အိုင်အက်စ်အဖွဲ့ကို လေကြောင်းဖြင့် တိုက်ခိုက်ရန် ဗြိတိန် လွှတ်တော်အတည်ပြုလိုက်ပြီ

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်သွားဖို့ ဗြိတိန် လွှတ်တော်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဗြိတိသျ လေတပ်ကလည်း အမေရိကန် ခေါင်းဆောင်တဲ့ စစ်ဆင်ရေးမှာ ချက်ချင်း ပူးပေါင်းဖို့အတွက် လမ်းပွင့်သွားပါပြီ။

အီရတ်မြေပေါ်မှာ လေကြောင်း စစ်ဆင်တဲ့အခါ သုံးဖို့အတွက် ဆိုက်ပရက်စ်မှာ အခြေစိုက်တဲ့ ဗုံးကျဲ လေယာဉ် ၆ စင်းကို ဒီမတိုင်ခင်ကတည်းက အသင့်အနေအထားနဲ့ ပြင်ဆင်ထားတာပါ။

ဓာတ်ပုံ – ရိုက်တာအီရတ်စစ်ဆင်ရေးမှာ ဗြိတိန်ကလည်း အကူအညီပေးဖို့ အီရတ်အစိုးရဆီက တရားဝင် ပန်ကြားခဲ့တဲ့နောက်မှာ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ရပ်နားထားတဲ့ လွှတ်တော်ကို ဆင့်ခေါ်ပြီး ဆွေးနွေးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။



ထောက်ခံမဲ ၅၀၄ မဲနဲ့ ကန့်ကွက်မဲ ၄၃ မဲ ရရှိတယ်လို့ လွှတ်တော် သဘာပတိက ကြေညာပါတယ်။ ဒီမတိုင်ခင်မှာတော့ ၀န်ကြီးချုပ်က အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုက်အက်စစ် စစ်သွေးကြွတွေကို မတားဆီးနိုင်ရင် သူတို့ရဲ့ အစ္စလာမ္မစ် နိုင်ငံတော်ဟာ မြေထဲပင်လယ်ကမ်းခြေဒေသအထိ ရောက်လာပြီး နေတိုး အဖွဲ့ဝင်တနိုင်ရဲ့ နယ်စပ်နားကို ရောက်လာလိမ့်မယ်။ ဒါတင်မက ဗြိတိန်နိုင်ငံနဲ့ ပြည်သူတွေကို တိုက်ခိုက်မယ်ဆိုတာကိုလည်း ခြိမ်းခြောက်ထားတဲ့အဖွဲ့ဖြစ်တယ်လို့ သတိပေးရင် စစ်ဆင်ရေးကို ထောက်ခံကြဖို့ ဆော်သြခဲ့ ပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့အထိ အမေရိကန် ခေါင်းဆောင်တဲ့ စစ်ဆင်ရေးမှာ ပြင်သစ်တနိုင်ငံ ပဲ ပူးပေါင်း စစ်ဆင်နေရာက စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ သြစတြေးလျ၊ ဘယ်လဂျီယံ၊ နယ်သာလန်တို့လည်း ပူးပေါင်းပါဝင်လာပါတယ်။ အခုနောက်ဆုံး ဗြိတိန်က စစ်ဆင်ရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်သလို ဒိန်းမတ်ကလည်း လေယာဉ်တွေ စေလွှတ်မယ်လို့ စက်တင်ဘာလ ၂၆ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။

အမေရိကန်က ဆီရီးယားနဲ့ အီရတ်မှာ လေကြောင်း စစ်ဆင်နေပေမယ့် အခုအထိ ဥရောပ နိုင်ငံတွေက အီရတ်မြေပေါ်မှာပဲ စစ်ဆင်ဖို့ သဘောတူထားပါတယ်။ ဆီရီးယား မြေပေါ်မှာ လေကြောင်း စစ်ဆင်ရေးကို သမ္မတ ဘာရှား အယ် အဆတ်က တရားဝင် ခွင့်မပြုသလို ကန့်ကွက်တာတော့ မရှိပါဘူး။

အီရတ်မြေပေါ်မှာ အမေရိကန်ရဲ့ လေကြောင်း စစ်ဆင်ရေးဟာ တလကျော်ရှိပြီး ဆီရီးယား မြေပေါ်မှာ စစ်ဆင်တာကတော့ ၄ ရက်ပဲ ရှိပါသေးတယ်။

အခုအထိတော့ ဆီရီးယားဘက်ကအခြမ်းက လေကြောင်း စစ်ဆင်ရေးကြောင့် အိုင်အက်စ် အဖွဲ့တွေကို ရှေ့မတိုးနိုင်အောင် မတားဆီးနိုင်သေးပါဘူး။

တူရကီနဲ့ နယ်စပ်က ကာ့ဒ်အနွယ်တွေ နေထိုင်တဲ့ မြို့ကို အိုင်အက်စ် စစ်သွေးကြွတွေက ၀ိုင်းထားဆဲဖြစ်ပါတယ်။ အရင်တပတ်အတွင်း ဆီရီးယားဘက်ကနေ တူရကီဘက်ကို ကာ့ဒ် လူမျိုး ဒုက္ခသည် ၁ သိန်းခွဲဝန်းကျင် ထွက်ပြေးခဲ့ရလို့ ၃ နှစ်ခွဲကြာ ဆီရီးယား ပြည်တွင်းစစ် ကာလမှာ အဆိုးဆုံး အခြေအနေဖြစ်ခဲ့ပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment