အဆိုတော် မီမီဝင်းဖေ၏ ငယ်ဘ၀ ဖြတ်သန်းရာ




အနုပညာ လောကအတွင်း၌ အနုပညာ အမွေကို လက်ဆင့်ကမ်း၍ အောင်မြင်သည့် မျိုးဆက်သစ်များကို မွေးထုတ်နိုင်ခဲ့သူ များစွာ ရှိခဲ့ကြသည်။ မြန်မာ့အနုပညာလောက၏ စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေ သည်လည်း ထင်ရှားသော ဂီတကြယ် တစ်ပွင့်ဖြစ်သည့် အဆိုတော် မီမီဝင်းဖေကို မွေးထုတ် အောင်မြင်စေခဲ့ပါသည်။ ယခုတစ်ပတ် အနုပညာရှင်တို့၏ ငယ်ဘ၀ ဖြတ်သန်းမှု ကဏ္ဍတွင် အောင်မြင်သည့် တေးသီချင်းများစွာကို သီဆိုခဲ့သူ အဆိုတော် မီမီဝင်းဖေ၏ ငယ်ဘ၀ ဖြတ်သန်းမှုများကို စုစည်း ဖော်ပြလိုက်ရပါသည်။

အဆိုတော် မီမီဝင်းဖေသည် ဖခင်ဖြစ်သူ စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေနှင့် မိခင် ဒေါ်ခင်မြိုင်တို့၏ စတုတ္ထမြောက် သမီးဖြစ်ပြီး မွေးချင်း ငါးဦးအနက် အစ်ကိုသုံးဦး၊ မောင်တစ်ဦးတို့ရှိကာ တစ်ဦးတည်းသော သမီးဖြစ်သည်။ မီမီဝင်းဖေကို ၁၉၆၄ ခုနှစ်တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ ငယ်စဉ်အချိန်တွင် အေးဆေးစွာ ဆော့ကစားရင်းသာ နေထိုင်လေ့ရှိသည့် မီမီဝင်းဖေသည် ဂီတသံစဉ်များကို ငယ်စဉ်ကပင် စိတ်ပါဝင်စားလေ့ရှိသူ တစ်ဦးဖြစ်သည်။

ပညာသင်ကြားရာ၌ မူလတန်းကို မန္တလေးမြို့ အ.ထ.က (၈) တွင် တက်ရောက် သင်ကြားခဲ့ပြီး အလယ်တန်းကျောင်းကို ရန်ကုန်မြို့ရှိ အ.လ.က (၄) ရန်ကင်းတွင် တက်ရောက် သင်ယူခဲ့သည်။ အထက်တန်းကျောင်းကိုမူ အ.ထ.က (၂) ရန်ကင်းတွင် သင်ယူခဲ့သူ ဖြစ်သည်။

“ ပညာရေးကတော့ ရည်ရွယ်ချက်ရှိတော့ ကြိုးစားတယ်။ မမီက ငယ်ငယ်ကတည်းက အင်္ဂလိပ်စာပေကို သင်ယူလိုတယ်။ ဒါကြောင့် ဆယ်တန်းအောင်ပြီးတဲ့အခါ ဒီဘာသာရပ်ကို သင်ယူနိုင်ဖို့ စာကြိုးစားဖြစ်တယ် ” ဟု မီမီဝင်းဖေ၏ ပညာရေး ရည်ရွယ်ချက်ကို ဖွင့်ဟပြောပြခဲ့သည်။

ဖခင်ဖြစ်သူ၏ အနုပညာ ဖန်တီးမှုများစွာကို တွေ့မြင်ရင်းနှီးနေသော်လည်း နောင်တစ်ချိန်တွင် ဂီတငွေကြယ်ပွင့် ဖြစ်လာမည့် အဆိုတော် မီမီဝင်းဖေက ဂီတသံစဉ်များကိုသာ အဓိက နှစ်ခြိုက်ခဲ့သည်ဟု သိရသည်။ ယင်းဝါသနာအတွက် ဖခင်ဖြစ်သူကလည်း စနစ်တကျ လေ့လာ ဆည်းပူးနိုင်ရန် စီစဉ်ပေးခဲ့သည်။

“ မမီက ငယ်ငယ်ကတည်းက ဂီတကိုပဲ ၀ါသနာပါတာ။ အဖေကသိတော့ နိုင်ငံခြားကနေ ဂီတသင်ကြားမှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေ မှာပေးတယ်။ အဖေကိုယ်တိုင်ပဲ စနစ်တကျ သင်ပေးခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း သီချင်းတွေကိုပဲ ကြိုက်နေတဲ့ အခါကျတော့ သေချာကို လေ့လာ ဆည်းပူးဖြစ်ခဲ့တယ် ” ဟု မီမီဝင်းဖေက ဆိုသည်။

