IS ကို လေကြောင်း တိုက်စစ် တစ်ခုတည်းနဲ့ အနိုင်ရပါ့မလား



ရဲလွင်အောင် 

အမေရိကန် ဦးဆောင်သော မဟာမိတ် နိုင်ငံများမှ လေယာဉ်များသည် အီရတ်ရှိ IS အဖွဲ့ကို သာမက ဆီးရီးယားရှိ IS အဖွဲ့ကိုပါ ထိုးစစ်ဆင်မှု များကို ပြုလုပ်နေပြီ ဖြစ်သည်။အိုဘားမား အစိုးရ အဖွဲ့သည် ဆီးရီးယား ပြည်တွင်း စစ်တွင် ၀င်ရောက်စွက်ဖက်ရန် ယခင်ကတွန့်ဆုတ်နေခဲ့ သောကြောင့် ဆီးရီးယားရှိ IS အဖွဲ့အား အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်များက ယခုအချိန်တွင် တိုက်ခိုက်မှု ပြုလုပ်လာခြင်းက အိုဘားမား အစိုးရ အဖွဲ့၏ မူဝါဒ များတွင် ပြောင်းလဲမှု အကြီးအကျယ်ရှိ နေပြီ ဖြစ်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။ 

IS အဖွဲ့၏ လုပ်ရပ်များကို တားဆီး ပိတ်ပင်ခြင်း မပြုပါက ၎င်း တပ်ဖွဲ့သည် ဥရောပနှင့် အမေရိကန် တို့တွင် တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် အမေရိကန် ဦးဆောင်သော မဟာမိတ် နိုင်ငံများက ထိုးစစ်ဆင်မှု များကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ IS ၏ လုပ်ရပ်များကြောင့် ဆီးရီးယား နှင့် အီရတ်ကြားရှိ နယ်စပ်မှာ အမည်ခံသာရှိ တော့သည်။ 

ထို့ပြင် ယခုအချိန်တွင် အမေရိကန် သာမက အာရပ်နိုင်ငံ တချို့တို့ပါ စစ်ဆင်ရေးတွင် ပါဝင်နေ သောကြောင့် အမေရိကန်၏ ယခု စစ်ဆင်ရေး သည် အီရတ် ဆိုင်ရာ ယခင်စစ်ဆင်ရေးနှင့် လုံးဝ ခြားနားနေခဲ့သည်။ ကူဝိတ်အား အီရတ်၏ ကျူးကျော်မှုမှ ကယ်တင်နိုင်ရေး အတွက် နိုင်ငံတကာက စစ်ဆင်ရေး ဆင်နွှဲခြင်းနှင့်ပင် တစ်စိတ်တစ်ပိုင်း ဆင်တူ လှသည်။ သို့သော် ယခု စစ်ပွဲတွင် ပစ်မှတ်မှာ အချုပ်အခြာ အာဏာပိုင် အစိုးရတစ်ရပ် မဟုတ်ဘဲ အကြမ်းဖက် အဖွဲ့တစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ ကူဝိတ် စစ်ပွဲတွင် ကာလမရှည်ခဲ့ သော်လည်း ယခုစစ်ပွဲ ကတော့ ကာလရှည် ဦးမည် ဖြစ်သည်။ 

တိုက်လေယာဉ်များ၊ လက်နက် တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်များနှင့် ပင်လယ်ပြင်မှ ပစ်ခတ် လိုက်သော ဒုံးကျည်များ ပါဝင် သောကြောင့် အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးကို ကျယ်ပြန့်သော စစ်ဆင်ရေး တစ်ရပ် အဖြစ် သတ်မှတ်လို့ ရသည်။ သို့သော် ယခုစစ်ဆင်ရေးကို ကြည့်လိုက်လျင် မဟာဗျူဟာ ရည်မှန်းချက်မှာ IS အဖွဲ့ကို အမြစ်ပြတ် တိုက်ရန် မဟုတ်။အဖွဲ့၏ ခေါင်းဆောင်ပိုင်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်းကို တိုက်ခိုက် ဖြတ်တောက်ရန်သာ ဖြစ်ကြောင်း သိသာလှသည်။ 

အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးနှင့် ပတ်သက်ပြီး မေးစရာ မေးခွန်းများစွာ ထွက်ပေါ်လာ ခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတွင် အမေရိကန်သည် တစ်ပြိုက်နက်တည်း ထိရောက်စွာ တိုက်ခိုက်နိုင် မည်လား၊ အမေရိကန် ဦးဆောင်သော နိုင်ငံများ၏ လေကြောင်းမှ ထိုးစစ်ဆင် မှုကြောင့် မြေပြင်တွင် IS အဖွဲ့ အထိနာအောင် တိုက်ခိုက်နိုင်မည့် အခြေအနေများ ပေါ်ပေါက် လာမည်လားနှင့် IS အဖွဲ့က မည်သည့် အတိုင်းအတာ အထိ တန်ပြန်တိုက်ခိုက်မည်လဲ အစရှိသည့် မေးခွန်းများကိုတော့ မေးဖို့လိုမည်ဖြစ်သည်။ 

