ကာချုပ်မိန့်ခွန်းက အခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပင် ဖြစ်စေဟု သုံးသပ်


ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည့် စကားကြောင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများ ကြိုးပမ်းနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားတစ်ရပ်ပင် ဖြစ်စေကြောင်း နိုင်ငံရေး အင်အားစုများက ဆိုလာသည်။

ဦးသိန်းစိန် အစိုးရသက်တမ်း ၁၉ လသာ ကျန်တော့သည့် အချိန်၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများက ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရန် ကြိုးပမ်းနေချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

‘‘အခြေခံဥပဒေကို ဆန့်ကျင် ပြီး ဖက်ဒရယ်အခြေခံမူကို လက် ခံပြီးပြီ။ NCCT နဲ့ UPWC ဆွေး နွေးပွဲမှာ ဒါပါပြီးသား။ ပြုပြင် ပြောင်းလဲတဲ့ တောင်းဆိုချက်တွေ ကို လက်ခံလာပြီးပြီပဲ။ ဒါတွေ အားလုံးဟာ ၂၀၀၈ ကို ဆန့်ကျင် တာတွေချည်းပဲ။ တပ်မတော်က အခြေအနေအရ၊ တာဝန်အရ ဒီအတိုင်းပြောမှာပါပဲ’’ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး မဲအများဆုံး ဒုတိယရရှိခဲ့သည့် SNLD ခေါင်းဆောင်ဖြစ်ပြီး ယင်းရွေးကောက် ပွဲနောက်ပိုင်း ဖွဲ့စည်းခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ၏ သြဇာကြီးသော ဦးဆောင်သူလည်းဖြစ် သည့် ဦးခွန်ထွန်းဦးက ‘‘သူ့ (ကာချုပ်)စကားကြောင့် အဟန့်အတား မရှိနိုင်ဘူး။ ရှိရင်လည်း ရတဲ့နည်းနဲ့ ပြင်ဆင်ရေး ကို ဆက်သွားရမှာပဲ။ တကယ်လို့ အဟန့်အတား ဖြစ် သွားရင်တော့ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကြာသွား ဦးမှာ’’ ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက် က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ‘‘တပ် မတော်သည် အဓိကလုပ်ငန်းတာ ၀န်ကြီး သုံးရပ်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်သည်လည်း တပ်မတော်၏ အဓိကတာဝန်ပင် ဖြစ်ကြောင်း၊ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ မှာ ‘‘တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာ ကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်’’ဟု အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ တစ် နည်းအားဖြင့် တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘‘၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ခဲ့စဉ်က အခြေခံမူ ၁၀၄ ချက် ချ မှတ်ခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင်များ စုပေါင်းပြီး စနစ်တကျ အချိန်ယူရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်း ရင်းသား ပြည်သူတစ်ရပ်လုံးအတွက် စနစ်တကျရေးဆွဲထားသည် ဖြစ်သကဲ့သို့ ပြည်ပနိုင်ငံများ ၏ ဒီမိုကရေစီကို ပုံတူကူးချခြင်းမဟုတ်ဘဲ ကိုယ့်နိုင်ငံ၏ ပထ၀ီဝင်အ နေအထား၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းသမိုင်းအစဉ်အ လာတို့ကိုပါ ထည့်သွင်းစဉ်းစားပြီး စနစ်တကျ ရေးဆွဲအတည်ပြု ထားခြင်းလည်းဖြစ်ကြောင်း၊ ပြည် သူလူထု၏ ဆန္ဒနှင့်အညီ ရေးဆွဲ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တပ်မတော်အ နေဖြင့် လေးစားလိုက်နာရမှာ ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လည်း ကာကွယ်စောင့်ရှောက် သွားရမည်ဖြစ်ကြောင်း ၎င်းက မိန့်ခွန်းခြွေခဲ့၏။

‘‘၂၀၀၈ ဖွဲ့စည်းပုံမှာ ပြန် ပြင်ဆင်နိုင်တဲ့ ပြဋ္ဌာန်းချက်ပါ တယ်။ ဒီအတွက် ပြန်ပြင်ရတာကိုလည်း တပ်မတော်က ကာ ကွယ်စောင့်ရှောက်ရမှာပဲ။ ပြင် ဆင်ပေးခြင်းဟာ ဆက်လက်ရှင် သန်ဖို့အတွက် အရေးကြီးတယ် လို့ လက်ခံလာလို့ ပြင်ဆင်ခြင်း ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကာ ကွယ်နိုင်ခြင်းရဲ့ တစ်ခုတည်း သော နည်းလမ်းပဲလို့ ယုံကြည်လာလို့လည်းပဲ ဒီဖွဲ့စည်းပုံကို ပြင် ဆင်တာကို တပ်မတော်က လက် ခံတယ်ဆိုတဲ့ သဘောလည်း ရတယ်။ နောက်တစ်ဖက်က ကြည့်ရင် လုံးဝမပြင်နဲ့ ကာကွယ်မယ်လို့ လည်း ကောက်ချက်ချလို့ ရတယ်။ ဒီကြားမှာ သူ့သဘောရှိမှာပဲ’’ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်သည်။

