သြစတြေးလျတွင် အကြမ်းဖက်ဝါဒ အန္တရာယ်ကို အဆင့်တိုးမြှင့် သတ်မှတ်

သြစတြေးလျနိုင်ငံသည် အကြမ်းဖက်ဝါဒ
အန္တရာယ်ကို အလယ်အလတ် အဆင့်မှနေ
၍ အန္တရယ် ရှိသောအဆင့်သို့ ပြောင်းလဲသတ်
မှတ်လိုက်ကြောင်း သြစတြေးလျဝန်ကြီးချုပ်
တိုနီအက်ဘက်ထ်က ကြေညာခဲ့သည်။
အီရတ် နှင့် ဆီးရီးယားရှိ စစ်ပဋိပက္ခများတွင် သြစတြေးလျနိုင်ငံသားအချို့ စစ်သွေးကြွများနှင့် ပူးပေါင်းပါဝင်လျက်ရှိနေရာ သြစတြေးလျနိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်လာမည့်အရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလာသဖြင့် ထိုကဲ့သို့ အဆင့် ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။ 

အစ္စလာမ်မစ် အဖွဲ့များနှင့် အတူတူ အလုပ်လုပ်နေကြသည့် သို့မဟုတ် အစ္စလာမ်မစ်အဖွဲ့များ၏ စည်းရုံးမှုနောက်သို့ ပါ သွားကြသည့် သြစတြေးလျနိုင်ငံသား အရေအတွက် ပိုများလာခြင်းကြောင့် လုံခြုံရေးအရာရှိများအနေဖြင့် စိုးရိမ်လျက် ရှိကြကြောင်း ၀န်ကြီးချုပ် အက်ဘက်ထ် က ဆိုခဲ့သည်။


သို့ရာတွင် ထိုကဲ့သို့ အန္တရာယ်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ခြင်းသည် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုခု ပြု လုပ်ကြတော့မည်ဟု သတင်းရထားခြင်းကြောင့် မဟုတ်ကြောင်း ၎င်းက ဆိုခဲ့သည်။


“အဲဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်လာတော့မယ်လို့ ဆိုလိုတာ မဟုတ်ကြောင်းတော့ ကျွန်တော် အလေး အနက် ပြောကြား ချင်ပါတယ်။ အကြမ်းဖက်မှု အစီအစဉ်တစ်ခုခု လုပ်ကြတော့မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းမျိုး ကျွန်တော်တို့မှာ မရှိပါဘူး” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ တကယ်ရှိနေတဲ့ ထောက်လှမ်းရေးသတင်းကတော့၊ သြစတြေးလျမှာ အကြမ်းဖက်မှုတွေ လုပ်နိုင်တဲ့ စွမ်း ရည် နဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့ လူတချို့ ရှိနေတယ်ဆိုတဲ့ အချက်ပါ” ဟု ၎င်းက ဆိုခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသရှိ IS အဖွဲ့ နှင့် Jabhat al-Nusra အဖွဲ့ခေါ် al-Nusra တပ်ဦးအဖွဲ့ ကဲ့သို့သော ဂျီဟတ်ဝါဒီ အဖွဲ့များ အတွက် တိုက်ခိုက်ရန် သြစတြေးလျနိုင်ငံသား ဒါဇင်ပေါင်းများစွာ အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ခဲ့ကြကြောင်း သြစတြေးလျ အာဏာပိုင်များက ဆိုကြသည်။

ထိုတိုက်ခိုက်ရေး သမားများ နှင့် ထိုအဖွဲ့များအား ထောက်ခံသူများ သြစတြေးလျ နိုင်ငံသို့ ပြန်လာကြ မည်ဆို ပါက ပြည်တွင်းလုံခြုံရေးကို ထိခိုက်ဖွယ်ရှိကြောင်း သြစတြေးလျ အာဏာပိုင်များက စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

Mizzima

0 comments:

Post a Comment