ကမ္ဘာမြေ ငြိမ်းချမ်းပါစေ


ခေတ်မီဆက်သွယ်ရေးနည်းပညာတွေ အချိန်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ ကမ္ဘာကြီးဟာ ရွာကြီးတရွာနှင့်တူလာ တယ်ဆိုပြီး တင်စားပြောကြပါတယ်။ ကမ္ဘာကြီးဟာ လူ့လောကဇာတ်ခုံ လည်းဖြစ်ပါတယ်။ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေး၊ အီဘို လာကဲ့သို့ ကပ်ရောဂါဘေးများအပြင် လူ့ပယောဂကြောင့်ဖြစ်ရတဲ့ စစ်ပွဲ များ၊ ငတ်မွတ်မှု စတဲ့ဘေးအန္တရာယ်ပေါင်းစုံနဲ့ ကြုံတွေ့နေရပါတယ်။ ထိတွေ့ဆက်ဆံမှုတွေ ယခင်ကထက် ပိုများလာတဲ့ ကမ္ဘာ့လူသားတွေ အကြား အမုန်းမပွား အကြင်နာတရား အထူးသဖြင့် ကိုယ်ချင်းစာတရား ထားပါမှ ကမ္ဘာကြီးဟာ ငြိမ်းချမ်းသာယာမှာဖြစ်ပါတယ်။ လောလောဆယ် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှု၊ လုံခြုံမှုကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ ပြဿနာကြီးတရပ် ကြုံတွေ့နေရပါတယ်။ အဲဒါက ဘာသာရေးအရ အစွန်းရောက်အကြမ်းဖက်ဝါဒ ဖြစ်ပါတယ်။

အမေရိကန်သမ္မတအိုဘားမား ပထမအကြိမ် အာဏာရခါစက အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့သွားရောက်ပြီး ကမ္ဘာ့မွတ်စလင်နိုင်ငံများကို ကမ်းလှမ်းတဲ့ မိန့်ခွန်းတရပ်ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ အိုစမာ ဘင်လာဒင်ဦးဆောင်တဲ့ အယ်ခိုင်ဒါအဖွဲ့ဟာ ကမ္ဘာ့အကြမ်းဖက်ဝါဒလှုပ် ရှားမှုရဲ့ ဗဟိုချက်ဖြစ်ပါတယ်။ အယ်ခိုင်ဒါအဖွဲ့နှင့်ဆက်စပ်ပြီး အာဖဂန် နစ်္စတန်မှာ မူလာအိုမာဦးဆောင်တဲ့ တာလီဘန်အဖွဲ့ဆိုတာ ရှိပါတယ်။ ဒါ့ပြင် ပါကစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့၊ အင်ဒိုနီးရှားမှာ အဘူဘာ ကာအဲလ်ဘရှားဦးဆောင်တဲ့ ဂျင်မားအစ္စလာမ်မီးယား(JI)၊ အာဖရိကတိုက် ဆိုမာလီနိုင်ငံမှာ အယ်လ်ရှားဘက်၊ နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်စစ်သွေး ကြွအဖွဲ့တို့ နာမည်ကြီးပါတယ်။

သမ္မတအိုဘားမားရဲ့ ကိုင်ရိုမိန့်ခွန်းအပြီးမှာ အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွများဟာ ပိုမိုခေါင်းထောင်ကြွလာကြောင်း အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်ျးကင်သူများကသုံး သပ်ကြပါတယ်။ အထူးသဖြင့် လစ်ဗျားနိုင်ငံတွင် အာဏာရှင်ကဒါဖီ ပြုတ်ကျ၊ ဆီးရီးယားမှာ သမ္မတအာဆတ်ကိုဖြုတ်ချဖို့ ကြိုးပမ်းရာမှ ပြည်တွင်း စစ်ပွဲဖြစ်ပွားပြီးနောက် အစွန်းရောက်အကြမ်းဖက်ဝါဒဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ပါတယ်။

