ရွှေမြန်မာတွေ.... အထူးသတိထားဖို့



ပြည်ပ နိုင်ငံများတွင် ခွေးစားရန်အတွက် ထုတ်လုပ်ထားသော မုန့်များကို ပြည်တွင်းရှိ စာသင်ကျောင်း အချို့တွင် ရောင်းချလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။ စာသင်ကျောင်း များတွင် စားသုံးရန် မသင့်သောမုန့်များ ရောင်းချနေခြင်းရှိ မရှိကို လိုက်လံ ကြည့်ရှုပြီး ယမန်နေ့က ပြုလုပ် ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ပြောကြား ခဲ့ခြင်းလည်း ဖြစ်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပန်းဘဲတန်း မြို့ နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ၀င်းကိုလှ၏ “ရန်ကုန်တိုင်းဒေသကြီး အတွင်း အစားသောက် ထုတ်လုပ်ရာ လက်လီနှင့် လက်ကား ရောင်းချနေမှုများကို ပုံမှန် စစ်ဆေးခြင်းနှင့် ၀ယ်သူ အသွင်ဆောင်၍ ရှောင်တခင် နမှုနာရယူပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ ဓာတ်ခွဲ စစ်ဆေးပြီး စားသုံးရန် မသင့်သော ဓာတုဗေဒ ပစ္စည်းများ၊ ရောဂါပိုးမွှားများ၊ မသန့်ရှင်းမှု အခြေအနေများကို တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စာသင်ကျောင်းတွေမှာ ရောင်းချနေတဲ့ စားသုံးရန် မသင့်တဲ့ အစားအစာတွေကို မရောင်းချဖို့ အတွက် ဌာနဆိုင်ရာတွေက ကြေညာချက်တွေ ထုတ်ပြီး နောက်ပိုင်းမှာ သိသိသာသာ လျော့နည်း သွားပေမယ့် ပြည်ပနိုင်ငံထုတ် ခွေးကျွေးတဲ့ မုန့်တွေကို ရောင်းချနေတာ တွေ့ ခဲ့ရတယ်။ ဒါတွေကို ထိထိရောက်ရောက် တားဆီးဖို့ လိုသေးတယ် ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ ခွေးစားမုန့် များကို စာသင်ကျောင်းများ၌ ရောင်းချနေကြ ခြင်းမှာ မုန့် ထုတ်ပါ စာညွှန်းများမှာ ထုတ်လုပ်သည့်နိုင်ငံ၏ စာဖြင့် ရေးသားထာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အလားတူ ပြည်ပ ထုတ်မုန့် အချို့တို့တွင် ထုတ်လုပ်သည့်နိုင်ငံ၏ စာဖြင့် အညွှန်းစာကို ရေးသားထားသော မုန့်များလည်း စာသင် ကျောင်းများတွင် ရောင်းချလျက်ရှိပြီး အဆိုပါ မုန့်များကို သက်ဆိုင်ရာဌာန ဆိုင်ရာများက ဓာတ်ခွဲပြီး စားသုံးရန် သင့်မသင့်ကို ဆောင်ရွက်ကြရန် လိုအပ် ကြောင်း ယင်းအဆိုကို ၀င်ရောက် ဆွေးနွေးခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် (၁) မှ ဒေါက်တာ စောလှထွန်းက ပြောကြားသည်။

စာသင်ကျောင်းတွေ၊ ပြင်ပ ဈေးကွက်တွေမှာ အခုလို စားသုံးရန် မသင့်တဲ့ မုန့်တွေ၊ အစားအစာတွေ ရောင်းချနေတာကို တွေ့ရင် သက်ဆိုင် ရာကို အကြောင်းကြားကြပါ၊ အကြောင်းကြားလို့ လာရောက် ဖြေရှင်းပေးခြင်း မရှိရင် မရှိတဲ့ ဌာနကိုပါ ကျွန်တော်တို့ အရေးယူ သွားပါမယ် ဟု သက်ဆိုင် ရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိတွင် စာသင်ကျောင်းများ၌ စားသုံးရန် မသင့်သော မုန့်များ ရောင်းချမှုကို ယခုနှစ် ဇွန်လမှ ဒီဇင်ဘာလ အထိ အထူးစီမံချက် ကာလ အဖြစ် သတ်မှတ်ပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ပြီး ရှောင်တခင် ၀င်ရောက် စစ်ဆေးစဉ် တွေ့ရှိပါက ပထမအဆင့် ပညာပေးခြင်း၊ ဒုတိယအဆင့် အရေးယူခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ စားသုံးရန် မသင့်သည့် အစားစာများကို ရောင်းချနေခြင်းသည် အမျိုးသား အစားအသောက်နှင့် အမျိုးသား အကျိုး စီပွားတို့နှင့် တိုက်ရိုက် သက်ဆိုင်နေ သောကြောင့် ပြည်ပမှ တင်သွင်းလာသော မုန့်များကို စနစ်တကျ စစ်ဆေးပြီးမှသာ တင်သွင်း ခွင့်ပြု သင့်ကြောင်း၊ အဆိုပါ စားသောက်ကုန်များကို ရောင်းချရန် အတွက် သိုလှောင်ကြရာ တွင်လည်း စနစ်တကျ သိုလှောင်ရန် အထူးလိုအပ်ပြီး ထိုသို့ မဟုတ်ပါက မုန့်ထုပ်များတွင် ပါဝင်သည့် သတ်မှတ် ကုန်ဆုံးရက် မရောက်မီ စားသောက်ကုန်များမှာ စားသုံးရန် မသင့်တော့သည့် အခြေအနေသို့ ရောက်ရှိ သွားနိုင်ကြောင်း ဒေါက် တာ စောလှထွန်း က ဆွေးနွေး ပြောကြားခဲ့သည်။
Messenger

0 comments:

Post a Comment