မြေပြင် အနေအထား 

အမေရိကန်နှင့် မဟာမိတ်များ ကတော့ လိုအပ်ချက်ကြောင့် တိုက်သည်ဟု ဆိုကြသော်လည်း တကယ်တမ်းတွင်မူ ၎င်းတို့သည် မသေချာ သော လမ်းကို လျှောက်နေကြခြင်း ဖြစ်သည်။ အကြောင်းမှာ ပြင်ပမှ စစ်ရေး အကူအညီ ဆို၍ လေကြောင်း အင်အားတစ်ခုသာရှိ နေခြင်း ဖြစ်သည်။ စစ်ဆင်ရေး တစ်ခု အောင်မြင်ရန် ကြည်း၊ ရေ၊ လေ အပါအ၀င် စစ်ရေး ကဏ္ဍမျိုးစုံ ပါဝင်မှသာ ဖြစ်နိုင်ပါမည်။ 

အီရတ် ကိစ္စတွင် ကြည့်ပါ။ အီရတ်တွင် အမေရိကန်၏ လေကြောင်းမှ ထိုးစစ်ကြောင့် မြောက်ပိုင်းရှိ ကာ့ဒ် မျိုးနွယ်စုများ နေထိုင်သော ဒေသ တွင်းသို့ IS အဖွဲ့ ထိုးဖောက် ၀င်ရောက်မည်ကို တားဆီးနိုင် ခဲ့သည်။ သို့သော် အမေရိကန်၏ လေတပ် အင်အားကြောင့် IS အဖွဲ့ကို အီရတ်မြေပေါ်မှ ဖယ်ထုတ်နိုင်စွမ်း မရှိခဲ့။ IS အဖွဲ့ကို အီရတ်မှ နှင်ထုတ်နိုင်ရန် အချက်နှစ်ချက် အပေါ် မူတည်နေသည်။ 

ပထမ အချက်မှာ IS အဖွဲ့အား ထိပ်တိုက် ရင်ဆိုင်ပြီး နယ်မြေများ ပြန်လည် သိမ်းယူနိုင်ရေး အတွက် မြေပြင်ရှိ စစ်တပ်၏ ကောင်းစွာ လေ့ကျင့် သင်ကြားထားမှု နှင့် စိတ်ဓာတ် ပြင်းထန်မှု ရှိမရှိ ဆိုသည့် အချက်ဖြစ်သည်။ IS ၏ သတ်ဖြတ်မှု များကြောင့် မကြာသေးမီ လများတွင် အီရတ်စစ်တပ် သည် လက်နက်များချန်ထားပြီး ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။ နောင်ပိုင်းတွင် အမေရိကန်က စစ်ဘက်ဆိုင်ရာ အကြံပေးများ စေလွှတ်ခြင်းနှင့် လေကြောင်းမှ ကူပစ်ပေးခြင်း တို့ကြောင့် အီရတ် စစ်သားများ စိတ်ဓါတ် ပြန်လည် တက်ကြွလာပြီး တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ သို့သော် စိတ်ဓါတ် ပျက်စီးနေသည့် အီရတ်စစ်သားများ၏ စစ်စိတ် စစ်သွေး ပြန်တက်လာရေး အတွက် အချိန်ယူ ရဦးမည် ဖြစ်သည်။ 

ဒုတိယ အရေးပါသော အချက်မှာ နိုင်ငံရေး ဖြစ်သည်။ ယခင် အီရတ် ၀န်ကြီးချုပ် မာလီကီ လက်ထက်တွင် ရှီယိုက်များ အကျိုး အတွက်သာ အုပ်ချုပ်ခဲ့ သောကြောင့် ဆွန်္နီများနှင့် ကာ့ဒ်များက မကျေမနပ် ဖြစ်ခဲ့ကြသည်။ ယင်းကြောင့် ဆွန်္နီမျိုးနွယ်စု တချို့က IS အဖွဲ့ ဘက်မှ ပါဝင် တိုက်ခိုက် ခဲ့ကြသည်။ကာ့ဒ်များသည်လည်း အစောပိုင်းတွင် IS အား အီရတ် အတွက် တိုက်ခိုက်သည် မဟုတ်၊ ကာ့ဒ်ဒေသ အတွက်သာတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အီရတ်တွင် အဖွဲ့ အစည်း အားလုံး ပါဝင်သော အစိုးရ တစ်ရပ် မဖွဲ့စည်းနိုင်သေး သောကြောင့် အစောပိုင်းတွင် အမေရိကန်က အကူ အညီ ပေးရန် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ အစိုးရတစ်ရပ် ပေါ်ထွန်းရေး အတွက်လည်း အချိန်ယူရဦးမည် ဖြစ်သည်။ 