ဒီကနေ့ ကမ္ဘာ့မီဒီယာများရဲ့ အာရုံစိုက်ခြင်းအခံရဆုံး အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းက အီရတ်နှင့် ဆီးရီးယားမြောက်ပိုင်းတွင် နယ် မြေအတော်များများ သိမ်းပိုက်ခဲ့တဲ့ အစ္စလာမ်မစ် နိုင်ငံတော်များအဖွဲ့ (IS)ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင် ဘာဂါဒီက သိမ်းပိုက်နယ်မြေပေါ်တွင် Caliphate (မွတ်စလင်ပိုင်နက်)နိုင်ငံထူထောင်ပြီး သူ့ကိုယ်သူ အဲဒီ ပိုင်နက်ရဲ့ အကြီးအကဲအဖြစ် ကြေညာပါတယ်။ ဘာဂါဒီက ကမ္ဘာ့မွတ်စလင်အားလုံး အိုင်အက်စ်အဖွဲ့အပေါ် ထောက်ခံဖို့တိုက်တွန်းပါတယ်။ အိုင်အက်စ်အဖွဲ့ရဲ့ သဘောထားက ဆွန်နီမွတ်စလင်းများကလွဲပြီး အခြားဘာသာဝင်အားလုံး မစ္ဆာဒိဋ္ဌိများလို့ ယူဆပါတယ်။ အီရတ်နှင့် ဆီးရီးယား မြောက်ပိုင်းရှိ ရှီးယိုက်မွတ်စလင်၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ယာဇီဒီလူမျိုး နွယ်စုတွေ ဆွန်နီဘာသာထဲဝင်ကြ၊ မ၀င်ရင် ခေါင်းဖြတ်သတ်ပါတယ်။

ဘာဂါဒီရဲ့ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေဟာ အီရတ်မြောက်ပိုင်းမှာ တမြို့ပြီးတမြို့ သိမ်းပိုက်ကာ ကာဒ့်လူမျိုးစုတွေ၊ အဇီဒီမျိုးနွယ်စုတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ လုပ်ဆောင်လာချိန်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ အီရတ်ရှိ အိုင်အက်စ်စခန်းများကို လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ပါတယ်။ အဲဒီအပေါ်မှာ အိုင်အက်စ်အဖွဲ့ ရဲ့ လက်တုံ့ပြန်ပုံက တကမ္ဘာလုံးကို အံ့အားသင့်တုန်လှုပ်စေပါတယ်။ ပထမဆုံ သူတို့ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ဂျိမ်းဖိုလေကို ခေါင်း ဖြတ်သတ်ပြပါတယ်။ ပြီးနောက် ရက်သတ္တနှစ်ပတ်မပြည့်မီမှာဘဲ အမေရိကန်ဂျာနယ်လစ် စတီဗင်ဆော့လော့ကို ထပ်မံခေါင်းဖြတ်သတ်ပါတယ်။

ကမ္ဘာပေါ်တွင် မွတ်စလင်လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတဆူဆီလိုဘမ်ဘန်က အိုင်အက်စ်အဖွဲ့ရဲ့လုပ်ရပ်ဟာ အစ္စလာမ်ဘာသာကို အရှက်ရစေတယ်ဆိုပြီး ပြစ်တင်ရှုတ်ချပါတယ်။

သမ္မတဆူဆီလိုဘမ်ဘန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘမ်ကီမွန်း၊ အမေရိကန်သမ္မတအိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွမ်းတို့လို ပုဂ်္ဂိုလ်ကြီးများက ဘယ်လောက်ပဲ ပြစ်တင်ရှုတ်ချနေပါစေ၊ အိုင်အက်စ်အဖွဲ့အပေါ် ခေတ်ပညာတတ်ပါတယ်ဆိုကြတဲ့ ကမ္ဘာတ၀န်းရှိ အစွန်းရောက်ဆွန်နီ မွတ်စလင်အများအပြားက ထောက်ခံအားပေးနေကြတာကို တအံ့တသြ တွေ့ရှိရပါတယ်။

အိုင်အက်စ်အဖွဲ့ထဲမှာ ပြည်ပတိုက်ခိုက်ရေးသမား သောင်းချီရှိနေပါ တယ်။ အမေရိကန်နိုင်ငံသား တထောင်ခန့်၊ ဗြိတိန်နိုင်ငံသား ၅၀၀၊ အင်ဒိုနီးရှား ၂၀၀၊ မလေးရှား ၁၀၀ ခန့်ဟာ အိုင်အက်စ်အဖွဲ့နှင့်အတူ လက်တွဲတိုက်ခိုက်ဖို့ အီရတ်နှင့် ဆီးရီးယားသို့ရောက်နေကြပါတယ်။ အကယ်၍ သူတို့တတွေ မိမိတို့တိုင်းပြည်များသို့ ပြန်လာကြမယ်။ သူတို့ နှင့်အတူ အကြမ်းဖက်လုပ်ရပ်တွေ သယ်ဆောင်လာကြမယ်ဆိုရင် ဆိုတဲ့ ပူပန်မှုများနဲ့ သက်ဆိုင်ရာနိုင်ငံများမှ အာဏာပိုင်များ ခေါင်းပူနေကြပါ တယ်။

