ဥရောပ-အာရှ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ကို မီလန်မြို့၌ ဆန္ဒပြ

အောက်တိုဘာ ၁၆ ရက် ASEM ထိပ်သီးဆွေးနွေးပွဲ ပထမနေ့တွင် မီလန်မြို့၌ ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ကို ချီတက်ဆန္ဒပြနေကြသူများ
မေလတွင် စစ်အာဏာသိမ်းမှုပြုလုပ်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ သည် အောက်တိုဘာ ၁၆ ရက်တွင် သူ့အား ဆူဆူညံညံဆန္ဒပြနေမှုများအကြား ကမ္ဘာ့ခေါင်းဆောင်များနှင့် တိတ်တဆိတ် ပူးပေါင်းခဲ့ရကြောင်း သိရသည်။ ပရာယွတ်သည် သူ၏ ပထမဆုံး ကမ္ဘာ့နိုင်ငံရေးစင်မြင့်ပေါ် ထွက်ရပ်ပြမှုအဖြစ် ဥရောပနှင့် အာရှခေါင်းဆောင်များတွေ့ဆုံသည့် ASEM ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် အီတလီနိုင်ငံ မီလန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ရွေးကောက်ပွဲဖြင့် တက်လာသည့် အစိုးရကို ဖြုတ်ချကာ စစ်အာဏာသိမ်းခဲ့မှုနှင့် နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို နှိပ်ကွပ်ခဲ့မှုတို့ကို ဆန့်ကျင်သောအားဖြင့် ဥရောပသမဂ္ဂက ထိုင်းနိုင်ငံနှင့် တရားဝင် အဆက်အသွယ်ပြုလုပ်မှုကို ဆိုင်းငံ့ထားသော်လည်း ပရာယွတ်ကို ASEM ထိပ်သီး ဆွေးနွေးပွဲသို့ ဖိတ်ကြားခဲ့သည်။ ASEM ထိပ်သီးဆွေးနွေးပွဲကို ၁၉၉၆ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင်ပြုလုပ်ခဲ့ပြီး ယခု မီလန်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲသည် ဒသမအကြိမ်မြောက် ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲသို့ ရောက်ရှိလာချိန်တွင် ပရာယွတ် (၆ဝ နှစ်)သည် ကင်မရာများအား ကြည့်လျက် ပြုံးရယ်ကာ လက်ဝှေ့ယမ်းပြသော်လည်း မေးခွန်းများစွာကို အော်ဟစ်မေးမြန်းနေသော သတင်းထောက်များအား တစ်စုံတစ်ရာတုံ့ပြန်ပြောကြားမှု မရှိခဲ့ပေ။


အောက်တိုဘာ ၁၆ ရက်က ASEM ထိပ်သီးဆွေးနွေးပွဲ ပထမနေ့တွင် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်အား မီလန်မြို့၌ ဆန္ဒပြနေကြစဉ်

မီလန်မြို့တစ်လွှားတွင် ရာပေါင်းများစွာသော ကျောင်းသားများနှင့် ပြည်ပရောက် ထိုင်းနိုင်ငံသားများသည် “ပရာယွတ်ဟာ ရာဇဝတ်ကောင်တစ်ဦးဖြစ်တယ်”ဟူသော ပိုစတာများကို ကိုင်ဆောင်လျက် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲများဖြစ်ပေါ်အောင် စည်းရုံးလှုပ်ရှားရာတွင် ပါဝင်ခဲ့သော ပြည်ပရောက် ထိုင်းနိုင်ငံသူတစ်ဦးဖြစ်သည့် ဂျန်ယာယင်ပရာဆတ်က ယခုလှုပ်ရှားမှုသည် စစ်အစိုးရအနေဖြင့် အခြေခံလွတ်လပ်ခွင့်များ ပြန်လည်ထိန်းသိမ်းစေရန် ဖိအားပေးသည့် နိုင်ငံတကာလှုပ်ရှားမှုတစ်ရပ်၏ အစဖြစ်ရန် မျှော်လင့်မိပါကြောင်း ပြောကြားခဲ့သည်။ သူက “ဒီနေ့ ဒီနေရာမှာ ကျွန်မတို့ လူသိပ်အများကြီးတော့ မစုမိပါဘူး။ ဒါပေမဲ့ နောက်ထပ် လူပေါင်းများစွာ ကျွန်မတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနေပါတယ်။ ထိုင်းနိုင်ငံက လူတွေလည်း စောင့်ကြည့်နေကြတယ်ဆိုတာ ကျွန်မတို့သိပါတယ်။ ဒီလိုလူမျိုးကို ဥရောပက မကြိုဆိုသင့်ပါဘူး”ဟုလည်း အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ယင်ပရာဆတ်က အနောက်တိုင်းအစိုးရများအနေဖြင့် ပရာယွတ်ကို တရားဝင်ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံပြီး လှည့်စားမှုမခံသင့်ကြောင်း ပြောကြားခဲ့သည်။ ပရာယွတ်သည် ထိုင်းနိုင်ငံတွင် ခြစားမှုတိုက်ဖျက်ပြီး ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ပြီးမှသာ ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ပြောကြားထားသည်။
EMG

0 comments:

Post a Comment