက်အောက်မှာ ကစားရမယ်လို့ လာပြောတဲ့သူရှိရင် သူ့စကားကိုယုံမိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ ဘ၀ပါပဲ။ ကျွန်တော့်အေးဂျင့်ကို အသင်းရှာပေးဖို့ ကျွန်တော်ပြောခဲ့တယ်။ ချယ်လ်ဆီးက ကမ်းလှမ်းလာတယ်။ လန်ဒန်ကိုပြန်ရမယ်၊ ပြီးတော့ ကျွန်တော် အကောင်း ဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့မြို့။ ဒီလောက်ကောင်းတဲ့ ထွက်ခွာမှုမျိုး မရှိတော့ဘူး။ မော်ရင်ဟိုနဲ့စကားပြောကြည့်တော့လဲ သူပြောတာ က ကျွန်တော်ကြားချင်တဲ့ စကားတွေ။ တန်ဖိုးထားခံရသလို ခံစားရတယ်။ ကျွန်တော်က တစ်စုံတစ်ရာ အရေးပါနေတဲ့ အစိတ်အပိုင်းတစ်ခုလို ခံစားလိုက်ရတယ်"ဟု ဖာဘရီဂတ်စ်က ချယ်လ်ဆီးသို့ရောက်ဖြစ်ခဲ့ခြင်းအပေါ် ရှင်းပြသည်။

Ref: Daily Mail

0 comments:

Post a Comment