Miss Universe 2014 ပြိုင်ပွဲ ပြိုင်မည့်ရက် နောက်ဆုတ်ခြင်းကြောင့် လေ့ကျင့်ချိန် ပိုရသွားသည့် သျှားထွဋ်အိန္ဒြာပြော


၂၀၁၃ Miss Universe ပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပ ပြုလုပ်ခဲ့ သော်လည်း ၂၀၁၄ ခုနှစ် ပြိုင်ပွဲ ကျင်းပမည့် ရက်ကို ဇန်နဝါရီလ ၂၅ ရက် သို့ သတ်မှတ် လိုက်ခြင်းကြောင့် Miss Myanmar Universe 2014 သျှားထွဋ် အိန္ဒြာက ယင်း ပြိုင်ပွဲ အတွက် လေ့ကျင့်မှု ပြုလုပ်ရန် အချိန်ပိုရ ခဲ့သည်ဟု မဇ္ဈိမ ကို ပြောသည်။

"ပြိုင်ပွဲက ရက်နောက်ဆုတ် သွားတော့ ညီမ အတွက် ပြင်ဆင်ချိန် ပိုရ ပါတယ်။ အဓိက က မြန်မာနိုင်ငံ ရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ ၊ ရှေးဟောင်း အမွေအနှစ် သယံဇာတ တွေအကြောင်း ကို ပိုပြီး လေ့လာ ဖြစ်တယ်။ တခြား မိတ်ကပ် ပြင်ဆင်မှု ၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာတွေလည်း လေ့ကျင့်နေပါတယ်။ ထိုင်းနိုင်ငံမှာ သွားလေ့ကျင့် တာက သုံးခေါက်လောက်ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

အလှမယ် သျှားထွဋ်အိန္ဒြာသည် ဖိလစ်ပိုင် နှင့်ထိုင်းနိုင်ငံ များတွင် အလှမယ်နှင့် ပတ်သက်သည့် လေ့ကျင့်မှုများ ဖြစ်သည့် စင်ပေါ်တွင် လမ်းလျှောက်နည်း ၊ မိတ်ကပ် လိမ်းခြယ်မှု ၊ အမေး အဖြေ ဖြေဆိုမှုများကို သြဂုတ်လ ၅ရက်မှ ၁၅ရက် အထိ သွားရောက် လေ့လာ ခဲ့သည်။

၎င်းသည် ရေကူးဝတ်စုံ ၀တ်ဆင်ရာ၌ ခန္ဓာကိုယ် လှပမှု ရှိရန် ဗိုက်နှင့် ခါးအပိုင်းကို လေ့ကျင့်ဖြစ်နေပြီး နိုင်ငံကိုယ်စားပြု ဝတ်စုံ နှင့်ညနေခင်း ဝတ်စုံ တို့ အတွက်လည်း ၎င်း၏ အဖွဲ့အစည်းနှင့် အတူ ပြင်ဆင် လျက် ရှိသည်။

အလှမယ် သျှားထွဋ်အိန္ဒြာသည် Miss Universe 2014 ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ပြီး ပြန်လည် ရောက်ရှိ လာပါက ပရဟိတ လုပ်ငန်းများ ၊ Miss နှင့် ပတ်သက်သည်များကို ဦးစားပေး လုပ်ဆောင် သွားမည် ဖြစ်ပြီး သရုပ်ဆောင်ပိုင်းကို လုပ်ဆောင်ရန် မသေချာ သေးကြောင်း သျှားထွဋ်အိန္ဒြာက ဆိုသည်။

Miss Universe 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အလှမယ် သျှားထွဋ်အိန္ဒြာသည် ပြိုင်ပွဲ ကျင်းပမည့် ရက်ထက် ၃ပတ် ကြိုတင် သွားရောက် ရမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၅ရက်တွင် အမေရိကန် နိုင်ငံ၏ Florida ပြည်နယ် Doral မြို့၌ ၀င်ရောက်ယှဉ်ပြိုင် ရမည် ဖြစ်သည်။

Miss Universe 2013 ပြိုင်ပွဲကို၂၀၁၃ခုနှစ် နိုဝင်ဘာ ၉ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့ရာ Miss Myanmar Universe 2013 အလှမယ် မိုးစက်ဝိုင်ကဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

Mizzima

0 comments:

Post a Comment