မွေးမွေးချင်း (၂၆)မိနစ်ကြာ နှလုံးမခုန်ခဲ့သောကလေး ကျန်းမာစွာ အိမ်ပြန်ခွင့်ရ

ဗြိတိန်နိုင်ငံရှိ Burnley အထွေထွေဆေးရုံကြီးတွင် စက်တင်ဘာ(၂၁)ရက်နေ့က မွေးဖွားခဲ့သော Isla Simpson ဆိုသည့် မိန်းကလေးဟာ အငိုအရယ်ကင်းပြီး မွေးမွေးချင်း လှုပ်ရှားမှုမဲ့နေကာ နှလုံးမခုန်ခဲ့ကြောင်း သိရသည်။

အသက်(၂၀)နှစ်အရွယ် သူမ၏မိခင် Becky Simpson ဟာ ၎င်းကိုယ်ဝန်ဆောင်စဉ်က ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ခြင်းဖြစ်၍ ကိုယ်ဝန်(၃၉)ပတ်တွင် ကလေးအား မွေးဖွားခဲ့ခြင်း ဖြစ်သည်။

သို့ပေမယ့် မွေးခန်းထဲတွင် မွေးဖွားလာသည့် Isla မှာ နှလုံးမခုန်ဘဲ တကိုယ်လုံး ပြာနှမ်းနေခဲ့တာပါ။

တမဟုတ်ချင်း ဆေးဝန်ထမ်း အယောက်(၂၀)မှ (၃၀)ခန့်ဟာ မွေးခန်းထဲ အမြန်ရောက်လာ၍ Isla လေးအား ကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

နှလုံးမခုန်သောကြောင့် အောက်ဆီဂျင်မရရှိသော သူမ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများဟာ သေသွားတော့မလို အခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ပုံမှန်တွင် လက်လျှော့လိုက်မည့် အခြေအနေဖြစ်ပေမယ့် Isla လေး၏ သေကံမရောက်သေးသော ကံတရား နှင့် ဆေးဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု ပေါင်းလိုက်သောအခါ မွေးဖွားပြီး (၂၆)မိနစ်ခန့်တွင် Isla ၏ နှလုံးဟာ CPR ပေးပြီးနောက် ပြန်လည် ခုန်လာကြောင်း သိရသည်။


မွေးကင်းစားကလေးများ အထူးကြပ်မတ်ဆောင်ထဲတွင် အကူကိရိယာ ပိုက်အထွေထွေဖြင့် တစ်ပတ်ခန့်နေခဲ့ရသော Isla လေးရဲ့အခြေအနေဟာ အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းသည့်အတွက် ခင်ပွန်းမရှိသော Isla လေး၏မိခင် Becky နှင့်မိသားစုအား အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ ဆရာဝန်များက ဆိုထားခဲ့သည်။

ထို့ပြင် Isla လေးဟာ ဦးနှောက်အတွင်း အောက်ဆီဂျင်လုံလောက်စွာ မရရှိခဲ့သဖြင့် ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုလည်း ခံစားခဲ့ရသည်။


သို့ပေမယ့် Isla လေးဟာ မွေးဖွားပြီး ငါးပတ်အကြာတွင်တော့ ဆေးရုံမှဆင်းခွင့်ရခဲ့ကာ ယခုအခါ မိခင်နှင့်အတူ ကျန်းမာစွာ ရှိနေကြောင်း သိရသည်။

မွေးပြီးပြီးချင်း Isla လေးရဲ့နှလုံး ဘာကြောင့် မခုန်ခဲ့တာလဲဆိုသည့်အဖြစ်ကိုမူ ဆရာဝန်များက ရှင်းလင်းပြနိုင်ခြင်း မရှိကြောင်း သိရသည်။

Source : Dailymail

0 comments:

Post a Comment