ကန်စွန်းရွက်အစွမ်း


ကျွန်ပ်တို့မြန်မာနိုင်ငံတွင် ကန်စွန်းရွက်သည် အလွယ်တကူဝယ်ယူရရှိနိုင်ပြီး လူအများစု စားသုံးကြသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ငယ်စဉ် ကတည်းကစ၍ ကန်စွန်းရွက်သည် အဆိပ်ဖြေနိုင်စွမ်းရှိသည်ဟု လူကြီးများ ပြောခြင်းကို ကြားဖူးခဲ့သည်။ မှန်ပါသည်။ ကန်စွန်းရွက်သည် အဆိပ်ဖြေနိုင်ရုံ သာမက တခြား ထူးခြားသည့် အစွမ်းသတ္တိများ များစွာရှိသည်။ ကန်စွန်းရွက် သည် ဓာတ်သဘောအရ သာမာန်ဖြစ်၏။ အရသာမှာချို၏။ အေးသောဓာတ်ကို လည်း ပိုင်ဆိုင်ထားသေးသည်။ ခန္ဓာကိုယ်ထဲရှိ အန္တရာယ် ဖြစ်စေမည့် အရာများကို ဖယ်ရှားစေပြီး အရိုးကို ကျန်းမာစေသည်။ ကင်ဆာကို ကြိုတင် ကာကွယ်နိုင်စွမ်းရှိသည်။

စားသုံးသင့်သူများ

အသက်ကြီးငယ်မရွေး စားသုံးရန် သင့်လျော်ပါသည်။ ၄င်းအပြင် သွေးတိုးနှင့် ဆီးချိုရောဂါရှိသူများ ၊ လိပ်ခေါင်းရောဂါရှိသူများ ၊ ၀မ်းချုပ်သူများ ပိုမိုစားသုံး သင့်ပါသည်။

မစားသုံးသင့်သူများ

သွေးကျတတ်သူ၊ သရက်ရွက်နှင့် အစာအိမ်အေးသူများ ကန်စွန်းရွက်ကို စားသုံးရန်မသင့်ပါ။

ကန်စွန်းရွက်တွင် ပါဝင်သောဓာတ်များ

ကန်စွန်းရွက်တွင် ပရိုတင်းဓာတ်၊ ကယ်ရိုတင်းဓာတ်၊ သကြားဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ဆယ်လူလို့စ်ဓာတ် ၁၀၀ ဂရမ်၊ ဗီတာမင်A ဓာတ် ၁၀၀ ဂရမ်၊ ဗီတာမင် C၊ ဗီတာမင် K၊ ခယ်လီယမ်ဓာတ် ၁၁၀ ဂရမ်၊ ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်၊ ဆိုဒီယမ်တို့ပြည့်ဝစွာ ပါဝင်ပါသည်။

ကန်စွန်းရွက်ဝယ်ရာတွင်

ကန်စွန်းရွက်ဝယ်ရာတွင် လတ်ဆတ်သော၊ အနာအဆာကင်းသော၊ အရွက်များ ပိုးမကိုက်ထားသော ကန်စွန်းရွက်ကိုဝယ်ပါ။ အရိုး၊အရွက်နုလျင် ပိုကောင်းသည်။

ကန်စွန်းရွက်အသုံးပြုပုံ

ကန်စွန်းရွက်များကို အသုံးပြုမည်ဆိုလျှင် ရေ သေချာစွာဆေးရန် လိုအပ်သည်။ ကန်စွန်းရွက်ကို ကြော်ခြင်း၊ ချက်ခြင်း၊ ပြုတ်စားခြင်း၊ ဟင်းချိုပြုလုပ်ခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်သည်။
မည့်သို့သောပုံစံမျိုးဖြင့် အသုံးပြုသည်ဖြစ်စေ ကန်စွန်းရွက်၏ မူလအစိမ်းရောင် ပျောက်မသွားစေရန် အရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ချက်ပြုတ်မည်ဆိုပါက အချိန်အကြာကြီး ကန်စွန်းရွက်ကို ချက်ပြုတ်ရန်မသင့်ပါ။ မူလအရောင် ပျောက်သွားမည်ဆိုပါက ကန်စွန်းရွက်တွင်ပါဝင်သော ဗီတာမင်များ ပျောက်ဆုံး သွားမည်ဖြစ်သည်။

ကန်စွန်းရွက်၏ ကောင်းကျိုးများ

ကန်စွန်းရွက်သည် ခန္ဓာကိုယ်ထဲရှိ အဆိပ်များကို ဖြေပေးနိုင်၊ ဖယ်ရှားပေး နိုင်သည်။ လူများသည် ပင်လယ်စာနှင့် အသားများစားခြင်းကြောင့် ခန္ဓာကိုယ်ထဲတွင် အဆိပ်များရောက်ရှိသွားနိုင်သည်။ ကန်စွန်းရွက်ထဲတွင် ဆယ်လူကို့စ် ပြည့်ဝစွာပါခြင်းကြောင့် အူမကြီးလမ်းကြောင်းအတွင်းရှိ ပိုးမွှားများ၊ အဆိပ်များကို အဓိက ဖယ်ရှားပေးနိုင်သည်။ ထိုအခါ အူမကြီးအား ပြန်ကောင်း လာသည့်အတွက် ၀မ်းသွားရလွယ်ကူစေသော ကောင်းကျိုးပေးသည်။ ၀မ်းချုပ်သူများ အမြဲစားပေးသင့်သည်။ ကိုလက်စထရောကိုလည်း ကျဆင်းစေ သည်။ အဘယ့်ကြောင့်ဆိုသော် ဗီတာမင် C ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ ဗီတာမင် C ကြောင့် နှလုံးသွေးကြောနှင့် အရေပြားကို ကာကွယ်ထိန်းသိမ်း ပေးသည်။ အဆီကျစေသည်။ ကန်စွန်းရွက်ကို အဆီချချင်သူများ စားပေးသင့်သည်။

ကန်စွန်းရွက်ထဲတွင်ပါဝင်သော ဗီတာမင် A နှင့် ကာဗိုဟိုက်ဒရိတ်ကြောင့် မျက်လုံးကို ထိန်းသိမ်းကာကွယ်ပေးသည်။ အချိန်အကြာကြီး မျက်လုံးအသုံးပြု နေရသူ၊ ကွန်ပျူတာ အမြဲအသုံးပြနေရသူတို့ အမြဲတမ်း စားသုံးပေးသင့်သည်။ ဗီတာမင်A ကြောင့် ခန္ဓာကိုယ်ထဲ ရှိ သွေးကြောဆဲလ်များအတွင်း ကင်ဆာပိုးကို သေအောင် သတ်ပေးနိုင်သည်။ ထို့ကြောင့် ကန်စွန်းရွက်သည် အအေးမိခြင်းနှင့် ကင်ဆာကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ကန်စွန်းရွက်ထဲတွင် ပါဝင်သော ခယ်လီယမ်ဓာတ်သည် ပမာဏမြင့်များစွာ ပါဝင်သောကြောင့် သွေးဖိအားကို ကျဆင်းစေသည်။ သွေးတိုးရှိသူများ ပို၍စားသုံး ပေးသင့်သည်။ သွေးကျတတ်သူများ မစားသုံးရ။ အဘယ့်ကြောင့်ဆိုသော် သွေးကျတတ်သူများ ခေါင်းမူးစေရန် ပိုမိုလွယ်ကူစေသောကြောင့် ဖြစ်သည်။ ခယ်လီယမ်ဓာတ်သည်
သွေးရည်ထဲရှိ အယ်ကာလီကို ထိန်းသိမ်းပေးနိုင်သည်။ ၄င်းအပြင်
အပူကို ဖယ်ရှားပေးသည်။ဆီးသွားခြင်းအတွက် ကောင်းကျိုး
ပေးနိုင်သည်။ ကန်စွန်းရွက်တွင် ပါဝင်သော ဗီတာမင် K နှင့် ကယ်လ်ဆီယမ်ကြောင့် အရိုး ကျန်းမာစေရန် ပြုလုပ်ပေးနိုင်သည်။

ကန်စွန်းရွက်သည် ချောင်းဆိုးရောဂါကို ကောင်းမွန်အောင်ပြုပြင်ပေး
နိုင်သည်။ အသက်ရှူလမ်းကြောင်းပေါ်ရှိ ဆဲလ်များကို ပြုပြင် ကာကွယ်ပေးသည်။ အသိဥာဏ်ကို ဖွံ့ဖြိုးတိုးတက်စေသည်။

ကန်စွန်းရွက်နှင့် တွဲဖက်စားရန်

(၁) ကန်စွန်းရွက်၊ ကြက်ခြေထောက်ကြော်

ကြက်ခြေထောက်ထဲတွင် ကော်စေးအမျှင်ဓာတ်၊ ပရိုတင်းဓာတ်ပါဝင်သည်။ ကန်စွန်းရွက်ထဲတွင် ဆယ်လူလို့စ် ပမာဏကြီးစွာ ပါဝင်သည်။ ကန်စွန်းရွက်နှင့် ကြက်ခြေထောက်ကို တွဲ၍ ကြော်စားပါက ခန္ဓာကိုယ်အတွင်း အပူကို ရှင်းပေးနိုင်သည်။ အဆိပ်ဖြေပေးသည်။ ဆီးသွားခြင်းအတွက် ကောင်းကျိုးကို ပေးနိုင်သည်။

