မယ်မြန်မာတွေက ပေးတဲ့ သင်ခန်းစာ


သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အတိုးတက်ဆုံးအရာတစ်ခုကို ပြပါဆိုလျှင် မယ်မြန်မာများ အပြိုင်းအရိုင်း ပေါ်လာခြင်းဖြစ်သည်။ အချို့မယ်မြန်မာများက နိုင်ငံတကာမယ်ပြိုင်ပွဲများတွင် အနိုင်ရသည်အထိ အောင်မြင်ခဲ့ကြသည်။ ဤနေရာတွင်လည်း မြန်မာပီသသည် ထင်ပါသည်၊ အောင်မြင်သလောက်လည်း ပြဿနာတွေက များကြသည်။ ယခုနောက်ဆုံး အာရှပစိဖိတ်ဒေသမယ်ဆုရ မယ်မြန်မာမေမြတ်နိုးမှာ သရဖူအသိမ်းခံရပြီးနောက် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သည်အထိ ပြဿနာများ ရှုပ်ဆဲ ရှင်းဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် မူလကတည်းက ကျားမတန်းတူရှိမှုမှာ ဒေသတွင်း နိုင်ငံများထက် မသာလျှင်တောင် နိမ့်ပါးမှု မရှိခဲ့ပါ။ သို့သော် စစ်အစိုးရလက်ထက်အဆက်ဆက်တွင် နိုင်ငံတကာမယ်ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခွင့် မရှိခဲ့သလို ပြည်တွင်းပြိုင်ပွဲများတွင်လည်း ထင်ထင်ပေါ်ပေါ် လှစ်ဟပြသည့် ပြိုင်ပွဲမျိုးထက် လုံလုံခြုံခြုံ ၀တ်ဆင်ယှဉ်ပြိုင်သော ကာယအလှမယ်ပြိုင်ပွဲမျိုးကိုသာ ကျင်းပခဲ့ကြသည်။ ယင်းပြိုင်ပွဲများတွင်ပင် တစ်ခါတစ်ရံ ကောလာဟလအသွင်ဆောင်သော အနံ့အသက်ပါ သတင်းတချို့ ထွက်ခဲ့ဖူးသည်။ 

ယခုတော့ ဒီမိုကရေစီကိုလျှောက်လှမ်းနေသည်ဟုဆိုသော သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသမီးအခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်မှုများ ပိုများလာသလို မယ်ပြိုင်ပွဲများကို အပြိုင်အဆိုင် စပွန်ဆာ အဖွဲ့အစည်းများ အားနှင့် ကျင်းပလာကြသည်။ မြန်မာအမျိုးသမီးများအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာပြီး ၀င်ပြိုင်ကြသည်။ ခရီးသွားဧည့်လမ်းညွှန်ကလည်း နိုင်ငံကျော် မယ်မြန်မာဖြစ်လာသည်။ နိုင်ငံခြားပြန် ဘွဲ့ရ ကျောင်းသူကလည်း နာမည်ကျော်မယ်မြန်မာဖြစ်လာသည်။ အဆိုပြိုင်ပွဲဝင်သူကလည်း တိုင်းသိပြည်သိ မယ်မြန်မာမှတစ်ဆင့် နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ ဆုပင်ရလိုက်သည်။ မယ်မြန်မာများက နိုင်ငံတကာမယ်များကို စိန်ခေါ်နိုင်သည့်အထိ ဖြစ်လာပြီဟုပင် အချို့က လွန်လွန်ကျူးကျူး ပြောလာကြသည်။ သည်အချိန်မှာပင် မြန်မာမယ်များနှင့် စပွန်ဆာကုမ္ပဏီကြား မပြေလည်မှုတွေ တစ်ခုပြီး တစ်ခုကြားလာရတော့သည်။ သူတို့ချင်း မပြေမလည်ဖြစ်တာက အကြောင်းမဟုတ်ပါ၊ တစ်နည်းနည်းဖြင့် ရှင်း၍ ရနိုင်ပါသည်။ မေမြတ်နိုးပြဿနာမှာ တိုင်းပြည်၏ ပုံရိပ်နှင့်ပါဆိုင်လာသလို သူ့အပြောအရ မယ်ပြိုင်ပွဲ၏ မသန့်ရှင်းမှုတချို့ကိုပါ တွေ့လိုက်ရသည်။ 