အိုင်အက်စ်အဖွဲ့ရဲ့ သြဇာတိက္ကမက ကမ္ဘာပေါ်တွင်လည်း အတော့ကို ကြီးထွားလာနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဗုံးခွဲမှုနှင့်ပတ် သက်ပြီး ထောင်ကျနေတဲ့ ဂျင်မားအစ္စလာမ်မီးယားအဖွဲ့ခေါင်းဆောင် အဘူ ဘာကာဘရှားက အိုင်အက်စ်အဖွဲ့အပေါ် သစ္စာခံကြောင်းကြေညာပါတယ်။ ဂျကာတာမြို့တော်နှင့် မြို့ကြီးအတော်များများတွင် လူအများစုဝေးပြီး အိုင်အက်စ်အဖွဲ့ ထောက်ခံပွဲများ ကျင်းပခဲ့ကြပါတယ်။ အိုင်အက်စ်တိုက် ခိုက်ရေးသမားများက ဆီးရီးယားနိုင်ငံ ရက်ကာစီးတီးအနီး အစိုးရလေတပ် စခန်းတခုကို သိမ်းပိုက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံမှာ လူများစွာတို့ဟာ အိုင်အက်စ်အလံများ ဝှေ့ယမ်းပြီး အောင်ပွဲခံခဲ့ကြပါတယ်။

မလေးရှား အမျိုးသမီးသုံးဦးဟာ အိုင်အက်စ်တိုက်ခိုက်ရေးသမား များကို နှစ်သိမ့်ဖျော်ဖြေပေးဖို့ ရည်ရွယ်ချက်ဖြင့် အီရတ်နှင့် ဆီးရီးယား မြောက်ပိုင်းသို့ ခရီးထွက်သွားကြပါတယ်။ အိုင်အက်စ်အဖွဲ့နှင့် ပူးပေါင်း ဖို့ အီရတ်မြောက်ပိုင်းသို့ သွားရောက်မည့် ဆယ်ကျော်သက် မိန်းကလေးကို ပြင်သစ်နိုင်ငံ၊ ပါရီလေဆိပ်မှာ သက်ဆိုင်ရာက ဟန့်တားနိုင်ခဲ့ပါတယ်။ သူနောက်ဆုံးသတင်းက တရုတ်လူမျိုး အိုင်အက်စ်တိုက်ခိုက်ရေးသမား တဦးရဲ့ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တွေ့ရတယ်လို့ဆိုပါတယ်။

အစွန်းရောက်မှုအားလုံးထဲမှာ ဘာသာရေးအရ အစွန်းရောက်မှုဟာ ကြောက်စရာအကောင်းဆုံးဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်ရေးနိုင်ငံတကာ တပ်ဦးဖွဲ့စည်းဖို့ စက်တင်ဘာ ၃ ရက်တွင် တိုက်တွန်းပါတယ်။ အိုင်အက်စ် အဖွဲ့ရဲ့ အန္တရာယ်ကို စစ်ရေးအရ တုံ့ပြန်ရေးသဘောထားအမြင်ကို ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းက ထောက်ခံသလို ဗြိတိန်နိုင်ငံကလည်း စစ်သွေးကြွများကို တိုက်ခိုက်ရန်လိုအပ်ပါက လေကြောင်းတိုက် ခိုက်မှုများတွင် ပူးပေါင်းပါဝင်မယ်ဆိုပြီး ပြောပါတယ်။