တပ်မတော်သည် လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အညီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းမှုရရှိရေး လုပ်ငန်း များ ဥပဒေဘောင်အတွင်းမှ တက်တက်ကြွကြွ လုပ်ဆောင်နေသည် ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောခဲ့သည်။

မကြာသေးမီက နေပြည်တော်တွင် ‘၀’အထူးဒေသ (၂) မှ ဗဟိုကော်မတီဝင်နှင့် မိုင်းလားအ ထူးဒေသ (၄)မှ ဒုတိယဥက္ကဋ္ဌတို့ နှင့် တွေ့ဆုံစဉ်အတွင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်၏ ငြိမ်းချမ်းရေးမူ ခြောက်ချက်အကြောင်း ပြောခဲ့ သေးသည်။

ယင်းငြိမ်းချမ်းရေးမူ ခြောက် ချက်၏ ဆဋ္ဌမမြောက်အချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း လုပ် ဆောင်ရမည်ဟု ပါရှိသည်။ ယင်း အချက်မှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဘက်က လက် ခံနိုင်ခြင်း မရှိသော အချက်တစ် ချက်လည်း ဖြစ်သည်။

‘‘ ‘၀’၊ မိုင်းလားတို့နဲ့ တွေ့ တုန်းက ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကို အထူးလိုလားတယ်လို့ ပြောခဲ့ တယ်။ ဒါက ပြင်သင့်တာကို ပြင် မှ ဖြစ်မယ်လို့ သိပြီး ဘောင်ထဲက ပြင်ခြင်းကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တွန်းနေတယ်လို့ သုံးသပ်လို့လည်း ရတယ်’’ ဟု ဒေါက်တာအေးမောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရန် အစိုးရပိုင်းက ရော လွှတ်တော်ပိုင်းကပါ ပြော ကြားမှု ပြုလုပ်လာပြီးနောက် ယခု ဆိုလျှင် လွှတ်တော်တွင်နှစ်ကြိမ် ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေခဲ့ ပြီ ဖြစ်သည်။ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောကြား သည့် တပ်မတော်သဘောထား နှင့် ပတ်သက်၍ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်းက ယခုကဲ့ သို့ မှတ်ချက်ပြုသည်။

‘‘အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်မယ် လို့ ပြောလာတာက စကားရှေ့ နောက်မညီသလို ဖြစ်နေတယ်။ ပြည်သူ့ဆန္ဒနဲ့မညီရင် အကုန်လုံး ပြောင်းရမှာပါ’’ ဟု ပြောသည်။

ပြင်ဆင်ရေးကို ချုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန်အတွက် လူထုဆန္ဒလက်မှတ်ကောက်ယူသည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ မြန်မာနိုင်ငံ တစ်ဝန်းတွင် ပူးပေါင်းလုပ်ဆောင်နေခဲ့ကြသည်။

‘‘အားလုံးက ပြင်ဖို့ ၀ိုင်းကြိုး စားနေတဲ့အချိန်မှာ ဒီလိုပြော လိုက်တာက ပြည်သူလူထုကြား သံသယပွားစရာ ဖြစ်စေပါတယ်။ ဒီအချိန်မှာ နောက်ကြောင်းပြန် မပြောသင့်ဘူး။ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး မပြောသင့် ဘူး။ ဒီအချိန်က ၀ိုင်းပြီး ကြိုးစားရ မယ့်အချိန်ပါ’’ ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ် ဦးဖြစ်သည့် ဦးမြအေးက ပြော သည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များက တောင်းဆိုသည့် ဖက်ဒရယ်မူ အခြေခံဆွေးနွေးရန်ကို အစိုးရဘက်က လက်ခံလိုက် ပြီး အစိုးရသတ်မှတ်ထားသည့် ဒို့ တာဝန်အရေးသုံးပါးကို အခြေခံ ၍ ဆွေးနွေးရန်မူကိုလည်း တိုင်း ရင်းသားတို့ဘက်က လက်ခံလိုက် ပြီးသည့်နောက်တွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင် ဖဒိုစောကွယ်ထူး ၀င်းက နိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုမှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ကဏ္ဍလည်း ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT)တို့ ညှိနှိုင်းနေ ကြသည့်အဆင့်တွင် ရှိနေသည်။ NCA ပြီးပါက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ မူဘောင်ရေးဆွဲအတည်ပြု၍ ‘‘ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ’’ အမည်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးသားရမည် ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗိုလ်သင်တန်းကျောင်းတွင် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-မြ၀တီ)
7Day Daily

0 comments:

Post a Comment