''ကမ္ဘာကြီးသည် ရွာကြီး တစ်ခုလို'' ဆိုသည့် အတိုင်း သည်စကား လေးကို ကျွန်မ အလွန် သဘောကျ သည်။ ခေတ်မီ တိုးတက်နေသည့် ဒီဘက်ခေတ် တွင် အင်တာနက် ကြောင့် အရာရာ အချိန်နှင့် တစ်ပြေးညီ သိမြင်ကြ ရသည်။ အိုင်တီခေတ်မို့ ဆက်သွယ်ရေး နည်းပညာများ ကောင်းမွန်လှ သဖြင့် ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း အဖုံဖုံနှင့် လူမှု စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး မှစ၍ ဂီတ၊ အနုပညာ ဆိုင်ရာအထိ ကမ္ဘာနှင့် ယှဉ်၍ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားကြ ရသည်။ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာသော နည်းပညာများ နှင့်အတူ တစ်မျိုးပြီး တစ်မျိုး လှပစွာ တီထွင် ဆန်းသစ် လာကြသော လက်ကိုင်ဖုန်း လေးများ မှာလည်း (ဂလက်ဇီဝိုင်၊ အက်စ်ဖိုက်၊ အိုင်ဖုန်း၊ နုတ်သရီး) စသည်ဖြင့် တစ်မျိုးပြီး တစ်မျိုး၊ ဆန်းသထက် ဆန်း၊ လှသထက် လှပစွာ ပေါ်လျက် ရှိသည်။
နိုင်ငံတကာနှင့် အပြိုင် ကျွန်မတို့ နိုင်ငံမှာလည်း လက်ကိုင်ဖုန်း လေးများ (ဟန်းဆက်) ကို တန်ဖိုးကြီး ပေးကာ သူ့ထက်ငါ အပြိုင်အဆိုင် သုံးစွဲ လာကြသည်။ အရွယ်သုံးပါး မရွေး မိမိနိုင်သည့် အတိုင်းအတာ အထိ သုံးနေကြသည့် ခေတ်ဖြစ်သည်။ ပြိုင်ဆိုင်မှု တစ်ရပ် အနေဖြင့် သူ့ထက်ငါ သာအောင် လက်ဝယ် ကိုင်ဆောင် အသုံးပြု ကြသည်။
တန်ဖိုး ကြီးမားလှသည့် ပစ္စည်းကို သုံးစွဲခြင်းသည် အဆင့်မြင့်သည်။ အဆင့်မီသည်။ အရည်အသွေး မှန်ကန်သည် ဆိုသော် ငြားလည်း မနိုင်ဝန်ကို ထမ်းနေသော သူများအဖို့ မဆုံးသော လမ်းကို လေးလံသော ဝန်ထုပ်ဝန်ပိုး ထမ်းကာ လျှောက်လှမ်း နေရသည့် အတွက် စိတ်ဆင်းရဲ မှုသာ များပေ လိမ့်မည်။
နည်းပညာများ အံ့မခန်း တိုးတက် လာသည်နှင့် အမျှ တိုးတက်မှု အပိုင်းမှ ကြည့်လျှင် လွန်စွာ အကျိုးရှိ၍ အသုံးတည့် လှသည်။ သို့သော်လည်း လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ်၊ ကလေး ပါမကျန် သတိမထား မိကြသည့် အချက်မှာ ''သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး'' ဆိုသည့် စကားကဲ့သို့ပင် အချိန်တိုင်း ကွန်ပျူတာ၊ အိုင်ပက်၊ လက်ကိုင်ဖုန်း စသည်တို့ကို မျက်နှာနှင့် မခွာဘဲ နေတာမျိုး၊ အချိန်တိုင်း လိုလို နားကြပ်ကို နားမှာတပ်၍ သီချင်း နားထောင် နေတာမျိုး တို့သည် ကြာလာလျှင် ဦးနှောက် နှင့် မျက်စိ၊ နားတို့ကို အန္တရာယ် ပေးလာနိုင် ပေသည်။ ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင်လည်း ''တန်ဆေး လွန်ဘေး'' ဆိုသည့် စကားအတိုင်း ဘယ်အရာကို မဆို လွန်ကဲစွာ ပြုလျှင် ဘေးဖြစ် တတ်သည်။