အိုင်အက်စ်အဖွဲ့ရဲ့ အန္တရာယ်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များ ခေါင်းချင်းဆိုင် အကြံထုတ်နေစဉ် မြွေပူရာကင်းမှောင့်ဆိုသလို အယ်ခိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် အေမန်အဲလ်ဇာဝါဟီရိက အိန်္ဒိယတိုက်ငယ်တွင် အဖွဲ့ခွဲတခုတည်ထောင်မည့် အစီအစဉ်ကိုကြေညာပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင်ပါ ဂျီဟတ်ဝါဒအောင်လံများ လွှင့်ထူသွားမယ်လို့ ပြောကြားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုများရဲ့ ပစ်မှတ်ဖြစ်လာနိုင်ကြောင်းကို လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ကြိုတင်သိရှိထား တယ်။ ဒါကြောင့် နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သော ပြင်ဆင် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ်္မတရုံးညွှန်ကြားရေး မှူး ဦးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားပါတယ်။
ဒါပေမဲ့ အစွန်းရောက်အကြမ်းဖက်ဝါဒကို စစ်ရေးနည်းလမ်း၊ လုံခြုံရေးအမြင်သက်သက်နဲ့တော့ အမြစ်ဖြုတ်နိုင်မှာမဟုတ်ပါဘူး။ အနောက် အုပ်စု အင်အားကြီးနိုင်ငံများ (ခရစ်ယာန်နိုင်ငံများ)က မွတ်စလင်နိုင်ငံများအပေါ် ဗိုလ်ကျစိုးမိုးရေးဝါဒ ကျင့်သုံးတယ်။ မွတ်စလင်ဘာသာဝင်များကို ခွဲခြားဆက်ဆံတယ်။ အထူးသဖြင့် ပါလက်စတိုင်းတွေ ဖိနှိပ်ခံနေရတယ်။ အစ္စရေး-ပါလက်စတိုင်းပြဿနာတွင် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ အစ္စရေး(ဂျူး)တွေဘက်မှ တသက်သတ် မျက်နှာလိုက်နေတယ် ဆိုတဲ့အစွဲကို အခြေခံပြီး စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့ တာပါ။ အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် ယနေ့ချိန်ထိ ငြိမ်းချမ်းမှုမရှိသေးတာက အစွန်းရောက် အကြမ်းဖက်ဝါဒကို စစ်ရေးနည်းလမ်းသက်သက်နဲ့ မဖြေရှင်းနိုင်ကြောင်း ဖော်ပြနေပါတယ်။

““နိုင်ငံတကာအသိုင်းအ၀န်း ညီညီညွတ်ညွတ် ဆောင်ရွက်သွားမယ် ဆိုရင် အိုင်အက်စ်အဖွဲ့ရဲ့ သြဇာလွှမ်းမိုးမှုနယ်ပယ်ကို တဖြည်းဖြည်း ချင်း ချုံ့ပစ်လိုက်နိုင်မယ်။ အိုင်အက်စ်ရဲ့ သက်ရောက်မှု နည်းသထက် နည်းသွားမယ်။ အိုင်အက်စ်ရဲ့ ငွေကြေးရင်းမြစ်တွေအပေါ် ဖြတ်တောက် ပစ်နိုင်မယ်။ စစ်ရေးစွမ်းရည်တွေကို ရိုက်ချိုးပစ်နိုင်မယ်””လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

အိုင်အက်စ်အဖွဲ့ကို ပင်လယ်ကွေ့ရေနံသူဌေး ကာတာနိုင်ငံက အဓိကငွေကြေးထောက်ပံ့နေကြောင်း ဂျာမနီနိုင်ငံက စွပ်စွဲပါတယ်။ ကမ္ဘာတ၀န်း အစ္စလာမ်မစ် စစ်သွေးကြွများ ထကြွလာခြင်းဟာ ရေနံသူဌေး နိုင်ငံတနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားကြောင့်ဖြစ်တယ်။ ဆော်ဒီဟာ သူ့ရဲ့ ငွေကြေးများနဲ့ ကမ္ဘာတ၀န်း ဗလီများတည်ဆောက်ပြီး မွတ်စလင် တရားဟောဆရာများစေလွှတ်ကာ သူ့ရဲ့ ရှေးရိုးစွဲ “၀ါဟာဘီ” အယူအဆ များကို ဖြန့်ဖြူးခဲ့တယ်။ ဆော်ဒီရန်ပုံငွေနဲ့ ကမ္ဘာ့အရပ်ရပ်မှာတည်ဆောက် တဲ့ ဗလီတွေဟာ အစွန်းရောက်အကြမ်းဖက်အုပ်စုများရဲ့ လူသစ်စုဆောင်း ရေးစင်တာများ ဖြစ်တယ်ဆိုပြီးတော့လည်း ပြောကြပါတယ်။

ဒါကြောင့် ကာတာနှင့်ဆော်ဒီတို့လို နိုင်ငံတွေကို ဖိအားပေးဖို့လိုပြီး အင်ဒိုနီးရှားကဲ့သို့ အလယ်အလတ်သဘောထားရှိတဲ့ မွတ်စလင်နိုင်ငံတွေ တိုးပွားလာအောင်လည်း ကမ္ဘာ့မိသားစုကြီးက ၀ိုင်းဝန်းအားပေးကြဖို့ လိုအပ်ပါတယ်။ အိုင်အက်စ်အဖွဲ့ သြဇာလွှမ်းလာတာကြောင့် လောကီရေး ဦးစားပေးပါတယ်ဆိုတဲ့ အင်ဒိုနီးရှား၊ မလေးရှားလိုနိုင်ငံများမှာတောင်မှ လူနည်းစု အခြားဘာသာဝင်များအပေါ် သည်းခံမှု လျော့နည်းလာနေပါ တယ်။ အာဖဂန်နစ်္စတန်မှာ တာလီဘန်တွေက ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွား တော်ကြီးကို မိုင်းခွဲခဲ့သလိုမျိုး အင်ဒိုနီးရှားအစွန်းရောက်များက ကမ္ဘာ့ အကြီးဆုံး ဘောရောဗုစုစေတီတော်ကြီးကို ဗုံးခွဲဖို့ကြံစည်ခဲ့ပါတယ်။

