လန်ဒန်တွင် (၈၂) နှစ် အရွယ် အဖွားအို တစ်ဦး ခေါင်းဖြတ်သတ်ခံရ


ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်တွင် အသက် (၈၂) နှစ် အရွယ် အဖွားအို တစ်ဦးသည် ၎င်းနေထိုင်ရာ လန်ဒန် မြောက်ပိုင်းမှ နေအိမ် ဥယျာဉ် ခြံထဲတွင် သံသယ ဖြစ်ဖွယ်ရာ ခေါင်းဖြတ် ခံရမှုဖြင့် သေဆုံး နေခဲ့ကြောင်း ရဲက ပြောကြားသည်။

ပါလ်မီရာ ဆေးလ်ဗားဟု အမည် ရသည့် ထိုအဖွားအိုမှာ မြို့တော် မြောက်ပိုင်းရှိ အက်ဒမွန်တန် ရပ်ကွက် နိုက်တင်ဂေးလ် လမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းသည် နေအိမ် နောက်ဖက် ခြံထဲတွင် လဲကျ နေသည်ကို ရဲက တွေ့ရှိခဲ့ပြီးနောက် သေဆုံးခဲ့ပြီဟု အတည်ပြု ကြေညာခဲ့ကြောင်း ဆိုသည်။ အဖွားအိုအား ခေါင်းဖြတ်သတ်မှု သံသယဖြင့် အသက် (၂၅) နှစ် အရွယ် လူငယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးထားပြီး ခေါင်းဖြတ် သတ်ဖြတ် ထားသည့် ပုံစံမှာ လက်ရှိတွင် ခေတ်စားနေသည့် အကြမ်းဖက် ၀ါဒီများက ဓါးစာခံများအား သုတ်သင်သည့် ပုံစံနှင့် ဆက်နွယ် မရှိကြောင်း စုံထောက်များက ပြောသည်။ ရဲက ဖမ်းဆီး ထားသည့် တရားခံမှာ ဖမ်းမိချိန်တွင် ဒဏ်ရာများ ရခဲ့၍ ဆေးရုံတင် ကုသ ပေးထားကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့က ၎င်းတို့သည် အစောပိုင်း က အဖွားအို နေထိုင်ရာ အိမ်တွင် ကြောင် သို့မဟုတ် ခွေးတစ်ကောင် ကောင်ကို လူတစ်ဦး က ဓါးကိုင် သတ်ဖြတ် နေသည်ဟု သက်သေများ က အကြောင်းကြား သတင်းပို့မှု ရခဲ့၍ ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့သည် လူသတ်မှု ဖြစ်ပွားပြီးနောက် ထိုနေရာသို့ ရောက်ခဲ့ရာတွင် လူသတ်သမား ထွက်ပြေးပြီး အခြားသူများကို ရန်ရှာနိုင်ခြင်း မရှိစေရန် ထိုလမ်းအတွင်း နေထိုင်သူ များကို ကယ်ထုတ်ခြင်းများ လုပ်ခဲ့သည်။

ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးရေးမှူး တစ်ဦး ဖြစ်သည့် ဂျွန်ဆန်ဒလင်း ကလည်း ““ ဒီကိစ္စကို လူတွေ ဘာကြောင့် စိုးရိမ်တယ် ဆိုတာကို နားလည် နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်မှု ရှိတာကတော့ ဒီကိစ္စဟာ ရရှိထားတဲ့ သတင်းအချက် အလက်တွေကို အခြေခံပြီး ပြောရမယ်ဆိုရင် အကြမ်းဖက်ဝါဒ နဲ့ ဆက်နွယ်ခြင်း မရှိပါဘူး”” ဟု ပြောသည်။

Source:BBC

0 comments:

Post a Comment