ကက်ရှမီးယားဒေသ တိုက်ပွဲ အရပ်သား ၅ ဦး သေဆုံး၊ ၂၅ ဦး ဒဏ်ရာရ


အိန္ဒိယနဲ့ ပါကစ္စတန်တို့နယ်နိမိတ် အငြင်းပွားနေကြတဲ့ ကက်ရှမီးယား ဒေသမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိန္ဒိယ အရပ်သား ၅ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွားပါတယ်။

ပါကစ္စတန် စစ်တပ်က နယ်စပ်ကနေ နှစ်မိုင်လောက်ပဲ လှမ်းတဲ့ ရွာတရွာကို အမြောက်နဲ့ လှမ်းပစ်လို့ ရွာသားတွေ သေဆုံးသွားတာပါ။

အရင်လက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စတဲ့အချိန်နောက်ပိုင်း လူအသေအပျောက် အများဆုံး ပဋိပက္ခဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ဟိမ၀န္တာဒေသ အစိတ်အပိုင်းဖြစ်တဲ့ ကက်ရှမီးယားကို သူပိုင်ငါပိုင် အငြင်းပွားနေတာပါ။

နှစ်နိုင်ငံကြားမှာ စစ်သုံးကြိမ်ဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တုန်းကလည်း နောက်တကြိမ် ဖြစ်တော့မယ့် အနေအထားမျိုးအထိ ရောက်ခဲ့ပါတယ်။

ည ၁၁ နာရီလောက်မှာ တိုက်ပွဲစဖြစ်ခဲ့ပြီး ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲမျိုး တခါမှာ မကြုံခဲ့ဘူးလို့ ဒေသခံတဦး ပြောပါတယ်။ အခုတိုက်ပွဲဟာ မွတ်စလင်တွေရဲ့ အိဒ်ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

အိန္ဒိယဘက်ကို ကျော်ဝင်တဲ့ ပါကစ္စတန် စစ်သွေးကြွ ၃ ဦးကို ပစ်သတ်ခဲ့တယ်လို့ အိန္ဒိယစစ်တပ် အရာရှိတဦးက ပြောပါတယ်။

ကက်ရှမီးယား ဒေသမှာ မွတ်စလင် ခွဲထွက်ရေးသမားတွေ ၁၉၈၉ ခုနှစ်ကတည်းက အိန္ဒိယတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

ခွဲထွက်ရေးသမားတွေကို ပါကစ္စတန်က သင်တန်းနဲ့ လက်နက်တွေ ထောက်ပံ့နေတယ်လို့ အိန္ဒိယက စွပ်စွဲပေမယ့် ပါကစ္စတန်ဘက်ကတော့ ငြင်းဆန်ပါတယ်။
By ဒီဗွီဘီ

0 comments:

Post a Comment