နီပေါနိုင်ငံတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် တောင်တက်သမား ၂၁ ဦးထက်မနည်း သေဆုံး




ယမန်နေ့တွင် နီပေါနိုင်ငံ အလယ်ပိုင်း ဟိမဝန္တာ တောင်တန်းဒေသ အန္နာပူးနား တောင်ကြောတွင် နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ခြေလျင် တောင်တက်သမား ၂၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၄င်းတို့အနက် ၁ဝ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံ တွင် ဆိုင်ကလုန်း Hudhud တိုက်ခတ်မှု ကြောင့် နီပေါနိုင်ငံ တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ယခုကဲ့သို့ နှင်းမုန်တိုင်း တိုက်ခတ်ပြီး နှင်းတောင်များ ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု နောက်ဆုံး အချိန်ထိတွင် အစ္စရေး နိုင်ငံသား နှစ်ဦး၊ ပိုလန် နိုင်ငံသား နှစ်ဦး နှင့် နီပေါ နိုင်ငံသား ရှစ်ဦး၊ စုစုပေါင်း ၁၂ ဦးတို့၏ ရုပ်အလောင်း များကို တွေ့ရှိခဲ့ပြီး အန္နာပူးနား တောင်ကြော အနီး တစ်နေရာ တွင်လည်း နှင်းတောင် ပြိုကျခဲ့မှုကြောင့် ကနေဒါ နိုင်ငံသား လေးဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦး စုစုပေါင်း ငါးဦးတို့ကိုလည်း အသက်ရှင်လျက် ပြန်လည် တွေ့ရှိနိုင်ရန် မျှော်လင့်ချက် မရှိတော့ဘဲ ယင်းဒေသ တွင်ပင် နှင်းတောင် ပြိုကျမှုကြောင့် ဒေသခံ လယ်သမား လေးဦးထက် မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။

ယခုနှစ် အတွင်း နီပေါနိုင်ငံ၏ ခြေလျင် တောင်တက် လုပ်ငန်းတွင် သဘာဝ ဘေးအန္တရာယ် များကြောင့် လူသေဆုံးမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရာ ယခုနှစ် ဧပြီလ၌ ဧဝရက်တောင် တွင် နှင်းတောင် ပြိုကျခဲ့ခြင်း ကြောင့် ဒေသခံ ရှေရ်ပါ တောင်တက် လမ်းပြသမား ၁၆ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်ဆိုး များကြောင့် နီပေါနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသည် လုပ်ငန်းကို ဆိုးရွားစွာ ထိခိုက်ဖွယ် ရှိနေသည်။ နီပေါနိုင်ငံ သည် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိသော ဝင်ငွေကို အားကိုး အားထားပြု နေရပြီး တောင်တက် လုပ်ငန်းသည် နိုင်ငံ အတွက် နိုင်ငံခြားငွေကို အများဆုံး ရှာဖွေပေးသော လုပ်ငန်း ဖြစ်ကြောင်း သိရသည်။

ယခု နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ အန္နာပူးနား တောင်ကြောသည် ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ ၁၄၈ဝဝ ခန့်ရှိကြောင်း သိရှိရသည်။

PyiChitThar

0 comments:

Post a Comment