အလှမယ်များ အော်ဂနိုက်ဇေးရှင်း၏ စကားကို နားထောင်နိုင်ရန်လိုအပ်သည်ဟု သျှားထွဋ်အိန္ဒြာ ဆို


မြန်မာနိုင်ငံတွင် ရွေးချယ်ခြင်းခံရသည့် အလှမယ်များသည် အော်ဂနိုက်ဇေးရှင်းများ၏ စကားကိုနားထောင်ရန် လိုအပ်ပြီး စည်းမျဉ်းစည်းကမ်းများနှင့် အတူ လိုက်နာဆောင်ရွက်သင့်သည်ဟု Miss Universe Myanmar ဆုရှင် သျှားထွဋ်အိန္ဒြာ ကမဇ္ဈိမကိုပြောသည်။ " သမီးတို့ မြန်မာနိုင်ငံမှာ ခေါင်းစဉ် အမျိုးမျိုးနဲ့ အလှမယ်တွေ အများကြီးရှိပါတယ်။ အားလုံး သူအရည်အချင်းနဲ့သူ တော်ကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် သူ့အယူအဆနဲ့ အော်ဂနိုက်ဇေးရှင်းတွေရဲ့အယူအဆတွေ ကွဲလွဲလာတဲ့ အခါအခုလိုမျိုး ပြဿနာတွေဖြစ်လာတာပါ။ အကောင်းဆုံးကတော့ အလှမယ်တွေအနေနဲ့ သူ့ရဲ့အော်ဂနိုက်ဇေးရှင်းကို ကောင်းကောင်း ဆက်ဆံပြီး စကားနားထောင်နိုင်ဖို့ လိုအပ်ပါတယ်။ သမီးဆိုရင် အော်ဂနိုက်ဇေးရှင်းရဲ့စကားကို နားထောင်တယ်။ တီချယ် စောယုဝေတို့နဲ့လည်း အဆင်ပြေအောင် နေပါတယ်" ဟု သျှားထွဋ်အိန္ဒြာ ကပြောသည်။


Miss Myanmar International 2012 အလှမယ်နန်းခင်ဇေယျာ မှ စတင် ခဲ့သည့် အလှမယ်များသည် ပွင့်လင်းမြင်သာသည့် ခေတ်စနစ်သို့ ရောက်ရှိလာသည့် အတူ မြန်မာနိုင်ငံ၌ အလှမယ်များ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက်ရွေးချယ် ၎င်းတို့နှင့် အဖွဲ့အစည်းများ ကြားတွင် ပြဿနာများ ဖြစ်ပေါ်လာခြင်းကြောင့် မီဒီယာများသည် ရေးစရာ သတင်းတစ်ခု ဖြစ်လာ ခဲ့သည်။

လက်ရှိ အလှမယ် မေမြတ်နိုး၏သတင်းကို လူတိုင်းစိတ်ဝင်စားခြင်း ခံရသည့်အပြင် Miss Supranational Myanmar 2013 ခင်ဝင့်ဝါ နှင့် Miss Grand Myanmar 2013 ထားထက်ထက် တို့သည် လည်း ၎င်းတို့ အဖွဲ့အစည်းနှင့် ပြဿနာ များဖြစ်ခဲ့ဖူးသော်လည်း ၎င်းတို့သည်စာချုပ် သက်တမ်း ပြည့်သွားခြင်းကြောင့် လွတ်လပ် သွားသည့်အလှမယ်များဟုမီဒီယာများတွင် ဖြေကြား ထားသည်။

" ပြင်ဆင်ချိန်က နှစ်လသုံးလတော့ ရပါသေးတယ်။ ပြိုင်ပွဲက နိုင်ငံပေါင်း ၉ဝ၊ ၁ဝဝ လောက် ပြိုင်တာဆိုတော့လေ။ မြန်မာနိုင်ငံက ပြိုင်ပွဲလုပ်ပြီးတာ နိုင်ငံပေါင်း ၅ဝ မြောက်ပါ။ အချို့နိုင်ငံတွေဆို ပြိုင်ပွဲမကျင်းပရသေးတဲ့ နိုင်ငံတွေတောင် ရှိသေးတော့ ပြင်ဆင်ချိန်တော့ရမှာပါ။ ကျွန်မတို့က အကောင်းဆုံး ကြိုးစားထားပါတယ်။ ပြိုင်ပွဲပြီးဆုံးသည်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားစေမှာပါ။"ဟု Miss Universe Myanmar Organization မှ NationalDirector ဒေါ်စောယုဝေက မဇ္ဈိမကိုပြောသည်။

ဆုရရှိသည့်အလှမယ် သျှားထွဋ်အိန္ဒြာသည် ဆုကြေးငွေကျပ် သိန်း ၁ဝဝ နှင့်ငွေကျပ် ၁၅ သိန်း တန်ဖိုးရှိ သရဖူ အပြင် အခြားဆုများစွာရရှိခဲ့ပြီး ၂ဝ၁၄ခုနှစ်၊ ဒီဇင်ဘာလ၌ အမေရိကန်ပြည်ထောင်စု Las Vegas မြို့တွင်ကျင်းပမည့် Miss Universe 2014 Contest သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

Miss Universe Contest ကို ၁၉၅၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ကာ မြန်မာနိုင်ငံမှ ၁၉၅၈၊ ၁၉၅၉ နှင့် ၁၉၆ဝ ပြည့်နှစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် အမေရိကန်ပြည်ထောင်စု Miami မြို့၌ ကျင်းပသည့် မယ်စကြာဝဠာ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဒေါ်မြင့်မြင့်မေက Miss Congeniality ဆုကိုရရှိခဲ့သည်။

၅၃ နှစ်အကြာ မှပါဝင်ယှဉ်ပြိုင်ခဲ့သည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ Miss Universe Myanmar 2013 Contest ကိုပြန်လည်ကျင်းပခဲ့ရာ Miss Universe Myanmar 2013 အဖြစ် မိုးစက်ဝိုင်က ရွေးချယ်ခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် Miss Universe 2013 ကိုရုရှားသမ္မတနိုင်ငံ မော်စကိုမြို့၌ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုရရှိခဲ့ခြင်း မရှိပေ။

mizzimaburmese

0 comments:

Post a Comment