LADIES' CODE အဖွဲ့စီးနင်း လိုက်ပါ လာသောကား မတော်တဆ ဖြစ်မှုကြောင့် အဖွဲ့ဝင် တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ပြင်းထန်စွာရရှိ


တောင်ကိုရီယား အမျိုးသမီး အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အဖွဲ့ဝင် ၅ ဦးပါဝင်သော LADIES' CODE အဖွဲ့ဝင်များ စီးနင်း လိုက်ပါ လာသောကားမှာ ယနေ့နံနက် ပိုင်းတွင် စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ပြီး LADIES' CODE အဖွဲ့ဝင် EunB ကွယ်လွန်ခဲ့ကာ အခြားအဖွဲ့ဝင်နှစ်ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

LADIES' CODE အဖွဲ့ဝင်ငါးဦးစီးနင်းလိုက်ပါလာသော ဗင်ကားမှာ ကိုရီးယား စံတော်ချိန် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် အင်ချွန်းသို့သွားရာ ရုန်ဒုန်အဝေးပြေးလမ်းမပေါ်တွင် စလစ်ဖြစ်ကာ တိမ်းမှောက်ပြီး ဟိုင်းဝေးလမ်းနံရံနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ ယဉ်ပေါ်တွင် စီးနင်းလိုက်ပါလာခဲ့သည့် အဖွဲ့ဝင်ငါးဦးတွင် သေဆုံးခဲ့သည့် EunB ၊ Kwon Rise နှင့် ဆိုဂျွမ်းတို့ သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် EunB မှာတော့ ဆေးရုံသို့သွားရာလမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အခြားအဖွဲ့ဝင်နှစ်ဦးဖြစ်ကြသည့် အက်ရှလီနှင့် ဇူနီ တို့မှာတော့ ကားပေါ်တွင်လိုက်ပါလာခဲ့သည့် ဒီဇိုင်နာတစ်ဦးနှင့် မန်နေဂျာ တို့နှင့်အတူ ကံကောင်းထောက်မစွာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ အနည်းငယ်သာဒဏ်ရာရရှိခဲ့သည်။

LADIES' CODE အဖွဲ့၏ အေဂျင်စီကုမ္ပဏီ ဖြစ်သည့် Polaris Entertainment ကုမ္ပဏီ၏ ညနေပိုင်းက ထုတ်ပြန်ခဲ့သော တရားဝင်ကြေငြာချက်များအရ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည့် Kwon Rise နှင့် ဆိုဂျွမ်း တို့နှစ်ဦးတွင် ဆိုဂျွမ်း၏ အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်သော်လည်း Kwon Rise ၏အခြေမှာတော့ ယဉ်တိုက်မှုဖြစ်ပြီး ဆေးရုံရောက်ရှိချိန်မှစတင်ကာ ပြုလုပ်ခဲ့သည့် ခွဲစိတ်မှုမှာ ၇ နာရီကျော် ကြာမြင့်နေပြီဖြစ်သော်လည်း အောင်မြင်မှုမရရှိသေး ဟု သိရသည်။ နောက်ဆက်တွဲကြေငြာချက်အရ Kwon Rise ၏ ခွဲစိတ်မှုမှာ သူမ၏ သွေးဖိအား အလွန်အမင်း ကျဆင်းလာခဲ့သည့်အတွက် ရပ်ဆိုင်းထားလိုက်ရပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတွေကိုတော့ ကြိုတင်ခန့်မှန်းပြောဆိုနိုင်ခြင်းမရှိသေးဟု သိရသည်။

အောင်ဟိန်းခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment