ယမန်နှစ်မိုးတွင်း၏တခုသောနေ့ဝယ် အမေရိကန်သံရုံး ပြန်ကြားရေး ဌာနလက်အောက်ရှိ အမေရိကန်စင်တာ (American Center) ဟု ခေါ်သော တော်ဝင်လမ်းရှိ အမေရိကန်စာကြည့်တိုက်ဝယ် ကျွန်တော်နှင့် အခြားနှစ်ဦးကိုပင့်ဖိတ်၍ လူငယ်နှင့်ခရီးသွားခြင်း (Youth and Travel) ဟူသော ခေါင်းစဉ်ဖြင့် အင်္ဂလိပ်လို ဟောပြောဆွေးနွေးစေပါသည်။ ကျွန် တော်တို့က အင်္ဂလိပ်လိုဟောပြောပြီး တက်ရောက်လာသော လူငယ် ကျောင်းသားများကလည်း အင်္ဂလိပ်လိုမေးခွန်းများမေးကြပါသည်။ ထိုဟော ပြောပွဲသို့ လာရောက်နားထောင်သော လူငယ်အများစုမှာ အင်္ဂလိပ်စာကို ပြင်ပနာမည်ကြီး ပုဂ္ဂလိကကျောင်းကြီးများတွင် လေ့လာသင်ယူခဲ့သော ကျောင်းသားကျောင်းသူများဖြစ်သည်။ သူတို့ကိုဟောပြောပို့ချနေသော ကျွန်တော်မှာ ဘယ်ဘိုကျောင်းကိုမှ တက်ဖူးသူမဟုတ်။ ပြည်မြို့ ဒေါ်ဘုမ မူကြိုမှထွက်ကာ အစိုးရကျောင်းမှ ဆယ်တန်းအောင်လာခဲ့သူဖြစ်သည်။ ထို့ကြောင့် ကျွန်တော်စဉ်းစားမိသည်မှာ ပညာဆိုသည်မှာ လက်မှတ်ကိုခေါ် တာမဟုတ်ပါ။ ဉာဏ်ပညာနှင့် အသိကိုသာခေါ်တာပါလား။ ဤအသိ ရဖို့ဆိုလျှင် ဘယ်ကျောင်းတက်မှ တတ်မည်ဟူသော ဖော်မြူလာမရှိပါ လားဟူ၍ ဖြစ်သည်။
ယနေ့အခါ ပိုက်ဆံတတ်နိုင်သောမြို့ပေါ်နေ မိဘများသည် အချို့က သားသမီးအပေါ်စေတနာဖြင့် အချို့ကကြွားဝါချင်၍ သူတို့၏သားသမီးများ ကို အကောင်းဆုံးပညာရေးကိုပေးအပ်ရန် ကြံရွယ်ချက်ဖြင့် နိုင်ငံတကာ အဆင့်ဟု ကြွေးကြော်ထားသော ကျောင်းများ (အရပ်အခေါ်ဘိုကျောင်း များ)သို့ မိမိသားသမီးများကို ပို့လွှတ်သင်ကြားစေတာတွေ့မြင်ရပေ၏။ ထိုကျောင်းများတွင်မတက်ဘဲ နိုင်ငံတော်မှဖွင့်လှစ်ထားသည့် အခြေခံ ပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် တက် ရောက်ပညာသင်ပါက လူရာပဲမ၀င်တော့သလိုလို၊ လူညွန့်ပဲတုံးတော့မလို ပြောကြရေးကြတာကြားဖူးပေ၏။ ထိုဘိုကျောင်းများသည် ကျောင်းဝင် ကြေး ပိုက်ဆံသောက်သောက်လဲယူထားသဖြင့် ကျောင်းဝင်းအဆင်အပြင်၊ စာသင်ခန်းအနေအထား၊ ကစားကွင်း၊ သိပ္ဗံလက်တွေ့စမ်းသပ်ခန်း၊ အားကစားခန်းမ၊ ပြင်ပဗဟုသုတလေ့လာရေးစသည်တို့တွင် အစိုးရ ကျောင်းများထက် အဘက်ဘက်က မယှဉ်နိုင်အောင်သာသည်မှာ မှန်ပါ သည်။ သို့သော် ဤကိစ္စများသည် လူတယောက်ပညာသင်ကြားရေး၌ ကောင်းမွန်သော