စားသောက်ကုန် အတုလုပ်ငန်း အန္တရာယ် ကြီးသထက် ကြီးလာ

စားသောက်ကုန် အတု လုပ်ငန်းသည် ကဗ္ဘာ့ လူသားများ ကျန်းမာရေး အတွက် အန္တရာယ် ကြီးသထက် ကြီးလာနေကြောင်း ဗြိတိန် ကျန်းမာရေး နှင့် သဘာဝ ပတ်ဝန်းကျင် ၀န်ကြီးဌာန၏ အစီရင်ခံစာက သတိ ပေးလိုက်သည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) နှင့် ဥရောပ ရဲတပ်ဖွဲ့ (ယူရိုပို) တို့၏ စားသောက်ကုန် အတုဆိုင်ရာ မှုခင်း စာရင်းများကို အခြေခံ၍ စစ်တမ်းကို ပြုလုပ်ထားခြင်း ဖြစ်သည်။ နိုင်ငံတကာ ကွန်ရက်ဖွဲ့ လှုပ်ရှားနေသော ရာဇ၀တ်ဂိုဏ်း၊ မှောင်ခိုဂိုဏ်းများသည် မူးယစ် ကုန်သွယ်ခြင်း၊ လက်နက် ကုန်သွယ်ခြင်း ကဲ့သို့မိလျှင် ပြစ်မှုကြီးသည့် အလုပ်များကို စွန့်ကာ စားသောက်ကုန် အတု ကုန်သွယ်ခြင်းဘက် ပိုမို ၀င်ရောက် လုပ်ကိုင် လာနေကြောင်း သိရသည်။ ရရှိသည့် ငွေကြေး အမြတ် အစွန်းချင်း တူတူ နီးပါး ဖြစ်ပြီး စားသောက်ကုန် အတု အမှုသည် ပြစ်ဒဏ် သက်သာသဖြင့် ထိုအပိုင်းကို ပိုကူးလာခြင်း ဖြစ်ကြောင်း အင်တာပို ဒုညွန်ကြားရေးမှူး မိုက်ကယ် အဲလစ်က ပြောသည်။

““စားသောက်ကုန် အတု လုပ်ငန်းတွေရဲ့လုပ်နည်း ကိုင်နည်းဟာ မူးယစ်၊ လက်နက် တရားမ၀င် ကုန်သွယ် လုပ်ငန်းတွေနဲ့ တူတူ နီးပါး ဆိုတာ တွေ့ရတယ်။ အပြ ကောင်းမယ့် ကုမ္ပဏီ တစ်ခု ထောင်မယ်။ အဲဒီ ကုမ္ပဏီ နာမည်နဲ့ ဘဏ် စာရင်းတွေ လုပ်ထားမယ်၊ ပြီးရင် ကုန်ပစ္စည်း စာရင်းလိမ်တွေ ပြပြီး တစ်နေရာ ကနေ တစ်နေရာကို ကုန်စည် ပို့ဆောင်မယ်၊ တရားဝင် ကြေညာထားတဲ့ ကုန်စည်က တစ်မျိုး တစ်ကယ်တမ်း ထည့်ပို့တဲ့ ကုန်စည်က တစ်မျိုးနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို လှည့်စားမယ်၊ လာဘ်ထိုးပြီး လွတ်အောင် လုပ်မယ်”” ဟု မစ္စတာ အဲလစ်က ရှင်းပြသည်။

၂၀၁၃ ဒီဇင်ဘာလ ၂၀၁၄ ဇန်န၀ါရီ ထိ နှစ်လကြာ အမေရိကန်၊ အာရှ ၊ ဥရောပသုံး တိုက်ဆိုင်ရာ စားသောက်ကုန် အတု စစ်ဆင်ရေးတွင် နိုင်ငံပေါင်း (၃၃) နိုင်ငံထိ ပါဝင်ခဲ့သည်။

တရားမ၀င် စားသုံးဆီ အမျိုးမျိုး နှင့် ဗနီကာရည် (၁၃၁၀၀၀) လီတာ၊ အရည်အသွေး မမီသည့် ဟင်းချက် ငရုတ်နှင့် မဆလာ အမျိုးမျိုး တန် (၂၀)၊ နာမည်ကြီး အချိုရည်များ နှင့် ပုံစံတူ လုပ်ထားသော အတု လီတာ (၄၃၀၀၀၀)၊ တရားဝင် စစ်ဆေး ခံထားခြင်း မရှိသော နို့ထွက်ပစ္စည်း (၄၅) တန်ကို သိမ်းဆည်း ရမိခဲ့သည်။ လူ (၉၆) ဦးကို ဖမ်းဆီးရ မိခဲ့သည်။

စားသောက်ကုန်တု သို့မဟုတ် အရည်အသွေး မမီသော စားသောက်ကုန် များသည် လူ့အသက်ကိုပါ ရန်ရှာနိုင်သည်။ ၂၀၀၈ ခုနှစ် က တရုတ် နိုင်ငံတွင် မယ်လမင်း ပါသော ကလေး နို့မှုန့်များကြောင့် ကလေး ခြောက်ဦး ကျောက်ကပ် ပျက်စီးကာ သေဆုံး ခဲ့ရသည်။ ၂၀၁၂ ခုနှစ် ကလည်း ချက်ဇ် ပြည်သူ့ သမ္မတ နိုင်ငံတွင် ဗော်ဒဂါ နှင့် ရမ် အရက်တု များကြောင့် လူ (၄၀) ထိ သေဆုံးခဲ့ရသည်။ 

Source: BBC

0 comments:

Post a Comment