ဗြိတိန်စုံတွဲသေဆုံးမှု မြန်မာနိုင်ငံသားနှစ်ဦး တရားခံ ဖြစ်နိုင်ချေမရှိဟု မျက်မြင်သက်သေများကို မေးမြန်းခဲ့သည့်ရှေ့နေပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနီခရိုင်အတွင်းရှိ လိပ်ကျွန်း (Koh Tao)တွင် ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှု၌ စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးမှာ တရားခံ ဖြစ်နိုင်ချေမရှိဟု မျက်မြင်သက်သေများကို သွားရောက်မေးမြန်းခဲ့သည့် ထိုင်းနိုင်ငံရောက်ရှိနေသော မြန်မာနိုင်ငံသားများ စောင့်ရှောက်ရေးကော်မတီအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။


ကမ္ဘာလှည့်ခရီးသည်စုံတွဲကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသော ကိုဝင်း(ဘယ်)နှင့် ကိုစော (ညာ)တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အီးပီအေ)

“ဒီမနက်(အောက်တိုဘာ ၇ရက်) ၁၀ နာရီကနေ ရောက်တာ။ မျက်မြင်သက်သေ ကျွန်တော်တို့ လိုချင်တဲ့လူတွေကို လိုက်ရှာပြီး မေးမြန်းနေတာပါ။ ၃ ဦးတော့ စစ်ဆေးပြီးပြီ။ အခုလောလောဆယ် တွေ့ရှိချက်တော့ ကလေးတွေရဲ့ ပြောဆိုချက်က ဒီအမှုက ဖြစ်နိုင်ခြေမရှိဘူးဆိုတဲ့ သုံးသပ်ချက်ကိုပဲ ကျွန်တော်သိနေရပါတယ်”ဟု သူက စစ်ဆေးမှုအပြီး မဇ္ဈိမကို ပြောသည်။

အောက်တိုဘာ ၇ရက် နေ့လည်ပိုင်းတွင် လိပ်ကျွန်းသို့ ရောက်ရှိပြီး စွပ်စွဲခံထားရသည့် ဝင်းဇော်ထွန်း၏ အကို ကိုနိုင်အပါအဝင် မြန်မာနိုင်ငံသား မျက်မြင်သက်သေ ၄ဦးကို မေးမြန်းနိုင်ခဲ့သည်ဟု ဆိုသည်။

မြန်မာသံရုံးမှ သံမှူးနှင့်အတူ ရှေ့နေများက အောက်တိုဘာလ ၆ ရက်တွင် လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးကို ထားရှိသော ကော့စမွေ အကျဉ်းထောင်သို့ သွားရောက်၍ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။
Mizzima

0 comments:

Post a Comment