KIA အဖွဲ့တွင် အရာရှိအား တပ်ကြပ်ကြီးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွား


ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဗဟိုဌာနချုပ်လက်အောက်ခံ ဘွမ်မလွန်းရှိ တပ်ရင်း၌ စက်တင်ဘာ ၃၀ ရက် ည ၇ နာရီချိန်ခန့်တွင် အရာရှိတစ်ဦးအား တပ်ကြပ်ကြီးတစ်ဦးမှ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ တပ်ရင်းစားရိပ်သာ၌ ၎င်းတို့နှစ်ဦး အရက်သေစာသောက်စားနေစဉ် KIA ခေါင်းဆောင်ပိုင်းနှင့် ငြိမ်းချမ်းရေးကိစ္စ အမြင်ဖလှယ်ကြရာမှ စကားအချေအတင်ဖြစ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သူဒေသံတစ်ဦးက ပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံရသူမှာ ဒုဗိုလ်အဆင့်ရှိ ကလောင်းယိန်းဇုံဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်သူမှာ တပ်ကြပ်ကြီး အဆင့်ရှိ ရှန်းတိန်းနော်ဆန်းဖြစ်ကြောင်း သိရသည်။
``အဲဒီတပ်ရင်းမှာ ရွာထဲက အိမ်ထောင်ကျလို့ လိုက်နေတဲ့ မိန်းကလေးတွေရှိတယ်၊ သူတို့တောင် ကြောက်လန့် ပြီး ရွာထဲပြန်ပြေးလာကြတယ်၊ အသတ်ခံရတဲ့အရာရှိက ငြိမ်းချမ်းရေးလိုချင်တဲ့သူ၊ ပစ်တဲ့လူက ငြိမ်းချမ်းရေး မလိုချင်တဲ့သူလို့ ပြောတာပဲ၊ အဲဒီတပ်ရင်းမှာလည်း နှစ်ဖွဲ့ကွဲနေတယ်လို့ ကြားတယ်´´ ဟု ဒေသခံတစ်ဦးက ပြောသည်။
KIA အရာရှိက တိုက်ပွဲများဖြစ်ပွားခြင်းအား အလိုမရှိကြောင်း၊ ၎င်းသာ KIA ခေါင်းဆောင်ဖြစ်ပါက အစိုးရနှင့် ငြိမ်းချမ်းရေးရယူမည်ဖြစ်ကြောင်း ပြောဆိုမှုအပေါ် တပ်ကြပ်ကြီး ဖြစ်သူက လက်မခံဘဲ မင်းလိုကောင်တွေ ရှိတာ ငါတို့လူမျိုးသိက္ခာကျတယ်ဟုပြောဆိုကာ ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ သေနတ်ဒဏ်ရာများကြောင့် ဒုဗိုလ်ကလောင်းယိန်းဇုံသည် ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်၌ ၎င်းနေရာ မှာပင် သေဆုံးသွားခဲ့ကြောင်းနှင့် တပ်ကြပ်ကြီး ရှန်းတိန်းနော်ဆန်းအား ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိ ရပါသည်။
ဇော်မိုင်

0 comments:

Post a Comment