ကျွန်မ မြင်တွေ့၊ ကြားသိသမျှ ပြောရမည် ဆိုလျှင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဈေး၊ ရှော့ပင်းမောလ် များ စသည့် နေရာတိုင်းနှင့် ကားမောင်းရင်း၊ ဆိုင်ကယ် မောင်းရင်း မှာပင် ဖုန်းကို လက်ကမချ တစ်ချိန်လုံး ပြောနေ ကြသည်။ အန္တရာယ်ကို လက်ယပ်ခေါ် သည်နှင့် အတူတူပင်။ ကျွန်မ၏ မိတ်ဆွေ လင်မယား နှစ်ယောက် လက်ဖက်ရည်ဆိုင် မှာထိုင်ရင်း တစ်ယောက်နှင့် တစ်ယောက်ကျောပေးကာ ဖုန်းကိုယ်စီ နှိပ်နေကြ၍ ဆိုင်ရှေ့တွင် ရပ်ထားသော မိမိတို့ ဆိုင်ကယ်အလစ်သုတ် ခံလိုက်ရ တာကိုပင် မသိလိုက် ကြပါ။ ဆိုင်ထဲရှိ လူအားလုံး ကလည်း ၁ဝ ယောက်မှာ ကိုးယောက်က ဖုန်းကိုယ်စီနှင့် ဈာန်ဝင် နှိပ်နေကြ၍ မသိလိုက်၊ မမြင်လိုက်ကြ ဟု ဆိုသည်။ ဒီတော့မှ ထိုလင်မယား ပြူးပြူး၊ ပျာပျာ ဖြစ်ကြ တော့သည်။
လူငယ်၊ လူရွယ်များ ပို၍ ဆိုးသည်။ နေပူမရှောင်၊ မိုးရွာမရှောင် မိုး တစ်ခြိမ်းခြိမ်း၊ လျှပ်စီး တစ်ဝင်းဝင်း ကြားမှာတောင် ဖုန်းပြော မရပ်ချင်ကြ၊ လူကြီး မိဘက စိုးရိမ်၍ ပြောလျှင် ''အကြောက်ကြီး ရန်ကော'' ဆိုပြီး ဟားကြ သေးသည်။ တစ်ခါတလေ ဓာတ်ဆီဆိုင်များတွင် အသိဉာဏ် ကင်းမဲ့စွာ ဖုန်းပြော နေသော ကလေးများကို မြင်လျှင် ဆီထည့်နေရင်း မှ ထွက်ပြေး ချင်စိတ်တောင် ပေါက်သည်။ သူတို့ကို သွားပြော လိုက်လျှင်လည်း ''သေမှာ တော်တော် ကြောက်နေလား '' ဟု အငေါ်တူးတူး အပြောခံ ရမှာစိုး၍ သမ္ဗုဒ္ဓေ သာ ဖိရွတ် နေမိ တော့သည်။
ကားမောင်း၊ ဆိုင်ကယ်မောင်း သူများကို ကြည့်လိုက် တိုင်းလည်း တော်တော် များများက ကား၊ ဆိုင်ကယ်က လက်တစ်ဖက် တည်းဖြင့် မောင်း၍ တစ်ဖက်က ဖုန်းပြောမပျက်၊ မျက်လုံးနှင့် လက်တစ်ဖက် ကဖုန်းနှင့် အာရုံများ နေတာက တစ်မျိုး၊ အရှိန်မလျှော့ တာတစ်မျိုး၊ မဆင်မခြင် စည်းမဲ့၊ ကမ်းမဲ့ မောင်းနှင် တာကတစ်မျိုး၊ အမျိုးမျိုးသော ပေါ့ဆမှု များကြောင့် ယာဉ်တိုက်မှုများ၊ ထိခိုက် ဒဏ်ရာရ၊ သေကြေ ပျက်စီးမှု များလည်း တစ်နှစ် ထက်တစ်နှစ် တိုး၍သာ လာပါ တော့သည်။ ယာဉ်များ အဆမတန် ပေါများ လာသည်နှင့် အညီ ထိုထိုသော အကြောင်းအရာ များကြောင့် မကောင်းမှု အကျိုးတရား များကလည်း တိုးပွား၍သာ လာတော့သည်။
ကိုယ့် သားသမီးက အစ ကျောင်းက ပြန်ရောက် တာနှင့် ဖုန်း တတီတီ နှိပ်တော့သည်။ ပြောစရာ သူငယ်ချင်း ကုန်တော့ ဂိမ်းနှိပ်သည်။ ဂိမ်းကစား၍ ပျင်းလာလျှင် နားကြပ် တပ်ကာ သီချင်း နားထောင် တော့သည်။ လူကြီးသူမ များနှင့် ဧည့်ခန်းထဲမှာ ထိုင်နေ တာတောင် သူတို့အာရုံ နှင့် သူတို့ အော်မကြား၊ ခေါ်မကြား နှစ်ခါသုံးခါ ခေါ်လိုက်မှ ကြားကြသည်။ မခက်ပေ ဘူးလား။
ကျွန်မကတော့ သမီး တစ်ယောက်တည်း မို့ တော်ပါ သေးသည်။ သို့သော်လည်း မဖြစ်မနေ စည်းကမ်း ထုတ်ရတော့သည်။ မိဘက မပြောမဆို သရွေ့တော့ တစ်လ တစ်လ ဖုန်းကတ်ဖိုး က သောက်သောက်လဲ ကုန်သည်။ မိဘက မြည်တွန် တောက်တီးမှ မလျှော့ချင် လျှော့ချင် လျှော့ကြသည်။ ဖုန်းကတ်ဖိုး နှင့် ဖုန်းပြောချိန်၊ ကွန်ပျူတာ နှိပ်ချိန် တို့ကို သတ်မှတ်ပေး ရတော့သည်။ ကျောင်းမှ ပြန်လာလျှင် အမော အပန်းဖြေ၊ ရေချိုးသန့်စင်၊ စားသောက် ပြီးလျှင် စာကြည့်ချိန်၊ ဘုရား ရှိခိုးချိန် တို့ကို သတ်မှတ် ပေးရတော့သည်။ ဒါလည်း သူတို့ အခန်းထဲမှာ တံခါးပိတ် အိပ်ချိန် ဘယ်လောက် သုံးနေမလဲ မခန့်မှန်းနိုင်။
ထို အရာဝတ္ထု ပစ္စည်းများဖြင့် ကလေးသူငယ် ကအစ လူငယ်၊ လူရွယ် ကလေးများ ဘာသာရေး အသိတရား ပျောက်မှာ စိုးမိသည်။ အချိန်ပြည့် ကွန်ပျူတာ၊ အင်တာနက်၊ ဖေ့စ်ဘွတ်၊ အွန်လိုင်း စသည်တို့ နှင့်သာ အချိန်ဖြုန်း ကြသည်။ ထို ဖုန်းတစ်လုံးကို အကြောင်းပြု၍ နှီးနွှယ် ဆက်သွယ်ကာ မရိုးသော စီးပွားရှာ စားသောက်လျက် ရှိသော ဆိတ်ကွယ်ရာ၊ လူကွယ်ရာ၊ စိတ်ဆင်ရိုင်းကို ချွန်းမအုပ် နိုင်သည့် နေရာများနှင့် ပတ်သက် လာကာ စာရိတ္တမဏ္ဍိုင် ခြစား၍ အကျင့်ပျက် ဖောက်ပြန်မှုများ ပေါများ လာသကဲ့သို့ နောက်ပိုင်းမှ ဇနီးမယား၊ သားသမီး မိသားစုတို့ ဖရိုဖရဲ သောက ငိုပွဲဆင်နွှဲကြ ရသည်။
ယခင်ခေတ်များ က မရှိဘူးလား၊ စောဒက တက်၍ မေးချင်မေးကြ ပါလိမ့်မည်။ အရင်ခေတ်များက အနှီ ရုပ်ဝတ္ထု ပစ္စည်းများလည်း မပေါ် သကဲ့သို့ ယောက်ျားတို့ (အာရုံငါးပါး) ကို ဆွဲဆောင်သည့် ဖျော်ဖြေမှု များလည်း မရှိသေး၍ ပြောရလျှင် ယခု မျက်မှောက်ခေတ် လောက်တော့ ဆိုးရွားမည် မထင်ပါ။
ကျွန်မတို့ ငယ်ငယ်က အိမ်တိုင်းတွင် ကြိုးဖုန်း မရှိပါ။ ဆက်သွယ်ရေး တွင် တန်းစီကာ စောင့်ကြ ရသည်။ သမီးရည်းစား စကား ပြောနေတာ နှင့် တိုးလျှင်တော့ ကိုယ့်အလှည့် ပြောဖို့ တစ်မေ့ တစ်မြော စောင့်ပေဦးတော့။ တစ်ဖက်က ဆန်းသစ်မှုများ အံ့သြ လောက်အောင် ပြောင်းလဲလာ သော်လည်း တစ်ဖက်မှာ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာ ကြသည်။
သို့ပါသောကြောင့် ပြောရမည် ဆိုပါလျှင် ထို ဆန်းသစ်သော နည်းပညာ တစ်ခုနှင့် အရာဝတ္ထု များကို သုံးစွဲမည်ဆိုပါက အသိတရား၊ သတိတရား များနှင့် ဆင်ခြင် ယှဉ်တွဲ၍ စည်းကမ်းတကျ သုံးစွဲလျှင် အလွန်ပင် တန်ဖိုး ရှိ အကျိုးကျေးဇူး များလှ ပါသည် ဟူ၍ ရေးသား တင်ပြ လိုက်ရပါသည်။
Yadanarpondaily
0 comments:
Post a Comment