အခြေခံအဆောက်အဦများဖြစ်သော်လည်း ထိုရုပ်ဝတ္တုပစ္စည်းများရှိနေရုံမျှနှင့်လည်း စစ်မှန်သောပညာတတ်တယောက်ဖြစ် လာမည်ဟု အာမခံနိုင်သည်ကားမဟုတ်ပေ။ နက်ကတိုင်နှင့် ဘွတ်ဖိနပ်ကို စီးကာ ကြော့နေအောင်ဝတ်စားပြီး ကိုယ့်သားသမီးကျောင်းသွားသည်ကို မိဘတိုင်းကြည့်ချင်ပေလိမ့်မည်။ သို့သော် ဤသည်မှာ စက်ရုံထဲသို့ဝင်သွား သော ကုန်ကြမ်းပစ်္စည်းများနှင့်တူပေသည်ဟု ကျွန်တော်ထင်သည်။ ထို ကုန်ကြမ်းပစ္စည်းများကို အဆင့်ဆင့်ထုပ်ပိုး ပြင်ဆင်ပြီးသောအခါ အသုံးပြုနိုင်သော ကုန်ချောများထွက်လာပေမည်။ ကျွန်တော်တို့သည် စက်ရုံထဲသို့ ဘယ်လိုဝင်သွားသလဲဆိုတာသာ စိတ်ဝင်စားကြသည်။ စက်ရုံထဲမှဘယ်လို ပြန်ထွက်လာကြသလဲဆိုတာ ဆန်းစစ်မကြည့်ကြပေ။ ကုန်ကြမ်းဘယ်လို ကောင်းသော်လည်း ကုန်ချောဖြစ်မလာဘဲ သုံးမရ၍ပစ်လိုက်ရသည့် ဖြစ် စဉ်များလဲရှိမည်။ နိုင်ငံကျော်အဆိုတော်တဦး၏ သားမှာ ထိုကဲ့သို့သော ဘိုကျောင်းတွင်သွားထားရာ စာမလိုက်နိုင်ဘဲ မကြာခဏကျနေသဖြင့် ယခုအခါ နိုင်ငံခြားတွင်ကျောင်းဆက်တက်ချင်၍လည်း မရ၊ အစိုးရ ကျောင်းတွင် ပြန်တက်ဖို့ကလည်း လူကကြီးကာ အတန်းကငယ်နေသဖြင့် အရှက်ကွဲရမည့်အပေါက်ဖြစ်ကာ စကောစကဖြင့်ပညာရေးတပိုင်းတစဘ၀ ဖြင့်ရပ်တန့်သွားလေသည်။ အချို့ကျောင်းသားကျောင်းသူအချို့မှာလည်း မြန်မာပြည်မှာနေ မြန်မာမိဘနှစ်ပါးကမွေးလာပါလျက် မြန်မာလိုတောင် ဌာန်ကရိုဏ်းကျအောင် မပြောတတ်၊ မရေးတတ်တော့တာ ၀မ်းနည်းဖွယ် ဖြစ်ပေသည်။ ပညာသင်ကြားသောရည်ရွယ်ချက်မှာ မိမိဘာသာအကောင်း အဆိုး ဝေဖန်သုံးသပ်နိုင်သော လောကအလင်းရောင်ဟု ခေါ်တွင်အပ်သော ဉာဏ်ပညာကိုရရန်ဖြစ်သည်။ ဘွဲ့ရခြင်းနှင့် ပညာဉာဏ်ရလာခြင်း သည်မတူပေ၊ ဘယ်ကျောင်းကိုတက်ခဲ့သည်ဆိုသည်ထက် မည်ကဲ့သို့သော အသိဉာဏ်မျိုးကိုရခဲ့သည်ဆိုခြင်းကပို၍ ပဓာနကျပေသည်။ ဤသို့ပြော ခြင်းဖြင့် အင်္ဂလိပ်နာမည်အမျိုးမျိုးဖြင့် ဖွင့်လှစ်နေသော မြန်မာပြည်မှ ပုဂ်္ဂလိက ဘိုကျောင်းများကို နှိမ်လိုရင်းမဟုတ်၊ ထိုကျောင်းများလည်း ကောင်းပါသည်၊ သို့သော် မြန်မာနိုင်ငံသားအများစု မှီခိုနေထိုင်ရသော ကျောင်းများမှာလည်း သုံးတတ်လျှင် သူ့အတိုင်းအတာနှင့်အသုံးဝင်ပါသည် ဟု ဆိုလိုရင်းဖြစ်သည်။ ကျောင်းနေရင်း၏ အဓိကအချက်မှာ ဉာဏ်အလင်း ဓာတ်ရဖို့ဖြစ်သည်ဆိုခြင်းကို မိဘများရောကျောင်းသားများပါမမေ့ကြဖို့ ထောက်ပြလိုခြင်းဖြစ်သည်။
