မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သည့် GSM နှင့် WCDMA ဖုန်းကတ်များဖြင့် ပြည်ပနိုင်ငံပေါင်း (၃၁) နိုင်ငံမှ အော်ပရေတာ (၈၀) ခန့် အား၊ SMS ပေးပို့နိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ရရှိသည်။ ဒီကနေ ပို့တာပဲ ဖြစ်ဖြစ်၊ ပြည်ပကို ယူသွားပြီးမှ မြန်မာကို ပြန်ပို့ တာပဲ ဖြစ်ဖြစ် SMS ပို့နိုင်တယ်။ ဈေးနှုန်း ကတော့ အာရှဆို တစ်မျိုး၊ ဥပရောပဆို တစ်မျိုးပေါ့ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ တစ်ဦး က ပြောသည်။ ပြည်ပ အော်ပရေတာများသို့ SMS ပေးပို့ရာတွင် နိုင်ငံအလိုက် ဈေးနှုန်း ကွာခြားမှု ရှိပြီး၊ ဥရောပနိုင်ငံများသို့ ပေးပို့သည့် SMS စာ တစ်စောင်အား အနည်းဆုံး (၄၀၀) ကျပ် သတ်မှတ်ထားကာ အာရှနိုင်ငံများသို့ ပေးပို့ပါက အနည်းဆုံး (၂၀၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ မှ စ၍ MPT ဆင်းကတ်များကို ပြည်ပနိုင်ငံ (၃၁) နိုင်ငံသို့ သယ်ဆောင် အသုံးပြုနိုင်ခဲ့ သော်လည်း ပြည်တွင်းမှ SMS ပေးပို့သည့် စနစ်ကို အသုံး မပြုနိုင်ခဲ့ပေ။
ယင်းကဲ့သို့ SMS ပေးပို့နိုင်ရန် Orange ဆက်သွယ်ရေး ကုမ္ပဏီနှင့် ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ Orange ဆက်သွယ်ရေး ကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် အော်ပရေတာ (၈၀) ခန့်သို့ အချိန်မရွေးပေးပို့ နိုင်မည် ဖြစ်ကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ယှဉ်ရင် နည်းနည်းတော့များ တယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။တချို့ကိစ္စတွေ ကျတော့ ဖုန်းခေါ်လို့ မရရင် SMS ပဲပို့ရ တာလေ။ အဲဒါကြောင့် အရမ်း အသုံးဝင်ပါတယ်ဟု ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းဝင် ကိုကျော်သက်က ပြောသည်။
MPT ဆင်းကတ်ဖြင့် အာဆီယံနိုင်ငံ များသို့ ပြည်တွင်းမှ ဖုန်းခေါ် ဆိုပါက တစ်မိနစ် လျှင် (၁၂၀၀) ကျပ်နှင့် ဥပရောပနိုင်ငံသို့ ပြည်တွင်းမှ ဖုန်းခေါ် ဆိုပါက တစ်မိနစ်လျှင် (၅၀၀၀) ကျပ် သတ်မှတ်ထားကြောင်း၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ International Outbound Rooming ၀န်ဆောင်မှုအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအပြင် ပြည်ပ အော်ပရေတာနှစ်ခု ဖြစ်သော Ooredoo နှင့် Telenor ကုမ္ပဏီများ ကလည်း မကြာမီ ကာလတွင် ထည့်သွင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း အဆိုပါ ကုမ္ပဏီများ ထံမှ သိရသည်။
Messenger

Yangon
0 comments:
Post a Comment