ပဲရစ်တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အဆောက်အအုံ ပြိုကျပြီး (၆)ဦးထက်မနည်း သေဆုံး


ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်၏ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင် အဆောက်အအုံ တစ်လုံး၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး ပြိုကျရာ လူ(၆)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် (၃၁)ရက်က ပေါက်ကွဲမှုအပြီး အဆိုပါ အဆောက်အအုံသည် အပျက်အစီးပုံကြီးတစ်ခုသဖွယ် ပြောင်းလဲသွားကြောင်း အရေးပေါ် အခြေအနေ ကူညီပေးသည့် အဖွဲ့များက ဆိုသည်။ အပျက်အစီးများ အောက်မှ ပြန်လည် ရရှိသည့် အလောင်းများတွင် (၁၀)နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။


အရှေ့မြောက်ပိုင်း ရော့စ်နေဆူဘွိုက်စ်ရှိ (၄)ထပ် အဆောက်အအုံ ပြိုကျခဲ့သည့် အပျက်အစီးများ အောက်တွင် နောက်ထပ် ရုပ်အလောင်းများကို လိုက်လံ ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက် ယခုထက် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ပေါက်ကွဲမှု အရှိန်အဟုန် ပြင်းထန်လွန်းသဖြင့် မီတာ (၁၀၀)ခန့် အကွာမှ အဆောက်အအုံများပင် တုန်ခါသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ရဲတပ်ဖွဲ့က အဆိုပါ ပေါက်ကွဲမှုသည် ဓာတ်ငွေ့ ယိုစိမ့်ရာမှ မတော်တဆ ဖြစ်ပွားခဲ့ခြင်းဟု ကနဦး ကောက်ချက် ချထားသည်။ ကယ်ဆယ်ရေးများက မွေ့ရာတစ်ခုအောက် ပိမိသွားသဖြင့် အသက်ရှင်ခွင့် ရခဲ့သည့် ကလေးငယ် တစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ပေါက်ကွဲမှုကြောင့် လူ(၁၁)ဦး ဒဏ်ရာများ ရရှိခဲ့ပြီး (၄)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ကယ်ဆယ်ရေးများက အပျက်အစီးများအောက်တွင် အသက်ရှင်နေသူများ ကျန်နေဦးမည်ဟု မျှော်လင့်ချက်ငွေ့ငွေ့ ထားရှိနေဆဲ ဖြစ်သည်။ အဆိုပါဖြစ်ရပ် အပြီးတွင် ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇီနူဗီသည် အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာခဲ့သည်။

မီးသတ်ဌာနမှ ဂါဘရီရယ်လ် ပလက်စ်က အခင်းဖြစ်ရာ နေရာတွင် လျှပ်စစ်မီး တပ်ဆင်မှု အချို့ကို ပြုလုပ်နေခဲ့သော်လည်း ပေါက်ကွဲမှုသည် အဆိုပါကိစ္စနှင့် ဆက်စပ်နိုင်ဖွယ် မရှိဟု ဆိုသည်။ ရဲတပ်ဖွဲ့က ပေါက်ကွဲမှု ဖြစ်ပွားစေသည်ဟု ယူဆရသည့် ဓာတ်ငွေ့ယိုစိမ့်ရာ နေရာတစ်ခုကို ရှာဖွေ တွေ့ရှိထားကြောင်းလည်း သိရှိရသည်။

_Ref: Channelnewsasia
7 Day

0 comments:

Post a Comment