ပြည်လုံးကျွတ် ဆန္ဒပြပွဲ ဆင်နွှဲသော စားသောက်ဆိုင် လုပ်သားများကို ကန်ရဲတပ်ဖွဲ့ ဖမ်းဆီး


နယူးယောက်နှင့် လော့စ်အိန်ဂျလိစ်မှ အမေရိကန် ရဲတပ်ဖွဲ့များသည် အလုပ်သမား သမဂ္ဂများ ထူထောင်ခွင့် ပေးရေးနှင့် လုပ်ခ တိုးပေးရေး အတွက် တောင်းဆိုသော အသင့်စား စားသောက်ဆိုင် လုပ်သားများ၏ ဆန္ဒပြပွဲများ အတွင်း လူပေါင်း (၄၄) ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အလုပ် သမားများ၏ သတင်း ထုတ်ပြန်ရေး ၀က်ဘ်ဆိုက် strikefastfood.org မှ ထုတ်ပြန်ချက် အရ အသင့်စား စားသောက်ဆိုင်များမှ ဆန္ဒပြ လုပ်သားများ သည် ၎င်းငတို့၏ နိုင်ငံလုံး ဆိုင်ရာ သပိတ်ဆင်နွှဲမှု အထိမ်းအမှတ် အဖြစ် နယူးယောက်ရှိ မန်ဟတ်တန် ရပ်ကွက်မှ ပြဇာတ်ရုံ နှင့် ဖျော်ဖြေရေး ခရိုင်တွင် ဆန္ဒပြမှုများ ဆင်နွှဲခဲ့ ကြကြောင်း ဆိုသည်။ လော့စ်အိန်ဂျလိစ်တွင် ဆန္ဒပြ သူများမှာအာ ရုဏ်မတိုင်ခင် ကပင် မြို့တော်၏ တောင်ပိုင်း မက်ဒေါ်နယ် စားသောက်ဆိုင် ပြင်ပတွင် စုဝေးခဲ့ကြကာ လူ (၁၀) ဦးမှာ လူစုမခွဲသည့် အတွက် ဖမ်းဆီးခံခဲ့ရကြောင်း ဆိုသည်။ 

နယူးယောက်တွင်လည်း တိုင်းမ်စကွဲ ရင်ပြင်မှ မက်ဒေါ်နယ် စားသောက်ဆိုင် ရှေ့တွင် ထိုင်သပိတ် ဆင်နွှဲခဲ့သော ဆန္ဒပြ လုပ်သား (၂၀) ခန့်မှ (၁၉) ဦးမှာ လမ်းပိတ်ဆို့ စေသည့် အတွက် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက်ပိုင်း ညနေပိုင်းတွင်ပင် လုပ်သား (၁၅) ဦးခန့်လည်း ထပ်မံ ဖမ်းဆီးခံခဲ့ရကြောင်း နယူးယောက် ရဲတပ်ဖွဲ့က ပြောသည်။

ဆန္ဒပြ လုပ်သားများမှာ တစ်နာရီ လုပ်ခ (၁၅) ဒေါ်လာ ပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့အတွက် စားသောက်ဆိုင်ကြီး များတွင်ပေး နေသည့် လုပ်ခ ဒေါ်လာ (၇ ဒသမ ၂၅) ထက် နှစ်ဆနီးပါး ပိုတိုး တောင်းခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် အလုပ်သမား သမဂ္ဂများ ထူထောင်ခွင့် လည်း တောင်းဆိုခဲ့ကြသည်။ ပြည်လုံးကျွတ် အလုပ်သမားများ ဆန္ဒပြပွဲကို စီစဉ်သူများက အမေရိကန်မြို့ ကြီးများ ဖြစ်သည့် ရှီကာဂို၊ ဒက်ထရွိုက်၊ မိုင် ယာမီ၊ ဒင်ဗာနှင့် အယ်အေတို့ အပါအ၀င် အမေရိကန် မြို့ပေါင်း (၁၅၀) ကျော်မှ အသင့်စား စားသောက်ဆိုင် လုပ်သားများအား သပိတ်မှောက်ရန် နှိုးဆော်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ပြည်လုံးကျွတ် သပိတ်တွင် မကြာမီက လူမည်းလူငယ် တစ်ဦးကို ရဲကပစ်သတ်မှု ဖြစ်ပြီးနောက် အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ခဲ့သည့် မစ်ဇူရီပြည်နယ်မှ စိန့်လူးဝစ်မြို့ကိုမူ ချန်လှပ်ထားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အသင့်စား စားသောက်ဆိုင် လုပ်သားများ၏ သပိတ်မှောက်မှု များမှာ ၂၀၁၂ နိုဝင်ဘာမှ စတင်လာ ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ လှုပ်ရှားမှု၏ သြဇာမှာမူ နိုင်ငံပြင်ပသို့ သက်ရောက်ခြင်း မရှိကြောင်း သတင်းက ဆိုသည်။

Source:AFP

0 comments:

Post a Comment