ကျား မ ခွဲခြားသည့် ဓလေ့ ချုပ်ငြိမ်းသွားရေး အတွက် အမျိုးသမီး နိုင်ငံရေးသမားများ ကိုယ်တိုင် ဦးဆောင် ကြိုးပမ်းကြဖို့လို


နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် အမျိုးသမီးများအား နောက် ချန်ထားချင်သည့် ကျား မ ခွဲခြား အလေ့ အထ ပျောက်သွားပြီး ကျားမ တန်းတူညီမျှ အခွင့်အရေး ရှိသည်ဟူသော စိတ်ထားများ လူတိုင်းရင်မှာ ပေါ်လာစေရန် အမျိုးသမီး နိုင်ငံရေး သမားများ က ယခုထက်ပို အားသွန် ကြိုးပမ်းကြဖို့ လိုကြောင်း နိုင်ငံတကာ အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌများ အဖွဲ့ ဥက္ကဋ္ဌ ဟာလီမာ ယာကော့က ပြောကြား လိုက်သည်။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပသော နိုင်ငံတကာ အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌများ အစည်းအဝေးတွင် မစ္စဟာလီမာက အမျိုးသမီးများ အခွင့်အရေး ဘေးဖယ်ခံ ထားရသည့် နိုင်ငံများတွင် အမျိုးသမီး နိုင်ငံရေး သမားများ အနေဖြင့် ကိုယ်တိုင်လည်း အားထုတ် ကြိုးပမ်း ကြရမည် ဖြစ်သလို၊ အမျိုးသားများ ကလည်း အမျိုးသမီး အခွင့်အရေး အတွက် ၀ိုင်းကူ တိုက်ပွဲ ၀င်လာအောင် စည်းရုံး ပညာပေး ကြရမည်ဟု ပြောကြား လိုက်သည်။

““စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ ကတော့ ရှိမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ စိတ်ဓာတ် ခိုင်မာမယ်၊ ဆုံးဖြတ်ချက် ပြတ်သားမယ် ဆိုရင် အောင်ကို အောင်မြင်ရမယ်လို့ ယုံကြည်တယ်”” ဟု မစ္စဟာလီမာက ပြောသည်။

ကျားမ တန်းတူ ညီမျှရေးတွင် ပညာရေး သည်လည်း အရေးကြီးကြောင်း စင်ကာပူ နိုင်ငံကို နမူနာထား၍ မစ္စ ဟာလီမာ က ပြောကြားသည်။ စင်ကာပူတွင် အသက် (၁၅) နှစ် အထက် အမျိုးသမီးများ၏ (၉၄ ဒသမ ၆) ရာခိုင်နှုန်းထိ စာတတ်မြောက် ကြကြောင်း ၂၀၁၃ စာရင်းများ အရ သိရသည်။ ၂၀၁၃ တက္ကသိုလ် ၀င်ခွင့် လျှောက်ထားမှုတွင်လည်း အမျိုးသမီး ပမာဏက ထက်ဝက်ကျော်ထိ ရှိသည်။

အမျိုးသားများသာ ကြီးစိုးလေ့ ရှိသော တက္ကသိုလ် ဘာသာရပ်များ တွင်လည်း စင်ကာပူ အမျိုးသမီးများသည် တန်းတူ ပါဝင်လာပြီ ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

လုပ်သားထုကို ကြည့်လျှင် လည်း ၂၀၀၃ ခုနှစ်တွင် အသက် (၂၅) နှစ် မှ (၅၄) နှစ် ကြား လုပ်သားထု၏ (၆၆ ဒသမ ၆) ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သည်။ ၂၀၁၃ ရောက်သည့်အခါ (၇၇ ဒသမ ၁) ရာခိုင်နှုန်း ထိ ရှိလာကြောင်းလည်း သိရသည်။ မန်နေဂျာ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူ နှင့် အခြား ပရော်ဖက်ရှင်နယ် အလုပ်များတွင် လုပ်ကိုင်နေ သည့် စင်ကာပူ အမျိုးသမီး ပမာဏကလည်း (၄၃) ရာခိုင်နှုန်းထိ ရှိသည်။ စင်ကာပူ အလုပ်ရှင်များ၏ သုံးပုံ တစ်ပုံ သည်လည်း အမျိုးသမီးများ ဖြစ်ကြောင်း မစ္စဟာလီမာ က ထောက်ပြသည်။

““စင်ကာပူဟာ ကျား/မ တန်းတူ ဖွံ့ဖြိုး တိုးတက်မှု အရှိဆုံး တစ်နိုင်ငံ ဖြစ်ပါတယ်”” ဟု ၎င်းကဆိုသည်။ 

Source: CNA

0 comments:

Post a Comment