တရားခံပြေး တစ်သောင်းကျော်အား စီမံချက်ဖြင့်ဖမ်းဆီးရာ ခြောက်လအတွင်း တရားခံပြေး ၆၀၀ ကျော် ပြန်လည်ဖမ်းမိ

လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်


မြန်မာနိုင်ငံအတွင်း မှုခင်းဖြစ်စဉ်များ ကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး တစ်သောင်းကျော်အား ပြန် ည်ဖမ်းဆီးရမိရန် စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် ခြောက်လအတွင်း တရားခံပြေး ၆ဝဝ ကျော်အား ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခြင်း မရှိသေးသည့် တရားခံပြေး တစ်သောင်းကျော်အား ပြန်လည်ဖမ်းဆီးရမိရန် စီမံချက်ဖြင့် စတင်ဆောင်ရွက်ခဲ့သည့် ၂ဝ၁၄ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ တရားခံပြေးပေါင်း ၆၁၈ ဦးအား ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

တရားခံပြေးများကို ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ၁၂၅ ဦး၊ မေလတွင် ၆၃ ဦး၊ ဇွန်လတွင် ၆၉ ဦး ၊ ဇူလိုင်လတွင် ၇၈ ဦး၊ ဩဂုတ်လတွင် ၈၂ဦး၊ စက်တင်ဘာလတွင် ၂ဝ၁ ဦးတို့ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

“နေပြည်တော်တိုင်းဒေသကြီး အနေနဲ့ စက်တင်ဘာလမှာ တရားခံပြေး ၂ဝ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်။ ဒီမှာက ပျံကျတွေများတယ်။ အခြားပြည်နယ်နဲ့တိုင်းက လာရောက်အလုပ် လုပ်ကိုင်တဲ့သူတွေများတယ်။ ဒေသခံ တရားခံပြေးတွေကို ဖမ်းဆီးရာမှာ အများစုက အဆင်ပြေပေမယ့် အခြားဒေသက ဒီမှာအလုပ်လာလုပ်ရင်းနဲ့ ပြစ်မှုကျူးလွန်ပြီးတော့ ထွက်ပြေးတိမ်းရှောင်တဲ့ တရားခံပြေးဖမ်းတဲ့အခါ အခက်အခဲတွေ ရှိပါတယ်။ သူတို့လိပ်စာတွေကလည်း မှန်ကန်မှုမရှိဘူး” ဟု နေပြည်တော် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိအောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားပြီး ဖမ်းဆီးရမိခြင်း မရှိသေးသည့် တရားခံပြေး ၂၆ဝဝ ကျော်ရှိနေပြီး ယင်းအနက်မှ တရားခံပြေး ရာခိုင်နှုန်း ၅ဝ ကို ခြောက်လအတွင်း ဖမ်းမိအောင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမြင့်ထွေးထံမှ သိရသည်။ 

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုရဲမှူးကျော်နိုင်က “ရှမ်းပြည်နယ်အတွင်းမှာ မှုခင်းတွေဖြစ်ပွားပြီးတော့ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံပြေးတွေထဲက တစ်ဝက်ကို ခြောက်လအတွင်း ပြန်လည်ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါပြီ။ ဒါ့အပြင် တရားခံပြေးတွေနဲ့ ပတ်သက်ပြီး အခြားစစ်ဆေး ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်” ဟု အောက်တိုဘာ ၁၅ ရက်တွင် ဆိုသည်။

ယင်းကဲ့သို့ တရားခံပြေးများအား ပြန်လည်ဖမ်းဆီး ရမိရန်အတွက် အချို့တိုင်းနဲ့ပြည်နယ်တို့တွင် ဖမ်းဆီးရေးအဖွဲ့များကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးကြည်လင်းက “တနင်္သာရီတိုင်းမှာ တရားခံပြေး ၃၈၆ ဦးရှိတယ်။ ကျွန်တော့်အနေနဲ့ အဲဒီတရားခံပြေးတွေ အားလုံးရဲ့ အချက်အလက်တွေကို ရပ်ကွက်ကျေးရွာတွေအထိ အကုန်ချပြပြီးတော့ အုပ်ချုပ်ရေးမှူးတွေ၊ ၁ဝ အိမ်မှူးတွေ၊ ပြည်သူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်တယ်။ အဲဒီတော့ ရဲတပ်ဖွဲ့ကို သတင်းပေးလာကြတယ်။ ဒီနှစ်ရက်အတွင်းမှာတောင် တရားခံပြေး ခြောက်ယောက်ကို ဖမ်းဆီးရမိထားပါတယ်” ဟု အောက်တိုဘာ ၁၅ ရက်က ဆိုသည်။

မြန်မာနိုင်ငံတွင် တရားခံလေးမျိုး ရှိသည့်အနက် မိမိရဲစခန်းမှ အလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ အခြားရဲစခန်းများမှ အလိုရှိသော ပြန်တမ်းဝင် တရားခံပြေး၊ မိမိရဲစခန်းမှ အလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးနှင့် အခြားရဲစခန်းများမှ အလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးဟူ၍ရှိကြောင်း၊ အဆိုပါလေးမျိုးတွင် ၁၉၈၆ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ဇွန်လကုန်ထိ ပြန်တမ်းဝင် တရားခံပြေး ၉၁ဝ ဦး၊ ပြန်တမ်းမဝင် တရားခံပြေး ၁၂၄၉၄ ဦး စုစုပေါင်း ၁၃၄ဝ၄ ဦးဖြစ်ကြောင်း သိရသည်။ 


EMG

0 comments:

Post a Comment