မြန်မာများက အတုခိုးမြန်သည်။ မယ်တစ်ယောက်တွေ့ပြီး မကြာခင် နောက်မယ်တစ်ယောက် တွေ့ရပြန်သည်။ နိုင်ငံတကာမယ်ပြိုင်ပွဲများအတွက် မယ်တစ်ယောက်ကို မဲပေးရွေးချယ်ပြီး မကြာခင် နောက်မယ်တစ်ယောက်ကို ရွေးရပြန်သည်။ မယ်ပြိုင်ပွဲတစ်ခု ကြည့်ပြီး မကြာခင် နောက်မယ်ပြိုင်ပွဲတစ်ခု ပေါ်လာပြန်သည်။ မယ်ပြိုင်ပွဲများ များများကျင်းပသည်မှာ ကောင်းမွန်ပါသည်။ မယ်မြန်မာများ လှပကြောင်း ကမ္ဘာသို့ ထုတ်ဖော်ကြွားဝါနိုင်ပါသည်။ သို့သော် ယခုမှ ရုန်းထရန် ကြိုးစားဆဲအဆင့် တိုင်းပြည်၏ ပုံရိပ်ကို မစွန်းထင်းရန် အထူးလိုအပ်နေချိန်ဖြစ်သည်။ မယ်မြန်မာများတွင် ယင်းတာဝန်က တွဲလျက်ပါရှိနေပါသည်။ 

အဖြစ်လောက် ပရဟိတလုပ်ရုံနှင့်မပြီး၊ တိုင်းပြည် ဂုဏ်ရှိန်ထိန်းဖို့ပါ တာဝန်ရှိနေသည်။ အနိမ့်ဆုံး မထိန်းနိုင်တောင် ကိုယ့်ကြောင့် နိုင်ငံ့ဂုဏ်ရည် မကျသင့်ပါ။ မယ်ပြိုင်ပွဲ၊ ဈေးပွဲတော်၊ အလုပ်အကိုင်ပြပွဲ၊ သီချင်းဆို ပြိုင်ပွဲစသဖြင့် မြန်မာများက အတုခိုးပြီး တစ်ယောက်လုပ်၍ အောင်မြင်လျှင် နောက်က လိုက်လုပ်ကြသည်။ ဈေးကွက်စီးပွားရေးနှင့် တန်းတူညီအခွင့်အရေး တောင်းဆိုသော ခေတ်တွင်
နိုင်ငံသားတိုင်းမှာ မျှတသော အခွင့်အရေး ရှိသင့်ပါသည်။ လူတိုင်းအတွက် မလုပ်နိုင်သော (၀ါ) လုပ်ခွင့်မရှိသော အလုပ်မရှိပါ၊ မရှိသင့်ပါ။ တစ်ခုပဲရှိပါသည်၊ တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာကို ကျဆင်းစေမည့် အလုပ်မျိုးကိုတော့ မလုပ်သင့်ဟု မဇ်္ဈိမက ယုံကြည်သည်။ ထိုယုံကြည်ချက်မှာ မေမြတ်နိုးတစ်ယောက်ကိုသာမဆိုလို၊ နိုင်ငံ့ဂုဏ်ကို အမှန်တကယ် ဆောင်ကြမည့် မယ်မြန်မာများကို မဆိုလိုပါ။ ဤစာဖတ်သူအပါအ၀င် နိုင်ငံသားတိုင်းကို တည့်တည့်ဆိုပါသည်။

0 comments:

Post a Comment