ငါဘယ်ကျောင်းမှာတက်နေသည်ဆိုခြင်း ထက် ငါသည် အသိပညာဉာဏ်အလင်းနှင့် ဆင်ခြင်တုံတရားမည်မျှရှိနေ ပြီဆိုခြင်းက ပို၍အရေးကြီးသဖြင့် မိမိကိုယ်ကိုအမှန်အတိုင်း မေးကြည့် ကြစေလိုပါသည်။ ကျွန်တော်သည်ပြည်မြို့ ပန်းပဲတန်း မူလတန်းကျောင်း မှအခြေခံပညာကိုရရှိခဲ့ပြီး အထက (၁) ပြည်မြို့မှ အထက်တန်းအောင် မြင်ခဲ့သည်ဖြစ်ရာ မည်သည့်နိုင်ငံတကာအဆင့်ကျောင်းသို့မျှမတက်ခဲ့ဖူး ပါ။ သို့သော် အထက်တန်းတက်နေစဉ်ကပင်နေ့စဉ် ကျောင်းစာကြည့်တိုက် သို့သွားကာ အချိန်ရသမျှ ပြင်ပစာများဖတ်ရှုလေ့လာခြင်း၊ ရန်ကုန် တက်္ကသိုလ် စာကြည့်တိုက်၊ ကုလသမဂ္ဂစာကြည့်တိုက်၊ British Council စာကြည့်တိုက်၊ American Center စာကြည့်တိုက်စသည်ဖြင့် စာကြည့် တိုက်ပေါင်းစုံသို့ မကြာမကြာသွားကာ ပညာဆည်းပူးခြင်းဖြင့် ဉာဏ် အလင်းရောင်ပို၍ ကျယ်ဝန်းအောင်ဖြည့်ဆည်းနိုင်ခဲ့ပါသည်။ ငါက ဘိုကျောင်းတွင် မတက်နိုင်ဘူး သူတို့ရသောပညာများငါတော့ရမှာ မဟုတ် ပါဘူးဟု စိတ်မထားအပ်ပေ။ လူတယောက်၏ အရည်အချင်းမှာ သူသည် ဘယ်ကျောင်းတွင်တက်ခဲ့သည်ဆိုခြင်းနှင့် ဆုံးဖြတ်၍မရဘဲ သူသည် ဘယ် လောက်အထိ လေ့လာသင်ယူခဲ့သည်၊ ဘယ်လိုကြိုးစားခဲ့သည်ဆိုတာနှင့်ပဲ တိုင်းတာ၍ရကောင်းပါသည်။ သမ္မတလင်ကွန်းသည် သစ်ခုတ်သမား တယောက်ဘ၀မှ ပညာတတ် သမ်္မတကြီးဖြစ်လာခြင်းမှာ ကျောင်းကောင်း ကောင်းတွင်နေရ၍မဟုတ်၊ မဖြစ်မနေကြိုးစားချင်သော စိတ်ဆန်္ဒကြောင့် ဖြစ်သည်။ ယခုလို နိဒါန်းချီနေရသည်မှာ မြန်မာနိုင်ငံတွင် စတင်အမြစ် တွယ်စပြုနေသော လူမှုရေး၊ နိုင်ငံရေး နယ်ပယ်များ၌ နိုင်ငံတကာမှ ဖွင့်လှစ်သော ဘွဲ့များ၊ ဒီပလိုမာများ၊ ဆာတီဖီကိတ်များ၊ သင်တန်းဆင်း လက်မှတ်ရှိသူများသာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လူတွင်ကျယ်အဖြစ် နေရာယူ နေရာပေးနေကြခြင်းကိုမြင်နေရသောကြောင့်ဖြစ်သည်။ ဘယ် နိုင်ငံ ဘယ်တက်္ကသိုလ်ကြီးမှ ဘာဘွဲ့ကြီးရလာသော ဖွဲ့စည်းပုံဥပဒေပညာ ရှင်ဟုတမျိုး၊ ဘယ်နိုင်ငံဘယ်တက်္ကသိုလ်ကြီးတွင် တွဲဖက်ပါမောက်္ခအဖြစ် တာဝန်ထမ်းဆောင်နေသော သမိုင်းပညာရှင်ဟူ၌တဖုံ၊ ကုလသမဂ်္ဂ၏ ဘယ်အဖွဲ့ကြီးတွင် ဘာတာဝန်ထမ်းဆောင်ခဲ့သော ပညာရှင် ဘယ်သူက ပြောသည်ဟူ၍ တနည်း ဉာဏ်ပညာနှင့်စေတနာထက် ဘွဲ့နှင့်ကျောင်းကို ခေါင်းပေါင်းပေါင်းလာကြသောကိစ်္စများကိုသာ တွေ့လာရသောကြောင့် ဖြစ်သည်။
