မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြီးအကဲ ပြိုင်ဘက်မရှိ ရွေးချယ်တင်မြှောက်ပွဲတွင် ဒုတိယအကြိမ် ဆက်လက် အာဏာရ


ဟောင်ကောင်ကဲ့သို့ပင် တရုတ်နိုင်ငံ၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုဖြစ်သည့် မကာအို တွင် လက်ရှိခေါင်းဆောင် ဖြစ်သူအား ဒုတိယ သက်တမ်းအတွက် သြဂုတ် ၃၁ ရက်တွင် ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရသည်။

တရုတ်အစိုးရအား ခိုင်ခိုင်မာမာ ထောက်ခံထားသည့် အဖွဲ့ဝင် ၄၀၀ ပါဝင်သော ရွေးကောက်ပွဲကော်မ တီအဖွဲ့ဝင် ၃၉၆ ဦးက အုပ်ချုပ်ရေးမှူး ဖာနန်ဒို ချူးအား ထောက်ခံမဲ ၃၈၀၊ ဗလာမဲ ၁၃ မဲ၊ ပယ်မဲ သုံးမဲဖြင့် ပြန်လည်ရွေးချယ်လိုက်ခြင်းဖြစ်သည်။


မကာအိုဒေသ၏ ဒီမိုကရေစီလိုလားသော Macau Conscience မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆိုအူးက “မဲပေးရွေးချယ်တဲ့သူက ၄၀၀ ပဲရှိပြီး ဒီလူတွေမှာ ရွေး ချယ်ခွင့်မရှိတာဟာ အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်ပါ။ မကာအိုပြည်သူတွေအနေနဲ့ ဒီမိုကရေစီကို တောင့်တနေပါပြီ။ ပြည်သူတွေကလည်း ပြီးခဲ့တဲ့ နှစ်တွေက စပြီးလမ်းပေါ်ထွက် တောင်းဆိုမှုတွေ ရှိနေပါပြီ” ဟု ပြောကြားသည်။

အဆိုပါအဖွဲ့က မဲပေးရွေးချယ်မှု ပြုလုပ်နေသည့် နေရာအပြင်ဘက်တွင် လူ ၂၀ ခန့်က ဆန္ဒပြကန့် ကွက်မှုများ လုပ်ဆောင်ခဲ့သည်။

“ကျွန်တော်တို့ မကာအို ပြည်သူတွေအနေနဲ့ အမြဲတမ်းခေါင်း ငုံ့ခံနေရတဲ့ သူတွေလို ခံစားရပါတယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားသည်။

တရုတ်အစိုးရအနေဖြင့် ၎င်းတို့အား ထောက်ခံသော မကာအိုအုပ်ချုပ်ရေးအဖွဲ့အား ရွေးချယ်နိုင်ပြီ ဖြစ်သကဲ့သို့ အခြားအထူးကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသတစ်ခုဖြစ်သည့် ဟောင်ကောင်တွင်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်အား ကြေညာသွားရန် စီစဉ်ထားရာ ပြည်မအစိုးရအား ထောက်ခံသည့် ကိုယ်စားလှယ်လောင်းများကို အမည်စာရင်းသွင်းရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ဝေဖန် သူများက ပြောကြားသည်။

ပေါ်တူဂီကိုလိုနီနယ်မြေတစ်ခုဖြစ်သော မကာအိုသည် လောင်းကစားလုပ်ငန်းမှ ၀င်ငွေအများအပြား ရရှိနေပြီး တရုတ်ပြည်မမှ ချမ်းသာသူ အများ အပြားလာရောက်ငွေသုံးဖြုန်းသည့် နေရာတစ်ခုဖြစ် သည်။ စီးပွားရေးအခြေအနေ တိုးတက်နေသောကြောင့် မကာအို အနေဖြင့် ဟောင်ကောင်နှင့် နှိုင်းယှဉ်ပါက နိုင်ငံရေးတွင် တက်ကြွမှုနည်းပါးသည်။

သို့သော် မကာအို၏ အနာဂတ်နှင့် ပတ်သက်၍ နိုင်ငံရေးအရ စိုးရိမ်ပူပန်မှု အချို့ထွက်ပေါ်လာခဲ့ပြီး သြဂုတ်လကုန်ပိုင်းက လူ ၈၅၀၀၀ ဦး ပါဝင်သော တရားဝင်ခွင့်ပြုချက်ယူမထားသည့် ဆန္ဒခံယူပွဲတွင် မကာအိုပြည်သူများအတွက် အခွင့်အရေး ပိုမိုရရန် တောင်းဆိုခဲ့ကြပြီး ဒီမိုကရေစီစနစ် ထူထောင်ရေး အတွက် ကနဦးစတင်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။ 
Ref: AFP
Mizzima

0 comments:

Post a Comment