အီရတ်၌ ယခုအချိန်တွင် အများက အသိအမှတ်ပြု ထားသော အစိုးရရှိနေ သဖြင့် နိုင်ငံရေးနှင့် စစ်ရေးပူးပေါင်း တိုက်စစ်ဆင်မှုကြောင့် IS အဖွဲ့ကို အနိုင်ရရှိ နိုင်ခြေ ရှိနေသော်လည်း ဆီးရီးယား တွင်တော့ အလားအလာများက တစ်မျိုး တစ်ဘာသာ ကွဲပြားနေသည်။ ဆီးရီးယားနှင့် ပတ်သက် သော အိုဘားမား၏ အစီအစဉ် တစ်ရပ်မှာ ဆီးရီးယားရှိ အယူအဆ သင့်တင့်မျှတသော သူပုန်များကို လက်နက်များနှင့် လေ့ကျင့် သင်ကြားမှုများ ထောက်ပံ့ပေးရန် ဖြစ်သည်။ ယင်းသို့ ထောက်ပံ့ပေးနိုင်လျှင်လည်း သူပုန်များသည် အယူအစွဲ ပြင်းထန်သော ဂျီဟတ်ဝါဒီ များအား လက်ရည်တူ ယှဉ်ပြိုင် နိုင်ပါ့မလား ဆိုသည်ကိုလည်း မေးခွန်းထုတ်စရာရှိနေ ပြန်သည်။ ဆီးရီးယားတွင် အနောက်နိုင်ငံ များက လက်ခံထားသော အစိုးရ တစ်ရပ် မရှိသလို နိုင်ငံ အနာဂတ် အတွက် နိုင်ငံရေး အစီအစဉ်လည်း မရှိဘဲ ဖြစ်နေသည်။ 

ကျယ်ပြန့်သော တိုက်ပွဲ 

အခြေအနေများ ပြောင်းလဲသွားနိုင် ပါသည်။ ယခု စစ်ပွဲတွင် IS သည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ယခု အချိန်အထိ IS သည် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်စွမ်းရှိ သလို မဟာဗျူဟာ ကျကျလည်း တိုက်ပွဲဝင်နိုင် နေဆဲ ဖြစ် သည်။ ယင်းကြောင့် အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးအား ယင်းအဖွဲ့က ဘယ်လို တုံ့ပြန်မလဲ ဆိုသည်ကို ထပ်မံစဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။ 

အများကြီး လုပ်နိုင်ပါသည်။ IS အဖွဲ့ သည် အီရတ်ရှိ ကာ့ဒ်များကို တိုက်ခိုက်နေရာမှ ဆီးရီးယားရှိ ကာ့ဒ်များကို ပြောင်းလဲ တိုက်ခိုက်ခဲ့ခြင်း ကြောင့် ဒုက္ခသည် များစွာသည် ဆီးရီးယားနှင့် တူရကီ နယ်စပ်မှ တစ်ဆင့် တူရကီနိုင်ငံ ထဲသို့ ၀င်ရောက်ခဲ့ ကြသည်။ ထို့ပြင် အမေရိကန် ဦးဆောင်သော မဟာမိတ် အဖွဲ့တွင် ပါဝင်သည့် နိုင်ငံများရှိ နိုင်ငံသားများအား တိုက်ခိုက်ရန် IS အဖွဲ့က အခြား နိုင်ငံများရှိ အကြမ်းဖက် အဖွဲ့အစည်းများကို တိုက်တွန်း ခဲ့သည်။ အကျိုးဆက် အဖြစ် အယ်လ်ဂျီးရီးယားရှိ အစွန်းရောက် အဖွဲ့တစ်ခု က ပြင်သစ် နိုင်ငံသား တစ်ဦးကို ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။ ယင်းကြောင့် အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံများ အတွက် အခက်အခဲ တွေ့စေမည့် နည်းလမ်းများ IS တွင် ရှိနေကြောင်း ထင်ရှားလာခဲ့သည်။ 

သို့သော် ယခု စစ်ဆင်ရေးသည် မွတ်ဆလင် ကမ္ဘာအတွင်း ဆွန်္နီများနှင့် ရှီယိုက်များကြားရှိ တိုက်ပွဲ၊ အီရန်နှင့် အာရပ်နိုင်ငံများကြား အားပြိုင်မှု၊ လက်ရှိ အခြေအနေကို ဖျက်စီးလို သူများနှင့် တည်မြဲလို သူများကြား တိုက်ပွဲတို့၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း လေ့လာ သူများက သုံးသပ်သည်။ မည်သည့် ရလဒ်များ ထွက်ပေါ်လာသည် ဖြစ်စေ ပြည်တွင်းစစ်တွင် အောင်ပွဲခံသူ မရှိတတ်ကြောင်း လေ့လာသူများက သတိပေးထားသည်။ 

Ref: Syria analysis: Why air power alone won't beat IS:BBC

0 comments:

Post a Comment