သူပုန်တပ်များဝိုင်းထားသည့် အမာလီမြို့ကို အီရတ်တပ် ပြန်သိမ်း


အီရတ်လုံခြုံရေးတပ်တွေဟာ ဆီယိုက် ပြည်သူတွေစစ်တွေနဲ့ ပူးပေါင်းပြီး နှစ်လကြာ အစ္စလာမ္မစ် သူပုန်တွေ ၀ိုင်းထားတဲ့ နိုင်ငံ မြောက်ပိုင်းက အမာလီမြို့ကို ပြန်သိမ်းလိုက်ပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ ဆွန်နီသူပုန်တွေကို အမာလီမြို့ တ၀ိုက်ကနေ တိုက်ထုတ်နိုင်ခဲ့ပေမယ့် အနီးအနားက ရွာတွေမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

အမာလီမြို့ဟာ မဟာဗျူဟာအရ အရေးပါတဲ့မြို့အဖြစ် သတ်မှတ်ထားတဲ့မြို့ ဖြစ်ပါတယ်။

အမာလီမြို့ကို သိမ်းနိုင်ပြီဖြစ်လို့ မြောက်ပိုင်းမှာ အိုင်အက်စ်သူပုန်တွေ သိမ်းထားတဲ့ ဆာလာဟူဒင် ပြည်နယ်ကို ပြန်သိမ်းနိုင်ဖို့ ခြေကုတ်ရပြီလို့ စစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။

အီရတ်မှာ ကာဒ်တပ်တွေဟာ အမေရိကန် လေကြောင်း စစ်ကူနဲ့ အစ္စလာမ္မစ် သူပုန်တွေ သိမ်းထားတဲ့ နယ်မြေကို ပြန်သိမ်းပြီး သူပုန်တွေကို ထိုးစစ်ဆင်နေပေမယ့် အီရတ် အစိုးရစစ်တပ်နဲ့ ဆီယိုက် ပြည်သူ့စစ်တွေကတော့ သိသာတဲ့ အောင်မြင်မှုကို အရင်က မရခဲ့ပါဘူး။

အမာလီမြို့ကို သူပုန်တွေ ၀ိုင်းထားတဲ့အချိန်က မြို့ခံ ပြည်သူ့စစ်တွေက သူပုန်တွေကို မြို့ထဲ မ၀င်နိုင်အောင် ခုခံ တိုက်ခိုက်ထားပြီး မြို့တွင်းမှာ ပြည်သူ ၁ သောင်းခွဲလောက် ပိတ်မိနေခဲ့တာပါ။

အခုလို မြို့ကို အီရတ်တပ်တွေ ပြန်မသိမ်းခင်မှာ အမေရိကန် လေတပ်ကလည်း အနီးအနား မြို့တမြို့မှာ သူပုန်တွေကို တိုက်ခဲ့ပြီး အဲဒီမှာ ပိတ်မိနေတဲ့ ပြည်သူတွေအတွက် လေကြောင်းကနေ အကူအညီတွေ ချပေးခဲ့ပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ သြစတြေးလျ လေယာဉ်တွေကလည်း ပြည်သူတွေအတွက် အကူအညီတွေကို ချပေးခဲ့ပါတယ်။
By ဒီဗွီဘီ

0 comments:

Post a Comment