အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေခြင်း အကြောင်းများ . . . . .


လူနေမှုပုံစံ မှားယွင်းတာနဲ့အမျှ သင့်ကို ပိုမိုအိုမင်းရင့်ရော်စေတတ်ပါတယ်။ နုပျိုမှုကို ထိခိုက်နိုင်တဲ့ အကျင့်ဆိုးတွေကို ရှောင်ပေးခြင်းဖြင့် အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးနိုင်ပြီး သင့်ကို ငယ်ရွယ်နုပျိုစေမှာပါ။

၁။ ဆေးလိပ်သောက်ခြင်း
ဘယ်နည်းနဲ့မဆို ဆေးလိပ်က သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတာတော့ ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။ ဒါတင်မကပဲ သင့်ကိုလည်း အရွယ်ရင့်စေပါတယ်။ လေ့လာတွေ့ရှိချက် များစွာအရ ဆေးလိပ်ကြောင့် သင့်နှလုံးနဲ့ အဆုတ်မှာ ဆိုးရွားတဲ့ အန္တရာယ် ကျရောက်စေနိုင်ပါတယ်။ ဆေးလိပ်က သင့်အရေပြား ကလာပ်စည်းတွေကို ကျုံ့သွားစေတာမို့ သင့်ကို အိုမင်းရင့်ရော်စေမှာအမှန်ပါပဲ။ ဒါတင်မက သင့်ပတ်ဝန်းကျင်က ဆေးလိပ်သောက်သုံးသူတွေ များနေရင်လည်း သင့်မှာ ဘေးထွက်ဆိုးကျိုးတွေရှိစေနိုင်တာမို့ ဝေးဝေးရှောင်သင့်ပါတယ်။

၂။ ရုတ်တရက် ဝိတ်အမြန်ချပစ်ခြင်း
မွေးနေ့မတိုင်ခင်၊ ပွဲနေပွဲထိုင်တွေအတွက် ရက်တိုတိုအတွင်း ကိုယ်အလေးချိန် ၁၀ ပေါင်လောက်ကို ဝုန်းကနဲ ချပစ်ချင်သူတွေ အများအပြားရှိပါတယ်။ ကိုယ်အလေးချိန်လျော့ခြင်းက ကောင်းတဲ့ အလေ့အထဖြစ်ပေမယ့် အမြန်ချပစ်ရင်တော့ လုံးဝမကောင်းတဲ့ စိတ်ကူးပါပဲ။ ရေရှည်အတွက်လည်း အဆင်မပြေနိုင်ပါဘူး။ ရလဒ်အနေနဲ့ သင့်ရဲ့စွမ်းအင်တွေကုန်ဆုံးပြီး အိုမင်းရင့်ရော်စေတော့တာပဲ။ ပုံမှန်အနေနဲ့ တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင် ကိုယ်အလေးချိန်ကျနိုင်ရင် သင့်အတွက် လုံလောက်ပါပြီ။

၃။ အိပ်ချိန်လုံလောက်စွာမရခြင်း
အသက်ကြီးလာတဲ့အခါ အိပ်ချိန်ကို အများကြီးမလိုအပ်ဘူးလို့ သင် ထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် လုံလောက်တဲ့ အိပ်ချိန်၇နာရီ မှ ၈နာရီလိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်တဲ့အခါ အရေးကြောင်းတွေ တိုးပွားလာပြီး ကိုယ်အလေးချိန်ပါ မြင့်တက်လာတော့တာပဲ။ ဒါကြောင့်အိပ်ရာဝင်ချိန်ကို ညဥ့်မနက်စေပဲ ညစဉ်လုံလောက်တဲ့ အိပ်စက်မှုရအောင် ယူပေးသင့်ပါတယ်။

၎။ အမုန်း၊ အာဃာတ အလွန်များခြင်း
ဘဝက ထင်ထားတာထက်တိုပါတယ်။ မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာတောင် သိဖို့ခက်ပါတယ်။ ဒါ့ကြောင့် လူတစ်ဦးပေါ်တစ်ဦး အာဃာတများမထားပဲ ခွင့်လွှတ်တတ်အောင် ကြိုးစားရပါမယ်။ ခွင့်လွှတ်ခြင်းက ရုပ်ပိုင်းဆိုင်ရာတင်မကပဲ စိတ်ပိုင်းဆိုင်ရာကိုပါ များစွာအထောက်အကူပြုပါတယ်။ အကျိုးရလဒ်အနေနဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေ၊ စိတ်ကျရောဂါတွေကို လျော့ချပေးပြီး သင့်နုပျိုမှုဆီ ဦးတည်နေပါတယ်။

၅။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များမစားခြင်း
ဒီအတိုင်းသာဆို သင်လျင်မြန်စွာ အိုမင်းရင့်ရောင်မှာ အသေအခြာပါပဲ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို အရောင်စုံတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှ အဓိကရရှိနေလို့ပါပဲ။ ဒါကြောင့် အသား၊ငါးအပြင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို အလေးထားစားပေးရပါမယ်။

၆။ ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း
အားကစားခန်းမ၊ ရေကူးကန် စတာတွေကို မသွားနိုင်ရင်တောင် တစ်ပတ်ကို သုံးကြိမ်၊ တစ်ကြိမ်ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးခြင်းကလည်း သင့်ကျန်းမာရေးကို အထောက်အကူပြုသလို စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် အရွယ်တင် နုပျိုစေမှာအမှန်ပါပဲ။

၇။ အရက်သေစာသောက်စားခြင်း
တန်ဆေးလွန်ဘေးပါ၊ ဆေးဖြစ်ဝါးဖြစ်ဆိုရာက အရက်ကို စွဲမြဲသောက်သုံး ဖြစ်တတ်ကြပါတယ်။ အမျိုးသားများအတွက် နေ့စဉ် အရက်တစ်ခွက်သောက်သုံးခြင်းနှင့် အမျိုးသမီးများအတွက် နေ့စဉ် အရက် ခွက်တစ်ဝက် သောက်သုံးခြင်းက လိုတာထက်ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။ တချို့ ဆေးဝါးတွေက မဖြစ်မနေ အရက်နဲ့ တွဲဖက်သောက်သုံးရတတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ပမာဏကို ဆရာဝန်ထံမေးပြီး ဆေးအညွှန်း အချိုးအစားအတိုင်း သောက်သုံးခြင်းဖြင့်သာ အန္တရာယ်ကင်းမှုကို ရယူပါ။

0 comments:

Post a Comment