စေတနာသည်ကံဖြစ်သည်ဟု ဗုဒ္ဓဘုရားရှင်ကဟောပါသည်။ သင် သည် မည်မျှပညာတတ်သည်ဖြစ်စေ စေတနာမကောင်းပါက ကံကောင်း နိုင်မည်မဟုတ်။ ကုသိုလ်ရေးလုပ်ရာတွင် ကံငါးပါးဟုခေါ်သော အခြေခံ သီလခိုင်လုံဖို့လိုသလို၊ နိုင်ငံရေးလုပ်ရာတွင် နိုင်ငံရေးသီလမကျိုးပေါက် ဖို့လိုပေလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုန်းတော်ကြီး ဦးသောဘိတ ကျောင်းထွက်ဖြစ်သည်။ နတ်မောက် အစိုးရအထက်တန်းကျောင်းမှ အထက်တန်းအောင်ခဲ့သူဖြစ်သည်။ သူသည် ILBC ကိုလည်း မတက်ဖူး ခဲ့၊ Horizon ကိုလည်း မတက်ဖူးခဲ့၊International School သို့ လည်း အနားပင်မသီဖူးခဲ့၊ B.C တို့ အမေရိကန်စင်တာတို့လည်း ရောက်ဖူး သူ မဟုတ်၊ ဒဂုန်(၁) ထွက်လည်းမဟုတ်၊ TTC ကျောင်းထွက်လည်း မဟုတ်၊ နန်ယန်ကျောင်းတွင်လည်း ကျောင်းတက်ခဲ့သူမဟုတ်။ ထူးချွန် မည့်သူသည် ထူးချွန်မည် ဖြစ်သည်။ ကျောင်းက အဓိကမဟုတ် လူက အဓိကဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တောကျောင်းမှ အထက်တန်း အောင်သော်လည်း အင်္ဂလိပ်စာတွင်ညံ့သူမဟုတ်ကြောင်း သူအင်္ဂလိပ်လို ရေးခဲ့ပြောခဲ့သော မိန့်ခွန်းများက သက်သေခံနေသည်။ ဗိုလ်ချုပ်ပြတိုက် ဖွင့်လှစ်ထားသော ရန်ကုန်မြို့ တာဝါလိန်းလမ်း နေအိမ်အပေါ်ထပ် စာကြည့်ခန်းထဲတွင် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်းဖတ်ခဲ့သည့် အင်္ဂလိပ်စာအုပ်များကသက်သေခံနေပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်သို့စရောက်ကာစက အင်္ဂလိပ်စာတော်သည်မဟုတ်ပေ။သူပြောသော အင်္ဂလိပ်စာမှာ သိပ်ပြီးအစပ်အဟပ်မတည့်သဖြင့် ဘိုကျောင်း ထွက် ကောလိပ်ကျောင်းသားများ၏ ၀ိုင်းဝန်းလှောင်ပြောင်မှုကို ခံခဲ့ရသူ ဖြစ်သည်။ သို့သော် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဘာကိုပဲလုပ်လုပ် ဖိဖိစီးစီးဇွဲကြီးမဲကြီး လုပ်ကိုင်လေ့ရှိသော အောင်ဆန်းသည် နှစ် အနည်းငယ်အတွင်း အင်္ဂလိပ်လို ဂျောင်းဂျောင်းပြေးအောင်ပြောနိုင်သည်ကို ဘိုကျောင်းထွက်များကပင် ငေးယူရသည့်အခြေအနေသို့ရောက်အောင် ကြိုးစားပြနိုင်ခဲ့သည်။ လူတော်တယောက်သည် ကိန်းဘရစ်ဂ်ျ တက်္ကသိုလ် မှာပဲတက်တက်၊ နတ်မောက်အထက်တန်းကျောင်းမှာပဲနေနေ တော်မည့် သူက တော်မည်သာဖြစ်သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ရာထူးကိုသက်တမ်းနှစ်ကြိမ် အောင်မြင်စွာထမ်းရွက်နိုင်ခဲ့သော မြန်မာ့ဂုဏ်ဆောင်ဦးသန့်သည် ILBC လည်း မတက်ဘူးပါ။ YES မှာလည်း အင်္ဂလိပ်စာမသင်ဖူးပါ။ ဗြိတိသျှသံရုံးမှာလည်း အင်္ဂလိပ်စာမလေ့လာဖူးပါ။ အမေရိကန်စင်တာမှာလည်း မင်ဘာမဟုတ်ပါ။ တော်မည့်သူကတော်သည်သာဖြစ်သည်။ ဦးသန့် အသက်(၆)နှစ်သားတွင် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ ဆရာ ကြီးဦးဘဟန်၏ မြန်မာကျောင်းတွင် စတင်ပညာသင်ကြားသည်။ ပန်းတနော် အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်တက်္ကသိုလ်သို့ တက်ရောက်ပညာဆည်းပူးသည်။ တကောင်းကျောင်းဆောင်၊ ပုဂံကျောင်းဆောင်များတွင် နေထိုင်ခဲ့ကာ အသက် (၁၉)နှစ်တွင် ဥပစာတန်း (IA) အောင်မြင်ခဲ့သည်။ ဦးသန့်ကို ဖခင်ဖြစ်သူဦးဘိုးနှစ်က အိမ်တွင်အင်္ဂလိပ်စာသင်ပေးသည်။ ၀ါသနာပါ၍ လေ့လာသဖြင့် မောင်သန့်သည် အသက် (၁၂)နှစ်အရွယ်ကပင် ရှိတ်စပီး ယားစာအုပ်များနှင့် ဆာအာသာကိုနင်ဒွိုင်းစာအုပ်များကို အင်္ဂလိပ်လို ဖတ်နိုင်နေပြီဟုဆို၏။ အရင်းအမြစ်စစ်လိုက်သောအခါ ဗိုလ်ချုပ်အောင် ဆန်းရော၊ ဦးသန့်ရော၊ ဦးနုရော အင်္ဂလိပ်စာတော်ခြင်းမှာ အင်္ဂလိပ်စာ အဓိကသင်သော ကျောင်းကောင်းကောင်းမှာနေရ၍မဟုတ် မိမိဘာသာ ၀ါသနာပါသဖြင့် လေ့လာသောကြောင့်ဖြစ်သည်။ သူတို့သုံးယောက်လုံး တွင် တူညီသာအချက်မှာ အင်္ဂလိပ်စာကောင်းစွာတတ်သော်လည်း မြန်မာ စာတွင် မညံ့ကြခြင်းဖြစ်သည်။ မညံ့သည့်အပြင် အလွန်ကောင်းမွန်သော စာပေလက်ရာများကိုပင် ပြုစုနိုင်ခဲ့သည်။ ယခုခေတ်အင်္ဂလိပ်စာလေး အနည်းငယ်သင်မိသည်နှင့် ““မြန်မာလိုဘယ်လိုခေါ်ရမလဲဆိုတော့”” ဟူသော စကားကိုအရသာခံပြောတတ်သော ကျီးမဟုတ်၊ ကြက်မဟုတ် သူများနှင့်မူ အတော်ကြီးကွာခြားလှသည်။
