ဆီဒိုနားဟိုတယ်အနီး မီးပွိုင့်တွင် ယာဉ်ခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွား


ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဆီဒိုနားဟိုတယ်အနီး မီးပွိုင့်တွင် စက်တင်ဘာ ၃ ရက် ည ၁ဝ နာရီခွဲခန့်က ယာဉ်ခြောက်စီး ဆင့်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မီးပွိုင့်နီသဖြင့် ရပ်ထားသည့် အိမ်စီးယာဉ်သုံးစီး၊ တက္ကစီယာဉ်တစ်စီးနှင့် လိုက်ထရပ်ယာဉ်တစ်စီးတို့ကို အရှိန်မထိန်းနိုင်သည့် ပရိုဘောက်ယာဉ်တစ်စီးမှ မီးပွိုင့်အရောက်တွင် နောက်မှဝင်တိုက်ခဲ့ပြီး ယာဉ်ခြောက်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယာဉ်တိုက်မှုဖြစ်စဉ်၌ ပါဝင်ခဲ့သည့် ယာဉ်မောင်းများထံမှ သိရသည်။

“ကားတွေက မီးပွိုင့်မိလို့ရပ်ထားတာပါ။ ဦးကားမှာပါတဲ့ ခရီးသည်ကနောက်မှာ တိုက်ကုန်ကျဘီလို့ ပြောတုန်းရှိသေးတယ်။ ဦးကားလည်း ဝုန်းဆိုအတိုက်ခံလိုက်ရပြီး ရှေ့ကအိမ်စီးကားနှစ်စီးကို ဝင်ဆောင့်တယ်။ ပထမဆုံးဝင်တိုက်တဲ့ ပရိုဘောက်ကားက အရှိန်တော်တော် များပုံရတယ်” ဟု တက္ကစီယာဉ်မောင်း ဦးရွှေကိုကThe Daily Elevenသတင်းစာသို့ ပြောကြားသည်။

အဆိုပါယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိဘဲ အရှိန်မထိန်းနိုင်သည့် ပရိုဘောက်ကားယာဉ်မောင်းကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပရိုဘောက်ယာဉ်ကို သက်ဆိုင်ရာက သိမ်းဆည်းထားမည်ဖြစ်ကြောင်း မီးပွိုင့်ရှိ တာဝန်ကျ ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။

“မီးပွိုင့်နီလို့ ကားတွေရပ်ထားတာကို ဒီအတိုင်းအရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားတာပါ” ဟု ပရိုဘောက်ယာဉ်မောင်းဖြစ်သူက ပြောကြားသည်။
Eleven

0 comments:

Post a Comment