IS အဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်မှု ပိုမိုကျယ်ပြန့်လာနေကြောင်း အမေရိကန်ပြောကြား



အီရတ်မြောက်ပိုင်း ကောင်းကင်ယံတွင် ပျံသန်းနေသည့် အမေရိကန် F-15E တိုက်လေယာဉ်တစ်စီး

မဟာမိတ် နိုင်ငံများ ထပ်မံပူးပေါင်းလာခြင်းနှင့်အတူ ဆီးရီးယားနှင့် အီရတ်တို့တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်မှု အရှိန်အဟုန်သည် အဆက်မပြတ် ဖြစ်လုနီးပါး ကျယ်ပြန့် မြင့်တက်လာကြောင်း အမေရိကန်က ကြေညာခဲ့သည်။

အမေရိကန် ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများတွင် ဆီးရီးယားဘက်ခြမ်း၌ပါ တာဝန်ယူရန် ဗြိတိန်နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နောက်ထပ် နှစ်နိုင်ငံက သဘောတူညီခဲ့သည့်နောက် တိုက်စစ်အရှိန် ပိုမိုမြင့်တက်လာမည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အီရတ်မြောက်ပိုင်းကို ထိန်းချုပ်ထားသည့် IS တပ်ဖွဲ့များကို အမေရိကန်က အရှိန်မြှင့် တိုက်ခိုက်နေပြီး ယခုအခါ ဆီးရီးယားဘက်တွင် ဗုံးကြဲရန် တာဝန်ကိုပါ မဟာမိတ်များက ပိုမို မျှဝေယူလာခြင်း ဖြစ်သည်။ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် ဒိန်းမတ်တို့သည် အမေရိကန်၏ လေကြောင်းထိုးစစ်တွင် ပါဝင်ရန် ကတိပြုခဲ့ကြသည်။ အမေရိကန်သည် ကနဦးက အီရတ်ဘက်တွင်သာ ဗုံးကြဲနေသော်လည်း ယခုအခါ ဆီးရီးယားဘက်တွင် ဗုံးကြဲ တိုက်ခိုက်နေသည်မှာ (၅)ရက်ဆက်တိုက် ရှိလာခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ်က မိမိတို့၏ တိုက်လေယာဉ်များသည် ဆီးရီးယားဘက်ခြမ်းရှိ IS ပိုင် ရေနံတွင်းများကို အဓိက ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီး အောင်မြင်မှုများ ရရှိနေကြောင်း ကြေညာသည်။ စက်တင်ဘာ (၂၆)ရက်တွင် ဆီးရီးယားဘက်၌ တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ် စုစုပေါင်း (၁၉)စီးထိ လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွ အဖွဲ့သည် အီရတ်တွင်ရော၊ ဆီးရီးယားတွင်ပါ ၎င်းတို့၏ အင်အားကို ဖြိုဖျက်နေသည့် ဗုံးကြဲတိုက်ခိုက်မှုများကို ကြုံနေရသည်။ အမေရိကန်နှင့်အတူ ဘာရိန်း၊ ပြင်သစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ UAE နိုင်ငံများမှ တိုက်လေယာဉ်များသည် IS အဖွဲ့၏ ပစ်မှတ်များကို တိတိကျကျ ချေမှုန်းခဲ့ပြီး ဖြစ်သလို နယ်သာလန်ကလည်း F-16 တိုက်လေယာဉ် (၁၆)စီးကို အီရတ်သို့ ပို့ဆောင်ပေးထားသည်။

_Ref: Channelnewsasia

0 comments:

Post a Comment