ဖဆပလအဖွဲ့ကြီး၏ခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသည် လည်း ငယ်စဉ်က ၀ါးခယ်မမြို့ရှိ အင်္ဂလိပ် မြန်မာအလယ်တန်းကျောင်းတွင် ပညာ ဆည်းပူးခဲ့သူဖြစ်သည်။ ထိုမှတဆင့်ရန်ကုန်တက်္ကသိုလ်သို့ရောက်ရှိ လာသူဖြစ်သည်။ ထို့နောက်နိုင်ငံလှုပ်ရှားမှုထဲတွင် ဆက်တိုက်ပါဝင်လာ ပြီး လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်အဖြစ်နှင့် ကမ္ဘာသိ ထင်ရှားသူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းရော၊ ဦးသန့်ရော၊ ဦးနုပါ တောကျောင်းထွက်များဖြစ်သော်လည်း အင်္ဂလိပ်စကားကို စကားပြန် မလိုဘဲ ကျွမ်းကျင်စွာပြောနိုင်သည်။ အင်္ဂလိပ်လိုကောင်းကောင်းရေးနိုင် ဖတ်နိုင်သည်။ သူတို့၏ပညာရေးကို အောက်စဖို့ဒ်၊ ယေးလ်၊ ကိန်းဘရစ် စသော ကမ္ဘာကျော်တက္ကသိုလ်မှကျောင်းပြီးခဲ့သူများက အထင်မသေးရဲကြ ပေ။ ဦးသန့်ကို ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးအဖြစ် အမည်စာရင်းတင်သွင်းထားသောအခါ မလိုသူများက ဦးသန့်သည် ဘီအေ ဘွဲ့ရရှိခဲ့သူမဟုတ်ဟူသော အကြောင်းပြချက်ဖြင့် ကန့်ကွက်ခဲ့ကြသည်။ သို့သော် ဦးသန့်သည် ရန်ကုန်တက္ကသိုလ်တွင် အိုင်အေတန်းကို အောင်မြင် ခဲ့ပြီး ဖြစ်သည်။ သူ့ဘာသာဆက်မတက်ချင်ဘဲ အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဆရာဝင်လုပ်သောကြောင့်သာ ဘွဲ့မရခြင်းဖြစ်ကြောင်း အားလုံးသိကြသဖြင့် ဘီအေဘွဲ့ရခြင်း မရခြင်းကိုမည်သူကမျှ အရေးတယူ ပြောမနေတော့ဘဲ တော်သည်နှင့်အညီ UN အတွင်းရေးမှူးတင်မြှောက်ခဲ့ ကြခြင်းဖြစ်သည်။
ဗိုလ်ချုပ်အေင်ဆန်း၊ ဦးသန့်၊ ဦးနုတို့၏ နိုင်ငံရေးလမ်းစဉ်ကို ကြိုက်သူများလည်းရှိမည်၊ အချို့သူများက မကြိုက်သည်လည်းရှိမည်။နိုင်ငံရေးလမ်းစဉ်ခြင်း အယူဝါဒခြင်းကွဲပြား၍ ဝေဖန်ပြစ်တင်သူများပင်ရှိ မည်။ သို့သော် မည်သို့ပင်အယူအဆမတူ၍ ကွဲပြားကြစေကာမူ သူတို့သုံးဦး နှင့်ပတ်သက်လာလျှင် ရန်သူရော မိတ်ဆွေရော အားလုံးက တညီတညာ တည်း သတ်မှတ်ဝန်ခံကြသည်မှာ သူတို့သည် မိမိကိုယ်ကျိုးအတွက် တိုင်းပြည်ဥစ်္စာဘဏ္ဍာကို တစိုးတစေ့မှ ထိခဲ့ကြသူများမဟုတ်။ မိမိကိုယ်ကျိုး အတွက် တိုင်းပြည်ကို ရောင်းစားဖို့နေနေသာသာ ရာထူးအာဏာကို ကိုယ် ကျိုးအတွက် ဘယ်သောအခါမျှ အသုံးမချခဲ့ကြောင်း အားလုံးက ၀န်ခံကြ ခြင်းဖြစ်သည်။ ဤသည် ကိုယ်ကျင့်တရားဖြစ်သည်။ နိုင်ငံရေးသီလ ဟူသည် ရှိသေး၏။ နိုင်ငံရေးတွင် ကိုယ်ကျင့်တရားသည်အရေးကြီးသလို နိုင်ငံရေးသီလသည် ထပ်တူအရေးကြီးပေ၏။ နိုင်ငံရေးသီလဟူသည်မှာ မိမိအကျိုးနှင့် အများအကျိုးယှဉ်လာလျှင် အများအကျိုးကို ဦးစားပေးခြင်း၊ အများအကျိုးနှင့် နိုင်ငံအကျိုးယှဉ်လာလျှင် တနိုင်ငံလုံးအကျိုးကို ဦးစားပေး ခြင်းတို့ဖြစ်သည်။ ထိုသို့မဟုတ်ပါဘဲ မိမိနှင့်မိမိပါတီ၊ မိမိအဖွဲ့အစည်း အသာစီးရဖို့ မတရားသောအဖွဲ့တဖွဲ့ကို မတရားမှန်းသိပါလျက် ထောက်ခံ ခြင်း၊ ပူးပေါင်းခြင်း၊ လိမ်လည်ခြင်း၊ ပြည်သူကိုသစ်္စာဖောက်ခြင်းများသည် နိုင်ငံရေး သီလကျိုးပေါက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့၊ ဦးသန့်တို့ကို ယခုအချိန်အထိ ကြည်ညိုသူပေါသည်မှာ ကိုယ်ကျင့်တရား ကောင်းသလို နိုင်ငံရေးသီလလည်း မြဲသောကြောင့် ဖြစ်သည်။
ယနေ့ခေတ်အခါတွင် နိုင်ငံ့အရေးကို ဆောင်ရွက်ကြပါသည် ဟူသော နိုင်ငံရေးသမားများစွာပေါ်ပေါက်နေကြသည်။ အချို့သည် အစိုးရ နှင့် ကင်းကင်းနေကာ အတိုက်အခံနိုင်ငံရေးသမားအဖြစ် တောက်လျှောက် လုပ်ကိုင်လာကြ၏။ အချို့မှာ ထင်ပေါ်သဖြင့် စင်တော်ကောက်သည်ဟု ပဲပြောပြော၊ ပုလင်းတူဘူးဆို့ပူးပေါင်းမိကြသည်ပဲဆိုဆို အာဏာရ အသိုင်း အ၀ိုင်း၏ ခေါ်ယူအသုံးချခြင်းကို ကျေကျေနပ်နပ်ခံယူ၍ နိုင်ငံရေးဖြစ်စဉ် တွင် လူမြင်သာသောကဏ္ဍမှ ပါဝင်ကပြကြလေသည်။ အချို့လူများသည် လူတော်တွေဖြစ်ကြကုန်၏။ နိုင်ငံခြားတက္ကသိုလ်များမှပေးသော ဘွဲ့ထူးဂုဏ်ထူး တသီကြီးကိုရထားသူများလည်းပါသည်။ သူတို့သည် ပညာ တတ်များပီပီ ဘိုလိုတွေမှုတ်လျက် ရှင်းနေသောအကြောင်းအရာတခုကိုပင် လူတွေနားမလည်အောင် ရှုပ်သွားအောင် အလွန်ကြီးမားသော အင်္ဂလိပ် စာလုံး ခံ့ခံ့ထည်ထည်ကြီးတွေကိုသုံးကာ ဟောပြောနိုင်ကြပေ၏။ လက် တွေ့တွင် တခါမှ ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံမှုမရှိဘဲ သဘောတရား ရေးရာများ သီအိုရီများ ဖော်မြူလာများကို နှုတ်တက်ရွရွ ရွတ်ဆိုနိုင်ကြ ပေကုန်၏။ Moderate နဲ့ Radical တို့ Reform တို့၊ Hard Liner တို့၊ No Trust တို့၊ Political Opening တို့၊ Reality တို့၊ Win Win Theory တို့၊ Constitutional Crisis တို့၊ Power Sharing တို့၊ ဘိဇနက်တို့၊ Opposition တို့၊ Awarness တို့ Third World တို့ စသည်ဖြင့် ပြောမဆုံးအောင် ရွတ်ပြကြပေလိမ့်မည်။ သို့သော်တခုရှိ သည်မှာ ထိုဘိုကျောင်းထွက်တွေ၊ နိုင်ငံခြားပြန်တွေကို ပြည်သူတွေက မယုံ။ ဤလူတွေသည် အစိုးရနှင့်ပေါင်းကာ လူကြားကောင်းအောင် စကား ကြီး စကားကျယ်တွေပြောနေကြသည်မှတပါး ပြည်သူလူထု၏ရင်ထဲ အသည်းထဲအထိရောက်မလာနိုင်ကြခြင်းမှာ နိုင်ငံရေး၏အသည်းနှလုံးဟု ခေါ်ဆိုအပ်သော ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးသီလ မစင်ကြယ်ခြင်း ကြောင်းဖြစ်သည်။ ဆိုဖာပေါ်မှာထိုင်၍ နိုင်ငံရေးစကားတွေ ပြောနေသော် လည်း ပြည်သူလူထု၏ မျက်ရည်ကို ကိုယ်တိုင်ခံစားမကြည့်နိုင်သောအခါ ထိုလူတွေ၏ပြောစကားကို မည်သူမျှနားလည်မည်မဟုတ်ချေ။
ဗိုလ်ချုပ် အောင်ဆန်းသည် တခါတရံအပြောဆိုးသော်လည်း လူတွေကချစ်ကြသည် မှာ သူ့နှလုံးသားသည် ပြည်သူတွေနှင့်တသားတည်းဖြစ်နေသောကြောင့် ပင်တည်း။ ထိုသို့မဟုတ်ဘဲ အပြောတမျိုး၊ အလုပ်တမျိုးဖြစ်ကာ ပြည်သူ ကို မိဘနှင့်နှိုင်းပြီး စကားလုံးချိုချိုကလေးများဖြင့် လစဉ်လေလှိုင်းမှ သြ၀ါဒကထာမြွက်ကြားနေလည်း ပြည်သူကဂရုစိုက်မည် မဟုတ်ချေ။ စကားလုံးများထက် စေတနာသည် အရေးကြီး၏။ မြေမဲ့ယာမဲ့ဒုက္ခ၊ လယ် သမားများ ထောင်ချခံရသောဒုက္ခ၊ ပြည်တွင်းစစ်မရပ်စဲနိုင်သေးသည့်ကိစ္စ၊ ဥပဒေစိုးမိုးမှုမရှိသောကိစ္စစသည်တို့ကို စကားလုံးလှလှလေးတွေသည် လာမကယ်နိုင်။ ပြည်တွင်း ပြည်ပမှ ဘွဲ့ထူးဂုဏ်ထူးတွေ အမြီးအမောက် တွေထက် ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးသီလသည် ပို၍အရေးကြီး၏။အချုပ်အားဖြင့်ပြောရလျှင် သင်ဘယ်ကျောင်းမှာစာသင်ခဲ့သည်ဆိုခြင်း သည် အရေးမကြီးပါ။ သင်ဘာစာတွေသင်ခဲ့သည်၊ သင်ဘာတွေလုပ်နိုင် သည်၊ သင်ဘာတွေလုပ်နေသည်ဆိုခြင်းက ပို၍ အရေးကြီးပါသည်။ ဟစ်တလာ၊ ပိုပေါ့၊ အိုစမာဘင်လာဒင်နှင့် မြန်မာပြည်မှ ဟိုပုဂ်္ဂိုလ်ကြီး တို့သည် တက်ရောက်ခဲ့သောကျောင်းမတူသော်လည်း သင်ယူခဲ့သော ဘာသာတွဲခြင်း တူညီပုံရလေသည်။
ထို့ကြောင့်မည်သည့်ခေတ်တွင် မဆို
တောကျောင်းမှာပဲနေနေ
မြို့ကျောင်းမှာပဲတက်တက်
ဘိုကျောင်းကပဲထွက်ထွက်
တော်မည့်သူသည် တော်ကိုတော်မည်။ ညံ့မည့်သူသည်ညံ့ကို ညံ့မည်။ လိမ်မည့်သူသည် လိမ်ကိုလိမ်မည်၊ ယုတ်မာမည့်သူသည် ယုတ်ကိုယုတ်မာမည်ဖြစ်သည်။ ကျောင်းသည် သာမည၊ လူသည် အဓိက ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
0 comments:
Post a Comment