ဒီနေရာမှာ ဧရာဝတီဂျာနယ် Vol. 1, NO.36 ပါ ဆောင်းပါးရှင် ခေတ်ဘုန်းသစ်ရဲ့ ဆောင်းပါးမှ စာပိုဒ်တပုဒ်ကို ဖော်ပြချင်ပါတယ်။
ဆောင်းပါးရှင်က ““ကိုယ့်အယူအဆမှ မှန်တယ်။ ကိုယ်တွေးတာ မှန်တယ်။ ကိုယ်နှင့်တူမှ လူတော်၊ ကိုယ်ကိုးကွယ်တဲ့ဘုရားမှ တကယ့် ဘုရားဆိုတဲ့ ငါအခြေခံအတ္တ၊ အတွေးအခေါ်မျိုးတွေကို နောင်လာမယ့် မျိုးဆက်အသစ်တခုဆီကို လက်ဆင့်မကမ်းမိစေဖို့အတွက် ကျွန်မတို့ ကြိုးစားရအောင် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာစကား၊ ကိုယ့်ကိုးကွယ် ယုံကြည်ရာကို ကိုယ်တိုင်မြတ်နိုးတန်ဖိုးထားပြီးတော့ စောင့်ရှောက်ဖို့လို သလို ကိုယ်နှင့်ယဉ်ကျေးမှုချင်း၊ ကိုးကွယ်မှုချင်း၊ ယုံကြည်မှုချင်းမတူတဲ့ လူများရဲ့ယုံကြည်ကိုးကွယ်မှုများကိုလည်း တန်ဖိုးထားလေးစားတတ်အောင်လို့ ကလေးများကို သင်ကြားပေးဖို့လိုပါတယ်””လို့ ရေးသားခဲ့ပါ တယ်။

ဆီးရီးယားစစ်သားတဦးရဲ့ ဦးခေါင်းပြတ်ကြီးကိုင်ထားတဲ့ အသက် ခုနစ်နှစ်အရွယ် ကလေးငယ်ကို ဖခင်ဖြစ်သူက ““ဒါမှ ငါ့ကောင်လေး”” ဆိုပြီး မြှောက်ပင့်ပေးနေသမျှ သို့မဟုတ် ““ဆွန်နီဘာသာထဲဝင်၊ မ၀င်ရင် ခေါင်းဖြတ်မယ်””လို့ အကြောက်တရားလွှမ်းမိုးအောင် လုပ်နေသမျှကာလပတ်လုံး ကမ္ဘာကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ပါဘူး။

တကယ်တော့ လူ့ဘ၀ဆိုတာ တိုတိုလေးပါ။ သမုဒ္ဒရာရေမျက်နှာထက် ခဏတက်တဲ့ ရေပွက်လေးများပမာ ဖြုတ်ခနဲပေါ်လာပြီး ဖျတ်ခနဲ ပျောက်သွားပါတယ်။ ဒီလောက်တိုတောင်းတဲ့အချိန်လေးမှာ ကိုးကွယ်တဲ့ ဘာသာမတူမှုကို အကြောင်းပြုပြီး ဘာကြောင့် လူသားအချင်းချင်း အမုန်းပွားကြမှာလဲ။ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြမလဲ။ အချင်းချင်း မေတ္တာတရား၊ ကိုယ်ချင်းစာတရားထားကြရင် မကောင်းပါလား။ ခွင့်လွှတ်တတ်တဲ့စိတ်လေးထားကြရင် ဒီကမ္ဘာလောကကြီးဟာ ပိုပြီးတော့ နေပျော်လာမှာမဟုတ်ပါလား။
ကိုယ်ချင်စာတရား၊ ခွင့်လွှတ်မှုတို့ဖြင့် မငြိမ်းချမ်းသည့် ကမ္ဘာကြီး ချမ်းငြိမ်းပါစေသော်ဝ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဝိုင်းတော်သားတဦး

0 comments:

Post a Comment