အငှားယာဉ်မောင်းအား ထိုးကြိတ်၍ ယာဉ်အား လုယက်မောင်း နှင်သွားသူများကို စုံစမ်းဖမ်းဆီးရမိ

၂၁.၈.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်တွင် မြောက်ဥက္က လာပ မြို့နယ်နေ ဦးမောင်မောင်စိုးသည် CC ---- ကယ်ဒီနာ အငှားယာဉ်အား မောင်းနှင်လာစဉ် မြောက်ဥက္ကလာပ မြို့နယ်၊ တံတားအဆင်း ဂက်စ်ဆိုင်ရှေ့ အရောက် ယခင်က သိကျွမ်းသူ အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၂)ဦးတို့မှ နေပြည်တော်သို့ လိုက်ပို့ပေး ရန်ငှားရမ်း သဖြင့် လိုက်ပို့ပေးခဲ့ကြောင်း၊ ၁၀၀၀ အချိန်ခန့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် (၆/၇)နှင့် (၇/၀)ကြားအရောက် ခရီးသည်များမှ အပေါ့သွားလိုကြောင်း ပြောသဖြင့် ကားရပ်ပေး စဉ် ခရီးသည်အမျိုးသား(၂)ဦးမှ ဦးမောင်မောင်စိုးအား ထိုးကြိတ်ပြီး လမ်းဘေးသို့ဆွဲချကာ ယာဉ်နှင့် လက်ကိုင်ဖုန်း(၁)လုံး၊ ငွေ(၂၀၀၀၀)ကျပ်တို့အား လုယူမောင်းနှင်ထွက်ပြေးသွားသဖြင့် စုံစမ်း အရေးယူ ပေးရန်တိုင်တန်းချက်အရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း (ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှု ကျူးလွန်သူ အမျိုးသမီးမှာ သန်လျင်မြို့နယ်နေ ဒေါ်အေးကြည်ဖြစ်ကြောင်း စုံစမ်းသိရှိရ သဖြင့် ကူညီစုံစမ်း ဖမ်းဆီးပေးရန် အမြန်လမ်းရဲတပ်ဖွဲ့မှ တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်း ကြားလာခဲ့ရာ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ ဇာမဏီဆည်ဝင်းအတွင်းရှိ ကျူးကျော်တဲများတွင် ဒေါ်အေးကြည်ပိုင်ဆိုင်သော
တဲများ ရှိကြောင်း သိရှိရသဖြင့် စောင့်ကြည့် စုံစမ်းနေစဉ် ၃၁.၈.၂၀၁၄ ရက်နေ့တွင် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ဒေါ်အေးကြည်အား တောင်ဥက္ကာလပမြို့နယ်တွင် ဖမ်းဆီးရမိထားကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ(၂)ဦးမှာ သန်လျင်မီးပွိုင့်တွင် ဆိုင်ကယ်ကယ်ရီဆွဲသူများ ဖြစ်ကြောင်းနှင့် ၎င်းတို့(၂)ဦးအား ကူညီစုံစမ်း ဖမ်းဆီးပေးနိုင်ပါရန်ထပ်မံ အကြောင်းကြားလာခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ သည် ကျန်ရှိသော ပြစ်မှုကျူးလွန်သူ(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် သန်လျင်မြို့နယ် မီးပွိုင့်အနီး၌ စုံစမ်းဆောင်ရွက်ခဲ့ရာ ၃၁.၈.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်တွင် သန်လျင်မြို့နယ်နေ ရွှေအ(ခ) သက်ကိုဦး၊ (၃၄)နှစ်၊ (ဘ)ဦးအောင်ကျော်ဇံနှင့် ၂၃၅၀ အချိန်တွင် ချစ်ကို(ခ)ဇော်ထိုက်၊ (၂၂)နှစ်၊ (ဘ)ဦးခင်မောင်ထွေးတို့အား ၎င်းတို့၏နေအိမ်များမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့(၂)ဦးအား အမြန်လမ်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police


0 comments:

Post a Comment