ဂျာမနီတွင် ပါဆယ်ကော်ပတာ ဒရုန်းဖြင့် ဆေးဝါးများ ပို့ဆောင်ခြင်း စတင်ပြုလုပ်မည်

DHL to Begin Deliveries by Drone in Germany




ဘာလင် ၊ ၃၀-၉-၂၀၁၄

ဂျာမနီနိုင်ငံ ထောက်ပံ့ ပို့ဆောင်ရေး ကုမ္ပဏီ DHL က အရေးပေါ် လိုအပ်ချက် များကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရန် အသက်ကယ် ဆေးဝါးနှင့် ပစ္စည်းများကို Parcelcopter ဒရုန်းများ အသုံးပြုကာ မည်မျှပင် ဝေးလံ သီခေါင်သော နေရာသို့ ဖြစ်စေ အချိန်မီ အရောက် ပေးပို့သွားမည် ဖြစ်ကြောင်းကြေညာသည်။

DHL က ပါဆယ် သယ်ဆောင် နိုင်သော ဒရုန်း အသေးစား များကို အသုံးပြုကာ ဆေးဝါးနှင့် အရေးပေါ် ဆေးပစ္စည်း ကိရိယာများကို ဂျာမနီနိုင်ငံ မြောက်ပိုင်း ပင်လယ်ကျွန်း Juist သို့ စတင်ပို့ဆောင် သွားမည် ဖြစ်သည်။ Juist သည် သီးခြား ကျွန်းတစ်ခု ဖြစ်ပြီး ဖယ်ရီ၊ ရထား အစရှိသည့် သယ်ယူ ပို့ဆောင်ရေး ယာဉ်များ အမြဲမရှိဘဲ ဖြစ်နေတတ်ရာ မသေသင့်ဘဲ သေဆုံးရ သူများ ရှိနေသောကြောင့် Parcelcopter ဒရုန်းများဖြင့် လိုအပ်သော ဆေးဝါးများကို အချိန်မီ ပို့ဆောင် ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

DHL ၏ ပါဆယ် ကော်ပတာ များကို မြောက်ပိုင်း ပင်လယ်ပြင် လေပြင်း၊ မိုးပြင်းများကို ခံနိုင်အောင် အဆင့်ဆင့် ပြုပြင်ခဲ့ရသည်။ ယခု Parcelcopter သည် ၂ ဒသမ ဝ အမျိုးအစား ဖြစ်ပြီး ယာဉ်အလေးချိန် ၁၁ ပေါင်၊ ကုန်အလေးချိန် ၂ ဒသမ ၆ ပေါင်ကို သယ်ဆောင်ကာ အမြင့် ၁၆၄ ပေ၊ တစ်နာရီ အမြန်နှုန်း မိုင် ၄ဝ ရှိကာ ၄၅ မိနစ်ခန့် ကြာမြင့်မည့် ခရီးကို မနားတမ်း ပျံသန်းနိုင်သည့် အတွက် အနီးဆုံးမြို့ နှင့် ၇ ဒသမ ၅ မိုင်သာ ကွာဝေးသော Juist ကျွန်းသို့ အရေးပေါ် ဆေးပစ္စည်းများ ပို့ဆောင်ရန် အခက်အခဲမရှိ နိုင်ကြောင်း သိရသည်။

Parcelcopter များတွင် အလိုအလျောက် ပျံသန်းစနစ် Auto Pilot ပါဝင်သောကြောင့် မြေပြင်မှ ပျံတက်ခြင်း၊ သတ်မှတ် နေရာတွင် ဆင်းသက်ခြင်း၊ လမ်းခရီး ပျံသန်းခြင်း တို့အားလုံးကို အလိုအလျောက် လုပ်ဆောင် သွားနိုင်မည် ဖြစ်သည်။ ဂျာမနီနိုင်ငံ ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်သော Norddeich တွင် မြေပြင် ကွပ်ကဲရေးဌာန ကို ဖွင့်လှစ်ထားမည် ဖြစ်ပြီး ဒရုန်းယာဉ်မှူး များကလည်း လိုအပ်လျှင် ဒရုန်းကို ထိန်းချုပ်နိုင်ရန် အသင့်ရှိ နေမည်ဖြစ်ကြောင်း သိရသည်။

Parcelcopter က Juist သို့ ဆိုက်ရောက်လျှင် ပါဆယ်ထုပ်ကို ဝန်ထမ်းများက ဆက်လက် ပို့ဆောင်ပေးမည် ဖြစ်သည်။ လက်ရှိ အချိန်တွင် အများသုံး သယ်ယူ ပို့ဆောင်ရေးစနစ် အဆင်မပြေသော အချိန်များ တွင်သာ ဤဒရုန်းများ ကို အသုံးပြု သွားရန် စီစဉ်ထားပြီး ဂျာမနီနိုင်ငံ သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာန ကလည်း Parcelcopter ဒရုန်းများ ပျံသန်းမည့် Juist လမ်းကြောင်းကို လေယာဉ် မပျံသန်းရဇုန် အဖြစ် သတ်မှတ်ပေး ထားကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment