အမ်အာရ်ဂျေ အမျိုးအစားလေယာဉ် မစ်ဆူဘီရှီ စတင်ထုတ်လုပ်တော့မည်


ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် ဒီဇိုင်းပုံစံထုတ် တည်ဆောက်သည့် အမ်အာရ်ဂျေအမျိုးအစား ခရီးသည်တင် ဂျက်လေယာဉ် စတင်ထုတ်လုပ်မှု အခမ်းအနားကို နိုင်ငံအလယ်ပိုင်းနာဂိုယာမြို့ရှိ မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းစက်ရုံ၌ အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက သတင်းထုတ်ပြန်သည်။

အမ်အာရ်ဂျေ အမျိုးအစား ဂျက်လေယာဉ်သည် တာတိုနှင့်တာလတ်ပျံသန်းနိုင်သည့် လေယာဉ်ဖြစ်ပြီး တာဘိုဖန်အင်ဂျင် အသုံးပြုကာ မစ်ဆူဘီရှီဒေသသုံး ဂျက်လေယာဉ်(အမ်အာရ်ဂျေ)ဟု အမည်ပေးထားသည်။ အမ်အာရ်ဂျေလေယာဉ်သည် လောင်စာဆီစား သက်သာပြီး အလေးချိန်အရ ပေါ့ပါးသည့် ကာဘွန်-ဖိုင်ဘာကွန်ပိုစစ်ကို အသုံးပြုကာ တည်ဆောက်ထားသည်။

မစ်ဆူဘီရှီ ကုမ္ပဏီ၏ အမ်အာရ်ဂျေ-၉ဝ အမျိုးအစား ဂျက်လေယာဉ်သည် ထိုင်ခုံ ၈၈ လုံး၊ အမ်အာရ်ဂျေ-၇ဝ အမျိုးအစား ဂျက်လေယာဉ် ထိုင်ခုံ ၇၆ လုံး၊ အမ်အာရ်ဂျေ-၁ဝဝ အမျိုးအစား ဂျက်လေယာဉ်သည် ထိုင်ခုံ ၁ဝဝ ပါဝင်မည်ဖြစ်ကြောင်း သတင်းကြေညာချက်တွင် ဖော်ပြသည်။

လာမည့်နှစ် ဒုတိယနှစ်ဝက်တာ ကာလအတွင်း ပထမဆုံးအကြိမ် ခရီးစဉ် ပျံသန်းနိုင်မည်ဟု မျှော်လင့်ရသည်။ နာရီပေါင်း ၂၅ဝဝ ကြာမျှ စမ်းသပ်ပျံသန်းမှု ပြုလုပ်သွားရန် ကုမ္ပဏီက စီစဉ်ထားသည်။ ကျိုဒို။

The Mirror Daily

0 comments:

Post a Comment