အသက် ၂၀ ပြည့်ပြီးနောက် ၁၀ နှစ်အတွင်း ခါးဆိုက်တစ်ဆိုက်စီ တိုးလာလေ့ရှိသော အမျိုးသမီးများသည် သွေးဆုံးပြီးနောက်ပိုင်း၌ ရင်သား ကင်ဆာဖြစ်ပွားနိုင်ချေ ၃၃ ရာခိုင်နှုန်းပိုသည့်အတွက် အမျိုးသမီးများအနေနှင့် မိမိကိုယ်အလေးချိန် တိုးလာခြင်း ရှိ၊မရှိကို မိမိဝတ်ဆင်သော စကပ်အရွယ်အစားအား ဂရုပြုစောင့်ကြည့်သင့် ကြောင်း လန်ဒန်ယူနီဗာစီတီကောလိပ်မှ သုတေသီများက ပြောသည်။
အ၀လွန်ခြင်းကြောင့် ကင်ဆာဖြစ်ပွားမည့်အန္တရယ်ရှိရာဝယ် ခါးအလယ်ပိုင်းအဆီများသော အမျိုးသမီးများတွင် ရင်သားကင်ဆာပိုမိုဖြစ်ပွားသည့်အတွက် နောင်တွင် မိမိ၌ ရင်သားကင်ဆာဖြစ်လာနိုင်ခြင်း ရှိ၊မရှိကို မိမိဝတ်ဆင် သော စကပ်ခါးဆိုက် တက်လာခြင်းရှိ၊မရှိ စောင့်ကြည့်ရုံဖြင့် လွယ်ကူစွာသိရှိနိုင်မည့်နည်းဖြစ်သည်။
အင်္ဂလန်နိုင်ငံတွင် အသက် ၅၀ မှ ၆၀ အရွယ် အမျိုးသမီး ၉ သောင်းကျော်အားစောင့်ကြည့်ခဲ့ရာ ၃ နှစ်အတွင်း ရင်သားကင်ဆာဖြစ်ပွားသူ ၁၀၉၀ ဦးရှိခဲ့ပြီး ၄င်းတို့ အားလုံးသည် အသက် ၂၀ နောက်ပိုင်း ၁၀ နှစ်လျင် အနဲဆုံး ခါးဆိုက် တစ်ဆိုက် ပုံမှန်ကြီးလာသူများဖြစ်သည်ကို တွေ့ ရသည်။
၁၀နှစ်အတွင်း ခါးဆိုက်တစ်ဆိုက်ပိုကြီးလာလျင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေ ၃၃ ရာခိုင်နှုန်းဖြစ်ပြီး နှစ်ဆိုက်ပိုကြီး လာလျင်မူ ၇၇ ရာခိုင်နှုန်းဖြစ်လေရာ ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်မှုပုံစံကို ကျင့်သုံးပြီး လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ကာ ခါးအလယ်ပိုင်းအဆီမတက်အောင် ဂရုတစိုက်နေထိုင်သွားပါလျင် အမျိုးသမီးတိုင်းသည် ရင်သား ကင်ဆာဖြစ်ပွားနိုင်ချေကို ၄၀ ရာခိုင်နှူန်းခန့်  လျော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးတွေက ပေါင်ချိန်ကြပါတယ်။ ဒါပေမယ့်ချိန်ပြီးတော့ ညဉ်းညူလိုက်တာပဲရှိပြီး နေထိုင်မှုပုံစံ၊ ကျန်းမာရေး လေ့ကျင့်ခန်း အစရှိတာတွေကို ဟုတ်တိပတ်တိ ဂရုမစိုက်ကြပါဘူး။ နောက်ပြီး ကိုယ်အလေးချိန်တိုးလာတယ်ဆို တာ တစ်ကိုယ်လုံးအချိုးကျကျတိုးလာတယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမယ့် ခါးလယ်ပိုင်းအဆီက သိသိသာသာ တိုးလာတယ်ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်မယ်ဆိုတဲ့ နိမိတ်လက္ခဏာဖြစ်နေပါတယ်။ ဒါကိုအမျိုးသမီးတွေ အလွယ်ဆုံးနည်းနဲ့  သတိထားမိဖို့  စကပ်ဆိုက်ကို ဂရုစိုက်ပါလို့ ပြောရတာပါဟု သုတေသီတစ်ဦးက ပြောပြသည်။
ထို့ ကြောင်း သွေးဆုံးပြီးနောက်ပိုင်း ရင်သားကင်ဆာအန္တရယ်ကိုရှောင်ရှားနိုင်ရန် အမျိုးသမီးထုသည် ကျန်းမာရေး နှင့် ညီညွတ်သောကိုယ်အလေးချိန်ကို ထိန်းထားရန်လိုအပ်ပြီး ကိုယ်လက်လှုပ်ရှားမှုကို တတ်နိုင်သလောက် ပြုလုပ် ကာ အရက်သေစာသောက်သုံးမှုကိုလည်း လုံးဝဖြတ်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment