ဒီကနေ့ ကန်မယ့် မြန်မာနှင့် ယူအေအီး အသင်းတို့ U- 19 ကွာတား ဖိုင်နယ် ပွဲစဉ်အတွက် အိမ်ရှင် မြန်မာပရိသတ်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ( Myanmar Football Federation ) အခုလို အဖွဲ့ချုပ် facebook စာမျက်နှာပေါ်မှာ မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။
မြန်မာ့ ဘောလုံးချစ် ပရိသတ်များသို့ အထူးမေတ္တာ ရပ်ခံခြင်း
ရန်ကုန်နှင့် နေပြည်တော် မြို့ကြီးများတွင် အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပလျက် ရှိသည့် AFC U19
Championship Myanmar 2014 ပြိုင်ပွဲကြီးသည် အာရှအဆင့် နိုင်ငံတကာ ပြိုင်ပွဲကြီး ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံ ကျင်းပနိုင်ခြင်းသည် မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာ တစ်ရပ်လည်းဖြစ်ပါသည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပွဲအချို့တွင် ဖြစ်ပွားခဲ့သော မလိုလား အပ်သည့် အားပေးမှု ပုံစံများကြောင့် နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရ သည့် ဖြစ်ရပ်များကိုလည်း အများသိကြပြီးဖြစ်ပါသည်။
ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု ပွဲစဉ်အပြီးတွင် ခုံများ ရိုက်ချိုးခြင်း၊ ဂျာစီအကျီ င်္များ မီးရှို့ခြင်း၊ ခဲများ ရေသန့်ဗူးများဖြင့် ပစ်ပေါက်ခြင်း စသည့် ဖြစ်ရပ်များကြောင့် မြန်မာတို့၏ ဘောလုံးသည် ရုပ်ဆိုးအကျည်းတန် ခဲ့ရဖူးသည်။
အလားတူ အိုမန်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း မလိုလားအပ်သည့် အပြုအမူများကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)မှ မြန်မာ့ လက်ရွေးစင် အသင်းအား ခြေစစ်ပွဲကစားခွင့် ပိတ်ပင်ခြင်း၊ ဒဏ်ငွေများ ချမှတ်ခြင်း စသည့် အရေးယူ အပြစ်ပေးမှုများကို ဂုဏ်သိက္ခာကျဆင်းစရာ အဖြစ် ခံခဲ့ရဖူးသည်မှာလည်း ပရိသတ်များ အားလုံး သိရှိပြီး ဖြစ်ပါသည်။
ကျင်းပလျက် ရှိသည့် AFC U19 Championship Myanmar 2014 ပြိုင်ပွဲတွင်လည်း ပရိသတ်များ မြန်မာ ယူ၁၉ အသင်းကို လေးလေးနက်နက် ကွင်းပြည့်နီးပါး လာရောက်အားပေး ခဲ့ကြသည့်အတွက် မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
ကွင်းအတွင်း ပရိသတ် အများစုမှာ စည်းကမ်းတကျ အားပေးခဲ့ကြသည့် အပြင် မိမိတို့ ပရိသတ် အချင်းချင်းလည်း စည်းရုံး ပညာပေးခြင်းဖြင့် ၀ိုင်းဝန်းကူညီခဲ့ကြသည်ကို သိရှိခဲ့ရသည့် အတွက်လည်း ၀မ်းသာခဲ့ရပါသည်။
သို့သော် မြန်မာအသင်း ကွာတားဖိုင်နယ် တက်ခဲ့သော်လည်း အီရန်ကို အရေးနိမ့်ခဲ့သည့် အတွက် ထိုပွဲတွင် လူနည်းစု ပရိသတ် အချို့ ကွင်းအတွင်း ယခင်ပုံစံများ ကဲ့သို့ မလိုလား အပ်သော အားပေးမှု ရှိနေသေးသည်ကို ၀မ်းနည်းဖွယ် တွေ့မြင် ခဲ့ရပါသည်။။
လာမည့် မြန်မာနှင့် ယူအေအီး အသင်းတို့ ကွာတား ဖိုင်နယ် ပွဲစဉ်သည် မြန်မာ့ ဘောလုံး လောကနှင့် တိုင်းပြည် ဂုဏ်သိက္ခာအတွက် အထူး အရေးကြီးသည့် ပွဲစဉ်တစ်ပွဲ ဖြစ်ပါသည်။
မြန်မာ ယူ၁၉ အသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်သည်နှင့် ၂၀၁၅ ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ၀င်ခွင့်ရမည် ဖြစ်ရာ မိမိတို့ အားလုံးအတွက် လွန်စွာ အရေးကြီးသော ပွဲစဉ် ဖြစ်ပါသည်။
ထိုပွဲတွင် မည်သည့် ရလဒ် ထွက်ပေါ်ပါစေ မြန်မာနိုင်ငံသည် အိမ်ရှင် ပီသသော နိုင်ငံ အဖြစ်လည်းကောင်း၊ မြန်မာ ပရိသတ်များသည် လေးစားစရာ ချစ်ခင်စရာကောင်းသည့် ပရိသတ်များ အဖြစ်လည်းကောင်း ကမ္ဘာက သိစေရန် အတွက် ပရိသတ်များ အားလုံးက စည်းကမ်းတကျ အားပေးခြင်းဖြင့် တစ်ထောင့်တစ်နေရာမှ ၀ိုင်းဝန်း ကူညီပံ့ပိုးပေးကြပါရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အထူးမေတ္တာ ရပ်ခံပါသည်။
irrawaddy

Yangon
0 comments:
Post a Comment