(၂) မုန်လာဥ၊ ကန်စွန်းရွက်ဖျော်ရည်

မုန်လာဥနှင့် ကန်စွန်းရွက်ကို အတူတွဲကြိတ်၊ ပျားရည် အနည်းငယ် ထည့်ဖျော် ပေးပါ။ ထိုဖျော်ရည်ကိုသောက်ပါက အဆုတ်ကို ကုသပေးသည်။ နှာခေါင်းသွေး ထွက်ခြင်းရောဂါကို ပျောက်စေသည်။

(၃) ကန်စွန်းရွက်၊ငရုတ်သီးကြော်

ကန်စွန်းရွက်ထဲတွင် ဗီတာမင် A ပြည့်ဝစွာ ပါဝင်သည်။ ငရုတ်သီးထဲတွင် ဗီတာမင် E ပါဝင်သည်။ ကန်စွန်းရွက်နှင့် ငရုတ်သီးကို တွဲဖက်ကြော်စားလျှင် ဗီတာမင် A ကို ပိုမိုမြင့်မားလာစေသည်။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးအောင် ကူညီပေးနိုင်သည်။ ကင်ဆာရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေသည်။

(၄) ကန်စွန်းရွက်၊ မှိုမွှေး

ကန်စွန်းရွက်ထဲတွင် ဗီတာမင် A ပါဝင်သည်။ မှိုမွှေးထဲတွင် ဗီတာမင်D ပါသည်။ ထိုနှစ်ခုတွဲစားလျှင် မျက်လုံးကို ထိန်းသိမ်းကာကွယ်ပေးသည်။ အအေးမိခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေသည်။

ကန်စွန်းရွက်နှင့်တွဲမစားရန်

(၁) ကန်စွန်းရွက်နှင့်ကင်းမွန်
ကန်စွန်းရွက်နှင့်ကင်းမွန်ကို တွဲမစားသင့်ပါ။ တွဲစားမိပါက အစာမကြေခြင်းကို ဖြစ်စေတတ်ပါသည်။

(၂) ကန်စွန်းရွက်နှင့် နွားနို့၊ဒိန်ချဉ်

ကန်စွန်းရွက်နှင့် နွားနို့၊ဒိန်ချဉ် တွဲမစားသင့်ပါ။ ပါဝင်သောဓာတ်များအချင်းချင်း ဓာတ်ပြုကာ အကျိုးပြုမည့် ဓာတ်များ ပျက်စီးလျော့ကျစေနိုင်ပါသည်။

ကန်စွန်းရွက်ဟင်းလျာ

(၁) ကန်စွန်းရွက်အသုပ်

ပါဝင်ပစ္စည်း။ ။ ကန်စွန်းရွက် ၂၀၀ ဂရမ်၊ ကြက်သွန်ဖြူ အကြေထောင်းပြီးသား အနည်းငယ်၊ ဆီမွှေး သင့်လျော်သလောက်။ ဆားအနည်းငယ်။

ပြုလုပ်နည်း။ ။ ကန်စွန်းရွက်ကိုရေဆေးပါ။ လှီးဖြတ်၍ ရေနွေးဆူဆူတွင် ထည့်ကာ ခဏအတွင်း ပြန်ဆည်ထားပါ။ ၄င်းနောက် ကန်စွန်းရွက်ကို စားသုံးရန် အနေတော်အရွယ်လှီးပါ။ ၄င်းနောက် ကြက်သွန်ဖြူထောင်း၊ ဆားနှင့်ဆီမွှေး သင့်လျော်သလောက် ထည့်ကာ သုပ်ပါ။

ကောင်းကျိုး

ကန်စွန်းရွက်သုပ်သည် အပူကို ရှင်းပေးသည်၊ သွေးကို အေးစေသည်၊ ဆီးသွားခြင်းကို ကောင်းကျိုးပေးသည်။

မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် ဇီဝက ကျန်းမာရေးမဂ္ဂဇင်း စာအုပ်ပါ ယမုံအေး(စမ်းချောင်း)ရေးသားသည့် ဆောင်းပါးအား
ကောက်နုတ် ဖော်ပြပါသည်။

နည်းစနစ်တကျအတွေးအခေါ်

0 comments:

Post a Comment