အီဘိုလာကပ်ဘေးကြောင့် အာဖရိကတွင် လူသန်းနှင့်ချီ အငတ်ဘေးကြုံနိုင်

အီဘိုလာ ရောဂါ ကပ်ဘေးနဲ့ ကြုံနေရတဲ့ အာဖရိက နိုင်ငံတွေမှာ လူသန်းနဲ့ချီပြီး အငတ်ဘေး ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

ရောဂါကူးစက်မှုဖြစ်မှာကို စိုးရိမ်ရလို့ သွားလာလှုပ်ရှားမှုကို ကန့်သတ်တာကြောင့် ရိက္ခာစီးဆင်မှုကို ထိခိုက်သလို ဆောင်းရာသီ ရိတ်သိမ်းချိန်မှာလည်း ပြည်သူတွေအတွက် ၀မ်းစာ လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။

နိုင်ဂျီးရီးယားရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ လားဂို့စ်မြို့မှာ အသားရောင်း တဲ့ ဈေးသည်တွေလည်း ၀ယ်သူမရှိလို့ အသားတွေ ပုပ်ကုန်တယ် လို့ ပြောပြကြပါတယ်။

ခရီးသွားလာခွင့် ပိတ်ပင် တာနဲ့ ရောဂါကူးစက်မှု ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ ဒေသတွေနဲ့ အဆက်အသွယ်ဖြတ်တောက်တာဟာ လူတွေအတွက် ရိက္ခာပြတ်တောက်ဖို့ ဖြစ်လာတယ်လို့ ဆိုပါတယ်။

လိုက်ဘေးရီးယား မာဂီဘီမြို့မှာ ပြည်သူတွေဟာ အကူအညီပေးရေး အဖွဲ့တွေက ထောက်ပံ့တဲ့ စားစရာဝေစုတွေအပေါ်မှာပဲ မှီခိုရေပါတယ်။

ပုံမှန်အခြေအနေမှာ စားစရာရိက္ခာအတွက် ၀င်ငွေရဲ့ ၈၀ ရာခိုင်နှုန်း အသုံးပြုခဲ့ရတဲ့ ပြည်သူတွေဟာ ရိက္ခာပြတ်ပြီး ဈေးတက်တာကြောင့် ၀န်ပိနေပါတယ်။

ခရီးအသွားအလာ ကန့်သတ်တာဟာ ရိတ်သိမ်းရာသီမှာ ကျေးလက်လုပ်သား အင်အားလျော့နည်းစေတယ်လို့ အန်ဂျီအိုတွေကလည်း ပြောပါတယ်။

ကုလသမဂ္ဂက လောလောဆယ် အနောက်အာဖရိက နိုင်ငံတွေထဲက ရောဂါဒဏ် အဆိုးဆုံး ခံနေရတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ လူ ၁ သန်း ၃ သိန်းအတွက် ရိက္ခာတန်ချိန် ခြောက်သိန်းခွဲကို ဖြန့်ဝေထားတယ်လို့ ပြောပါတယ်။

အဲဒီဒေသတွေမှာ ရောဂါဘေးကတဆင့် အငတ်ဘေး မကျရောက်စေဖို့ အကူအညီ ဒေါ်လာ သန်း ၇၀ လိုအပ်တယ်လို့ ကုသမဂ္ဂက ဆော်သြထားပါတယ်။

By ဒီဗွီဘီ


0 comments:

Post a Comment