မီမီဝင်းဖေသည် အင်္ဂလိပ်ဘာသာ အဓိကဖြင့် တက္ကသိုလ် တက်ရောက်သည့် အချိန်တွင် အနုပညာ လှုပ်ရှားမှုများကို စတင် လုပ်ဆောင်ဖြစ်ခဲ့သည်။ တက္ကသိုလ် အနုပညာကပွဲများတွင် ပါဝင်သီဆိုလေ့ရှိသူ
တစ်ဦးဖြစ်သည်။ ယင်းမှတစ်ဆင့် ပထမဆုံး တေးစီးရီးအဖြစ် “ ယင်းမာ တင်ဆက်မှု အမှတ် (၁) ” ကို စတင် သီဆိုခဲ့သည်။

“ မမီကို ပရိသတ်တွေ ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ သီချင်းက နှလုံးသားမြို့တော် သီချင်းပါ။ အဲဒီ သီချင်းလေးက မို့မို့မြင့်အောင် အကယ်ဒမီရတဲ့ နှလုံးသားမြို့တော် ဇာတ်ကားထဲက သီချင်းပေါ့။ အဲဒီသီချင်းနဲ့ပဲ မမီကို ပရိသတ်တွေက ရင်းနှီးသွားခဲ့တယ်။ ပြီးတော့ ကိုထီး (စိုင်းထီးဆိုင်) ရဲ့ “ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမည် ” ဆိုတဲ့ အခွေထဲမှာ စုံတွဲသီချင်းလေး တစ်ပုဒ်ဆိုခွင့်ရပြီး အဲဒီ သီချင်းလေးကလည်း ပရိသတ် တော်တော်များများ ကြိုက်ခဲ့ပါတယ် ” ဟု ပရိသတ် စတင် အသိအမှတ် ပြုစေခဲ့သည့် သီချင်းနှင့် ပတ်သက်၍ အမှတ်တရ ဆိုပါသည်။

ဂီတ လောကအတွင်း နှစ်ကာလ ကြာရှည်စွာ ဖြတ်သန်းခဲ့သူ အဆိုတော် မီမီဝင်းဖေသည် တစ်ကိုယ်တော် တေးစီးရီး ၁၅ ခွေနှင့် အတွဲတေးစီးရီး များစွာတွင် ပါဝင်သီဆိုခဲ့ကာ အောင်မြင်သည့် တေးသီချင်းပေါင်း များစွာကို သီဆိုခဲ့သူုဖြစ်သည်။ ယင်းသို့ အောင်မြင်ခဲ့သည့် တေးသီချင်းများစွာ အနက်မှ အမှတ်တရ အရှိဆုံး တေးသီချင်းတစ်ပုဒ်အဖြစ် မီမီဝင်းဖေက “ ပန်းချစ်သူ ” သီချင်းကို ရွေးချယ် ပြောပြခဲ့ပါသည်။

“ သီချင်းတွေက အများကြီးလည်း ဆိုခဲ့ပါတယ်။ ပရိသတ်တွေလည်း အားပေးခဲ့ကြတယ်။ အဲဒီထဲက အမှတ်တရ အဖြစ်ဆုံး သီချင်းဆိုရင်တော့ ပန်းချစ်သူကိုပဲ ရွေးချင်ပါတယ်။ ဒီသီချင်းလေးက မမီလည်း ကြိုက်တယ်။ ပရိသတ်တွေလည်း တော်တော်လေး ကြိုက်ကြပါတယ်။ ဒါကြောင့် ဒီသီချင်းလေးကို ရွေးချယ်ဖြစ်တာပါ ” ဟု အဆိုတော် မီမီဝင်းဖေက ဆိုသည်။ 

ဂီတ ဖြတ်သန်းမှု ခရီးရှည်တွင် စိတ်ကျေနပ်မှု ရရှိသည့် အချိန်များကို ပိုင်ဆိုင်ခဲ့သော်လည်း မိမိကိုယ်တိုင်၏ ဖန်တီးမှု ရလဒ်အပေါ် စိတ်တိုင်း မကျသည်များကိုလည်း ကြုံခဲ့ရဖူးသည်ဟု မီမီဝင်းဖေက ဆိုသည်။

“ မမီတို့ ခေတ်တုန်းက ဂီတလောက အခြေအနေက လက်ရှိ ဂီတလောက အခြေအနေနဲ့ဆိုရင် အများကြီး ကွာခြားတာပေါ့။ အခုကတော့ စက်ပစ္စည်းပိုင်းတွေ ပိုစုံလာတယ်။ အရည်အသွေးပိုင်းတွေ ပိုမြင့်အောင် ကြိုးစားနိုင်လာတယ်။ ဂီတ ဖန်တီးမှုအားတွေလည်း ပိုကောင်းလာပါတယ်။ အခွင့်အရေးရနိုင်တဲ့ လမ်းကြောင်းတွေလည်း ပိုများလာတယ်။ မမီတို့ ခေတ်တုန်းကတော့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ် လက်ခံဖို့ဆိုတာ တော်တော်ကို ကြိုးစားရတယ်။ ကြားခံ မီဒီယာ ဆိုတာကလည်း မဂ္ဂဇင်း နည်းနည်းပါးပါးလောက်ပဲ ရှိတဲ့အချိန်ပါ။ ဒါကြောင့် အများကြီး ကွာခြားတယ်လို့ ဆိုရမှာပါ ” ဟု မီမီဝင်းဖေက ဆိုသည်။

အဆိုတော် မီမီဝင်းဖေသည် ၂၀၀၇ ခုနှစ်တွင် မိဘများ ရောက်ရှိနေထိုင်လျက်ရှိရာ ပြည်ပနိုင်ငံသို့ အလည်အပတ် သွားရာမှ မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေကြောင့် ခုနစ်နှစ်ခန့်ကြာ ပြည်ပတွင်သာ နေထိုင်ဖြစ် ခဲ့သည်။ လုပ်ကိုင်လက်စ အနုပညာလုပ်ငန်းများအား ရပ်နားကာ ပြည်ပတွင် နေထိုင်ခဲ့ရသည့် အချိန်ကာလများ၌ ဂီတလုပ်ငန်းများနှင့် ဂီတပရိသတ်များကို လွမ်းဆွတ် သတိရနေခဲ့ကြောင်း မီမီဝင်းဖေက ပြန်လည်ဖွင့်ဟ ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာချိန်တွင် အနုပညာ လုပ်ငန်းအချို့ ပြန်လည်လုပ်ကိုင်ခဲ့ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်ကိုမူ မိခင်ကျန်းမာရေးအတွက် ဦးစားပေး အချိန်ပေး ဖြစ်နေသောကြောင့်
အချိန်အနည်းငယ် ကြာမှာသာ စီစဉ်နိုင်မည်ဟု ဆိုပါသည်။ တစ်ကိုယ်တော် တေးစီးရီးသစ် တစ်ခွေကို စီစဉ်လျက်ရှိပြီး လက်ရှိတွင် NLD အောင်နိုင်ရေး မဲဆွယ် လှုပ်ရှားမှုများကိုပါ လုပ်ကိုင်နေခြင်း ဖြစ်သည်။

“ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခေါ်ဆောင်သွားမယ့် သူတွေလည်း ရှိတယ်။ လိုက်ပါချင်တဲ့ သူတွေလည်း ရှိတယ်။ မမီတို့ ကိုယ်တိုင်လည်း ဒီလမ်းကြောင်းပေါ်ကို သွားချင်တယ်။ တညီတညွတ်တည်း ဒီလမ်းကြောင်းပေါ်ကို သွားဖို့ကြိုးစားနေတဲ့အချိန်မှာ ကိုယ်တတ်နိုင်တာလေး ကူလုပ်ပေးဖြစ်တာပါ ” ဟု မီမီဝင်းဖေက NLD အောင်နိုင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ဖြစ်ပုံကို ရှင်းပြသည်။

လက်ရှိ အချိန်အထိ အားပေးခဲ့သည့် ပရိသတ်များအား အဆိုတော် မီမီဝင်းဖေက “ မမီဖြတ်သန်းခဲ့တဲ့ ဂီတလမ်းကြောင်း တစ်လျှောက်လုံးမှာ ချို့ယွင်းချက်တွေလည်း ရှိခဲ့ပါတယ်။ အားနည်းချက်တွေလည်း ရှိခဲ့ပါတယ်။ အဲဒါတွေ အားလုံးကို မမီကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ဖြည့်စွက်စဉ်းစားပြီး အားပေးခဲ့ကြတဲ့ ပရိသတ် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားပါမယ်လို့ မမီ ပရိသတ်တွေကို ပြောချင်ပါတယ် ” ဟု ဆိုသည်။

အနုပညာမျိုးဆက် လက်ဆင့်ကမ်း အမွေဆက်ခံထားခဲ့သည့် အဆိုတော် မီမီဝင်းဖေက ယုံကြည်ရာ ဂီတခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနေဆဲပင်ဖြစ်ပြီး တစ်ကိုယ်တော် တေးစီးရီးသစ် တစ်ခွေကို မကြာမီ ဖြန့်ချိနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ထို့ပြင် ရတနာဦး၊ မေဆွိတို့နှင့် ပူးတွဲပြုလုပ်မည့် သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲကို ဒီဇင်ဘာလတွင် ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သတင်းစကားပါးရင်း အဆိုတော် မီမီဝင်းဖေ၏ ငယ်ဘ၀ဖြတ်သန်းမှု အစီအစဉ်ကို ရပ်နားခွင့်ပြုပါလို့။
Eleven

0 comments:

Post a Comment