မြန်မာကားတွေကို hollywood ထိသွားပြီး ရိုက်နိုင်တဲ့သူ တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုတဲ့ Mister Global International ဆုရှင် Marco Victor

Mister Global International 2014ရဲ့ဆုရှင်ဖြစ်သူ Marco victorဟာ ခုလတ်တလောမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ပေးဖြစ်တာတွေ ရှိပေမယ့် တစ်ခြားကမ်းလှမ်းမှုတွေကိုတော့ စာမေးပွဲပြီးမှ ဆက်ပြီး လက်ခံရိုက်ကူးဖြစ်သွားမယ်လို့ သိရပါတယ်။ သူ့ရဲ့မျက်နှာထားကို ကြည့်လိုက်တာနဲ့ အင်္ဂလိပ်စပ်တဲ့လူမျိုးမှန်း တန်းသိနိုင်ပေမယ့် တစ်ခြားပြုပြင်ခွဲစိတ်ထားတာမျိုး ဘာတစ်ခုမှ မရှိဘူးလို့ဆိုလိုက်တဲ့ သူက သူ့ရဲ့အားနည်းချက်အနေနဲ့ ဘော်ဒီပိုင်းနဲ့ အသားအရေပိုင်းကို သိပ်အားမရဘူးလို့ ဆိုတဲ့အပြင် ဗမာလူမျိုးတွေနဲ့ သိပ်ထဲထဲဝင်ဝင် စကားပြောဖူးတာမျိုးမရှိခဲ့တဲ့အတွက် သူ့ရဲ့ ပြောဆိုပုံ လေယူလေသိမ်းတော့ လေ့ကျင့်ရပါဦးမယ်တဲ့။

သူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Mister Global International ပွဲသွားပြိုင်အတွေ့အကြုံ၊ ဆုရရှိခဲ့ပုံနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါမှာတော့ သူက “ကျွန်တော်ပြည်တွင်းမှာလည်း ပြိုင်ပွဲတွေ တော်တော်များများ ပြိုင်ခဲ့ဖူးပါတယ်။ ပြည်ပသွားပြီး ပြိုင်ပွဲတစ်ခုကို သွားပြိုင်တဲ့အခါမှာ တစ်ခြားနိုင်ငံရဲ့ လူမျိုးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပြိုင်ပွဲလုပ်တဲ့ပုံစံ၊ သူတို့ရဲ့စည်းလုံးမှုနဲ့ Team Work ဘယ်လောက်ရှိတယ်ဆိုတဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ အဓိက Professional ကျတဲ့ မော်ဒယ်လ်တစ်ယောက်ရဲ့ ပုံစံတွေ အများကြီး ရခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့မြန်မာလူမျိုးဆိုတာ သိအောင်လို့ သူတို့ကို ပြောပြတယ်။ မြန်မာဆိုတာ ယဉ်ကျေးသိမ်မွေ့တယ်။ ပျူပျူငှာငှာဆက်ဆံ တတ်တယ်။ စိတ်နေစိတ်ထား ကောင်းတယ် ဆိုတာမျိုးတွေ ပြောပြခဲ့တယ်။ ပြီးတော့ အဲဒီ့ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တစ်ဖွဲ့လုံးTeam Work တစ်ခုကို ဦးဆောင်ရတဲ့သူ ဖြစ်မှန်းမသိဖြစ်သွားတယ်။ အဲဒါကြောင့် အခုလို ဆုကို ရရှိခဲ့တာပါ။ ဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကြောင့် ရရှိခဲ့တယ် ဆိုတာကိုတော့ အားစိုက်မှုတွေ အများကြီးရှိပါတယ်။ မသွားခင်မှာလည်း အချိန်ကပ်ပြီးသိရတယ်။ သုံးပတ်ကျော်လောက်ပဲ အချိန်ရခဲ့တယ်။ အဲဒီ့အခါမှာကျွန်တော် GYMဆော့တယ်။ Trainning တွေ ကောင်းကောင်းဆင်းပြီး အင်္ဂလိပ်စာစကား သေချာလေ့လာပြင်ဆင်ဖြစ်တယ်။ Trainning ကောင်းကောင်းနဲ့ အတွေ့အကြုံအသစ်တွေ အများကြီး ရရှိစေတယ်။ ပြီးတော့ ဟိုမှာ သွားပြိုင်တဲ့အခါမှာ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဟိုရောက်တဲ့အခါမှာ ကျွန်တော် အဓိကစိတ်တစ်ခု မွေးလိုက်ပါတယ်။ ယှဉ်ပြိုင်ခြင်းသာ အဓိကပေါ့။ ငါဒီမှာလာပြိုင်တယ်။ နိုင်ငံ ကိုယ်စားပြုခွင့်ရခဲ့တယ်။ အဲဒီ့အပေါ် အရမ်းဝမ်းသာတယ်။ အင်္ဂလိပ်စကားကျွမ်းကျင်စွာ ပြောနိုင်တာက ငယ်ငယ်ကတည်းက အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့တယ်။ အဖေနဲ့အမြဲ English စကား အမြဲပြောနေကျဆိုတော့ အင်္ဂလိပ်စကားပြောကတော့ ရတာပေါ့” လို့ သူက ပြောပြသွားပါတယ်။

Marco ရဲ့ပရိသတ်တွေက သူဟာ ဗုဒ္ဓဘာသာလူမျိုး မဟုတ်ဘူးဆိုပြီးပြောဆို ဝေဖန်နေကျတာမျိုး တွေကိုတော့ သူက “အဲဒါနဲ့ပတ်သက်ပြီး ပြန်ပြောချင်တာက ကျွန်တော်လည်း အရမ်းကြီးမဖြေရှင်းပါဘူး။ တစ်ဖြေးဖြေးနဲ့တော့ သိလာကြမယ်လို့ထင်ပါတယ်။ ရှေ့ဆက် လျှောက်လှမ်းသွားချင်တာကတော့ သရုပ်ဆောင် ကောင်းတစ်ယောက် ဖြစ်ချင်တယ်။ မင်းသားဖြစ်ရမယ် ဆိုပြီး တွေးထားတာ မျိုးတော့မရှိပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီး အမြင့်ဆုံးရည်မှန်းချက်က တော့ ကျွန်တော်နိုင်ငံကျော် သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်တဲ့ ရည်မှန်းချက်ပေါ့။ အောင်မြင်ပြီးသွားတဲ့နောက်မှာ မြန်မာကားတွေကို hollywood ထိသွားပြီးရိုက်နိုင်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားသွားချင်ပါတယ်”တဲ့။

0 comments:

Post a Comment