ရန်ကုန်မြို့ ဂိုဒေါင်တစ်ခုအတွင်းရှိ အရက်ပုလင်းများအား သက်ဆိုင်ရာက ၀င်ရောက်စစ်ဆေးနေစဉ်
အရက်ပါဝင်မှု နှစ်ရာခိုင်နှုန်းထက်ပိုပါက ၁၉၁၇ ခုနှစ်က ပြဌာန်းခဲ့သည့် ယစ်မျိုးဥပဒေအရ ယစ်မျိုးခွန် (Excise Taxation) ကောက်ရမည့်အရက် (သို့မဟုတ်) အရက်ချိုဟု သတ်မှတ်ထားသော်လည်း လက်ရှိတွင် ယင်းပြဌာန်းချက်ကို အခွင့်ကောင်းယူပြီး အရက်ပါဝင်မှု နှစ်ရာခိုင်နှုန်းမပြည့်သော သစ်သီးဖျော်ရည်၊ ဝိုင်၊ အရက်ချို စသည့်အဖျော်ယမကာမျိုးစုံကို ပြည်တွင်းသို့ တင်သွင်းရောင်းချမှုများ ရှိသကဲ့သို့ ထုတ်လုပ်ရောင်းချမှုများလည်း ပြုလုပ်လျက်ရှိကြောင်း ‘အရက်ယမကာသုံးစွဲမှု ထိန်းချုပ်ရေးမူဝါဒနှင့် မဟာဗျူဟာများ ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ’ တွင် ပြောကြားချက်များအရ သိရသည်။
လက်ရှိအချိန်ထိ အာဏာတည်ဆဲဖြစ်သည့် ယစ်မျိုးဥပဒေအရ အရက်၊ ဘီယာ၊ ဝိုင်၊ ခေါင်ရည်၊ အရက်ချိုနှင့် ဒေသထွက်အရက်များအပြင် ပြည်တွင်းဖြစ်အရက်၊ ပြည်တွင်းဖြစ် နိုင်ငံခြားအရက်၊ နိုင်ငံခြားဖြစ်အရက်ဟူ၍ ခေါ်ဝေါ်သတ်မှတ်မှုများရှိကြောင်းနှင့် လက်ရှိပြည်တွင်းသို့ တင်သွင်းရောင်းချမှု၊ ထုတ်လုပ်ရောင်းချမှုများ ပြုလုပ်နေသည့် အရက်ပါဝင်မှု နှစ်ရာခိုင်နှုန်းမပြည့်သော အဖျော်ယမကာမျိုးစုံကို လူငယ်နှင့် အမျိုးသမီးများသုံးစွဲမှုများ ပြားလျက်ရှိကြောင်း သိရသည်။
ဥပဒေတွင် အရက်နှင့်ပတ်သက်၍ ထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်၊ ရောင်းချခွင့်၊ ယစ်မျိုးခွန်များဖြင့် ထုတ်လုပ်ရောင်းဝယ်မှု ထိန်းချုပ်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ရောင်းချခွင့်ထိန်းချုပ်ခြင်းများအနက် ရောင်းချခွင့်လိုင်စင် သတ်မှတ်ခြင်း၊ အရက်ဝယ်ယူရန် ခက်ခဲစေခြင်း၊ အရက်အရောင်းမြှင့်တင်ရန် နည်းမျိုးစုံသုံးသည့် လုပ်ငန်းများထိန်းချုပ်ခြင်း၊ ပညာပေးစည်းရုံးခြင်း၊ အရက်ပုံးများထိန်းချုပ်ခြင်း၊ ယာဉ်မောင်းများ အရက်မသောက်ရန် ပညာပေးခြင်းနှင့်ထိန်းချုပ်ခြင်း၊ လူထုနည်းဖြင့်ထိန်းချုပ်ခြင်း စသည့်လုပ်ငန်းများဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ၏လမ်းညွှန်ချက်အရ အရက်ယမကာသည် နိုင်ငံအချင်းချင်း လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်သော ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံသို့ တင်သွင်းမှုကန့်သတ်ဆဲဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၌ ပြည်တွင်းထုတ်လုပ်မှု အရှိန်မြင့်တက်လာပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင် ဆယ်စုနှစ်တစ်ခုအတွင်း အရက်ကိုတွင်ကျယ်စွာ ဖြန့်ဖြူးရောင်းချမှုများ ရှိလာကြောင်း သိရသည်။
အရှေ့တောင်အာရှဒေသတွင် အရက်၊ ယမကာ ထုတ်လုပ်ဖြန့်ဖြူးမှု ပိုမိုတွင်ကျယ်လာခြင်းနှင့်အတူ အရက်ယမကာသောက်သုံးသည့်ဓလေ့ ပိုမိုထွန်းကားလာခဲ့ကြောင်းနှင့် အမျိုးသားများသာမက လူငယ်များ၊ အမျိုးသမီးများ သောက်သုံးမှုများလာပြီး ချက်အရက် (တရားဝင်) နှင့် ဘီယာသောက်သုံးမှုများလည်း အဆမတန် များပြားလာကြောင်း သိရသည်။
၂ဝ၁၂ ခုနှစ်မှစ၍ စီးကရက်ကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကုန်ပစ္စည်းတန်ဖိုး၏ ရာခိုင်နှုန်း ၁ဝဝ ကောက်ခံထားပြီး အခြားဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ရာခိုင်နှုန်း ၅ဝ၊ အရက်၊ ဘီယာ၊ ဝိုင် စသည်တို့ကို ရာခိုင်နှုန်း ၅ဝ ကောက်ခံထားကြောင်း၊ အာဆီယံနိုင်ငံများအကြား ကုန်ပစ္စည်းဖလှယ်မှုတွင် ကုန်သွယ်ခွန်အဖြစ် စီးကရက်ငါးရာခိုင်နှုန်း၊ ဆေးရွက်ကြီးသုံးရာခိုင်နှုန်း ကောက်ခံနေပြီး လာမည့် ၂ဝ၁၅ ခုနှစ်တွင် အကောက်ခွန် ဝ ရာခိုင်နှုန်းဖြစ်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ရရှိထားသည့် အချက်အလက်များအရ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃ဝ တွင် လက်လီ/လက်ကား အရက်ဆိုင်ပေါင်း ၄၁၂၁ဝ ခန့်ရှိပြီး သိပ္ပံနည်းကျထုတ်လုပ်သည့် စက်ရုံ ၇၃ ရုံ၊ ဘီယာစက်ရုံလေးရုံ၊ ဝိုင်ထုတ်လုပ်သည့်စက်ရုံ ၄ဝ ရုံ၊ တောအရက်ချက်လုပ်ငန်း ၄၁ဝ နှင့် အရက်များကို ပြန်လည်ပြုပြင်ပြီး ဖြန့်ဖြူးသည့်ဆိုင်ပေါင်း ၂၂၈ ဆိုင်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ယစ်မျိုးနှင့် အခွန်ဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် အရက်နှင့်ဘီယာသောက်သုံးမှု မြင့်မားလျက်ရှိပြီး နှစ်စဉ် ပြည်တွင်း၌ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅ သန်းနှင့်အထက်ရှိနေကြောင်း၊ ဘီယာတစ်မျိုးတည်း ထုတ်လုပ်မှုအနေဖြင့် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း သန်း ၂ဝ နီးပါးထိ ထုတ်လုပ်ခဲ့ရာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၆ သန်းအထိ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် ၁ဝ လအတွင်း ထုတ်လုပ်မှုဂါလန်ပေါင်း ၂၇ သန်းခွဲနီးပါးအထိရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရသည်။
0 comments:
Post a Comment