iPad ထုတ်ကုန်သစ် နှစ်မျိုးနှင့် Retina 5K iMac ကို Apple မိတ်ဆက်



ကြာသပတေးနေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုမြို့တွင် ကျင်းပခဲ့သော ပွဲတစ်ခု၌ Apple က iPad ထုတ်ကုန်သစ် နှစ်မျိုးနှင့် Retina display ပါဝင်သည့် ၂၇ လက်မ iMac တို့ကို မိတ်ဆက်ပေးခဲ့သည်။


မိနစ် ၉၀ ကြာ ကျင်းပခဲ့သည့် အဆိုပါပွဲတွင် Apple အမှုဆောင် အရာရှိချုပ် တင်မ်ကွတ်ခ်က Apple ၏ ငွေပေးချေစနစ်သစ် ဖြစ်သော Apple Pay ကို တနင်္လာနေ့မှ စတင် အသုံးပြုနိုင်မည်ဟု ဆိုခဲ့သည်။ Apple Pay ကို American Express, Visa နှင့် Walgreens တို့အပါအဝင် လုပ်ငန်းပေါင်း ၅၀၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း သိရသည်။ ထို့အပြင် Apple Watch စမတ်နာရီကိုလည်း လာမည့်နှစ် အစောပိုင်းတွင် ရောင်းချမည်ဟု တင်မ်ကွတ်ခ်က ပြောကြားခဲ့သည်။

Apple မှ မိတ်ဆက်ပေးခဲ့သည့် iPad ထုတ်ကုန်သစ် နှစ်မျိုးမှာ iPad Air 2 နှင့် iPad mini 3 တို့ဖြစ်သည်။ ခဲတံတစ်ချောင်း၏ အထူသာ ရှိသော iPad Air 2 ကို ၄၉၉ ဒေါ်လာဖြင့် လည်းကောင်း၊ iPad mini 3 ကို ၃၉၉ ဒေါ်လာဖြင့် လည်းကောင်း ရောင်းချမည် ဖြစ်သည်။

အဆိုပါ iPad သစ်များတွင် Touch ID လက်ဗွေဖတ်စနစ် ပါဝင်လာသော်လည်း NFC မပါဝင်လာပေ။ ၎င်းတွင် Retina display သစ်နှင့်အတူ A8 ထက် သုံးဆပိုမို လျင်မြန်သည့် A8X ချစ်ပ်သစ်ကို အသုံးပြုထားသည်။ M8 motion coprocessor သစ် ပါဝင်လာပြီး လျင်မြန်သည့် Wi-Fi ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာမှာ 8MP resolution ဖြစ်ပြီး 1.12 micron pixels, f2.4 aperture နှင့် 1080p ဗီဒီယိုဖြင့် ရိုက်ကူးနိုင်သည်။ ၎င်းကင်မရာကို burst shooting, time lapse နှင့် slo-mo ဖြင့် ရိုက်ကူးနိုင်သည်။ FaceTime ကင်မရာကလည်း မျက်နှာသိမှတ်မှုကို အကောင်းဆုံး ပြုလုပ်နိုင်ပြီး burst selfie ဖြင့်လည်း ရိုက်ကူးနိုင်သည်။ အဆိုပါ iPad များကို ရွှေရောင် အမျိုးအစားဖြင့်လည်း ရရှိနိုင်သည်။

iMac သစ်တွင် Apple က Retina 5K ဟုခေါ်သော 5,120 x 2,880 pixels resolution ဖြင့် ဖော်ပြပေးနိုင်သည့် Retina display ကို အသုံးပြုထားသည်။ AMD Radon R9 ကို အသုံးပြုထားပြီး ဓာတ်ပုံနှင့် ဗီဒီယို တည်းဖြတ်ခြင်းကို အကောင်းဆုံး ဆောင်ရွက်နိုင်စေမည် ဖြစ်သည်။ Thunderbolt 2 ကိုလည်း ထောက်ပံ့ပေးထားပြီး တန်ဖိုးမှာ ဒေါ်လာ ၂,၅၀၀ ဖြစ်သည်။

Ref: CNET

0 comments:

Post a Comment