တူရကီနိုင်ငံအရှေ့မြောက်ပိုင်းတွင် လယ်သမားတစ်ဦးက ရှားပါးသည့် ဦးခေါင်းနှစ်လုံးပါသည့် မြွေတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း 
ဘီဘီစီ သတင်းတွင် မကြာသေးမီက ဖော်ပြသည်။

ယင်းသတ္တဝါကို ပင်လယ်နက်ကမ်းရိုးတန်းပြည်နယ် ဂီရိဆန်တွင် တွေ့ရှိခဲ့ပြီး ယခုအခါ နိုင်ငံအနောက်တောင်ဘက်ကမ်းခြေရှိ အန်တောလ်ယာမြို့မှ တွားသွားသတ္တဝါများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတွင် သီးခြားခွဲ၍ ထားရှိသည်ဟု တားကစ်ရှ်နေ့စဉ်သတင်းစာ ရာဒီကောလ်က ဖော်ပြသည်။

စောင့်ရှောက်ရေးတာဝန်ခံအော့ဇ်ဂွါက ယင်းမြွေကို ယင်း၏ ပုံပန်းသဏ္ဌာန်ကြောင့် အချိန်ပြည့်စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောသည်။

ဦးခေါင်းနှစ်လုံးပါသော မြွေသည် သာမန်မြွေများထက် လည်ပင်းသေးငယ်ကြောင်း၊ မြွေသတ္တဝါသည် သားကောင်ကို အကောင်လိုက်မျိုချပြီးမှ အစာချေခြင်းဖြစ်ကြောင်း၊ မြွေကို အသားတုံးကြီးကြီးကျွေးလျှင် အသက်ရှူကျပ်တတ်ကြောင်း၊ ထို့ကြောင့် အသားတုံးငယ်ငယ်များ ကျွေးရကြောင်း ၎င်းက ပြောသည်။

ယင်းမြွေငယ်သည် လျင်မြန်စွာ လှုပ်ရှားသွားလာ၍ ခန္ဓာကိုယ် သေးငယ်သော ကိုလူဘားမျိုးနွယ် ဖြစ်ဖွယ်ရာ ရှိသည်ဟုဆိုသည်။ အန်တောလ်ယာ အကွာရီယံ တွားသွားသတ္တဝါများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတွင် တာဝန်ထမ်းဆောင်သူ ကူနီယက်အဲလ်ဂူပင်က ဦးခေါင်းနှစ်လုံးပါသော မြွေမှာ ရှားပါးကြောင်း၊ နိုင်ရာစားတောကြီးထဲတွင် အသက်ရှင်သန်လွတ်မြောက်ရေးမှာ မလွယ်ကူကြောင်း၊ ဦးခေါင်းနှစ်လုံးကြောင့် အဓိကရှုံးနိမ့်ရခြင်းဖြစ်ကြောင်း၊ ဦးခေါင်းနှစ်လုံးက တောကောင်ကြီးများ၏ အာရုံစိုက်မှုကို ခံရသဖြင့် တိုက်ခိုက်ခြင်းခံရသည့်အခါ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ဒုက္ခရောက်ရကြောင်း ပြောသည်။ ရက်သတ္တနှစ်ပတ်သားမျှသာရှိသေးသော ယင်းမြွေသည် လအနည်းငယ်အတွင်း ၈ လက်မအထိ ရှည်လျားလာမည်ဟု မျှော်လင့်ရကြောင်း အဲလ်ဂူပင်က ပြောသည်။

ဘီဘီစီ။

0 comments:

Post a Comment