နိုင်ငံတစ်ဝန်း ဒေသအသီးသီးတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများနှင့် အခမ်းအနားများ ပြုလုပ်


မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲ ပြုလုပ်နေစဉ်


နိုင်ငံတစ်ဝန်း ဒေသအသီးသီးတွင် စက်တင်ဘာ ၂၁ ရက်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများနှင့် အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို မန္တလေးမြို့ ၇၈ လမ်း၊ ၄၂ လမ်းနှင့် သိပ္ပံလမ်းကြားရှိ ဂရိတ်ဝေါဟိုတယ်တွင် မွန်းလွဲ ၁ နာရီမှ ည ၈ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် တေးဂီတအစီစဉ်နှင့် ပူဖောင်းလွှတ်ခြင်းများ၊ မန္တလေးမြို့ခံ စာရေးဆရားများမှ ငြိမ်းချမ်းရေးစကားသံများ ဟောပြောခြင်း၊ ဘာသာကြီးငါးခုမှ ခေါင်းဆောင်များမှ ဖယောင်တိုင်ထွန်း ဆုတောင်းခြင်းများနှင့် ငြိမ်းချမ်းရေးနေ့ အကြိုပြုလုပ်သော လူရွှင်တော်စွမ်းရည်ပြိုင်ပွဲမှ ပထမဆုရ လူရွှင်တော်အဖွဲ့မှ ဖျော်ဖြေရေးအစီစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ပုသိမ်မြို့တွင်လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီ လူငယ်ကွန်ရက်၊ ကျောင်းသားကျောင်းသူများ၊ ကဗျာဆရာများနှင့် လူမှုရေးအဖွဲ့စည်းများပူးပေါင်း၍ ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ရပ်ကို မြို့တော်ခန်းမရှေ့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖြစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့စာတမ်းပါ တီရှပ်များ ဆင်တူဝတ်ဆင်၍ ငြိမ်းချမ်းရေး အထိမ်းအမှတ် ကဗျာရွတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ဖြစ် ပဲခူးတိုင်းအနောက်ပိုင်းပြည်မြို့တွင် အခြေခံအထက်တန်းကျောင်းသားများ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့စည်းများပူးပေါင်း၍ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ လှုပ်ရှားမှုများကို နံနက် ၉ နာရီမှ စတင်ကာ ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ကမ်းနားလမ်း ဧရာဝတီမြစ်သောင်ပြင်တွင် အထိမ်းမှတ်ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ငြိမ်းချမ်းရေးအမှာစကားများ ပြောခြင်းနှင့် ကဗျာရွတ်ခြင်း၊ ငြိမ်းချမ်းရေးမီးပုံးပျံများ လွှတ်တင်ခြင်းများ ပြုလုပ်ကာ ပြည်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကျောက်ရုပ်အထိ ချီတက်လမ်းလျှောက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စစ်တွေမြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်နေစဉ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ကို စစ်တွေမြို့တွင်လည်း အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (အမျိုးသမီးတပ်ပေါင်းစု)နှင့် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်အစည်းအရုံး AASYC အဖွဲ့တို့မှ ဟောပြောပွဲများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ လူငယ်ကွန်ယက်အဖွဲ့များမှ စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီအချိန်က မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် လူထုလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်သော အသိပညာများ ရရှိစေရန်အတွက် တမူးမြို့နှင့် ကလေးမြို့များတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲများကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည်ဟု သိရှိရသည်။
Eleven

0 comments:

Post a Comment