ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ညီလာခံအတွင်း ISIL အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ချေမှုန်းဖို့ နိုင်ငံပေါင်း ၃၀ က သဘောတူညီခဲ့ကြပါတယ်။
အနောက်တိုင်းနိုင်ငံနဲ့ အာရပ်နိုင်ငံတွေက ပူးပေါင်းပြီး အီရတ်နိုင်ငံအတွင်းက ISIL တပ်ဖွဲ့ဝင်တွေကို ချေမှုန်းသွားမယ်လို့ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြပါတယ်။
အဲဒီမတိုင်ခင် အာရပ်ဒေသက နိုင်ငံ ဆယ် နိုင်ငံကလည်း သဘောတူညီပြီးသား ဖြစ်ပါတယ်။
အစ္စလာမ်မစ်နိုင်ငံတည်ထောင်သူတွေကို ဘယ်လို နှိမ်နင်းသွားမလဲ ဆိုတဲ့ အစီအစဉ်အပေါ် နိုင်ငံ့ခေါင်းဆောင်တွေက သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ ပဲရစ်မြို့မှာ စုဝေးကြတာ ဖြစ်ပါတယ်။ စစ်ရေးအရ ဘယ်လို လုပ်ဆောင်မလဲ၊ ဘယ်လို အကူအညီတွေပေးသွားမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေ မပါဝင်ပေမယ့် သြစတြေးလျနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ပါဝင်တဲ့ နိုင်ငံရေး ပူးပေါင်းမှုတော့ ရရှိခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံ သမ္မတ Francois Hollande က IS အဖွဲ့အပေါ် တကမ္ဘာလုံးက တုန့်ပြန်မှု လုပ်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။
ဒီညီလာအပြီး နောက်တဆင့်မှာတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြနိုင်မယ့် အစီအစဉ်တွေကို ရေးဆွဲကြမှာ ဖြစ်ပါတယ်။
အခုလောလောဆယ် ပြင်သစ်အစိုးရကတော့ အီရတ်နိုင်ငံမှာ သတင်းအချက်အလက်တွေ ရရှိဖို့ ထောက်လှမ်းရေးအဖွဲ့ကို စေလွှတ်မယ်လို့ ပြောဆိုထားတဲ့အကြောင်း အေဘီစီ သတင်းထောက် Phillip Williams က သတင်းပေးပို့ထားပါတယ်။
IS အဖွဲ့ နှိမ်နင်းရေးမှာ အမေရိကန်က အီရန်ကို ဘေးချိတ်ထားဆဲ
IS အဖွဲ့ကို နှိမ်နင်းရေးမှာ ပါဝင်ဖို့ အမေရိကန်က အာရပ်နိုင်ငံအတော်များများကို စည်းရုံးထားပေမယ့် အီရန်နိုင်ငံကိုတော့ ဘေးချိတ်ထားပါတယ်။
အီရန်နဲ့ ဆွေးနွေးမှုလုပ်ဖို့အတွက် တံခါးဖွင့်ထားပေမယ့် IS စစ်သွေးကြွတွေကို နှိမ်နင်းရာမှာတော့ အီရန်နိုင်ငံနဲ့ စစ်ရေးအရ ပူးပေါင်းမှု မလုပ်နိုင်ဘူးလို့ အမေရိကန် အိမ်ဖြူတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ပြောပါတယ်။
အီရန်အနေနဲ့ ISIL အဖွဲ့ကို ဘယ်လို နှိမ်နင်းမလဲဆိုတဲ့အကြောင်း ပြောဆိုနေမယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် အီရန်အဖွဲ့ရဲ့ နှိမ်နင်းမှုက အမေရိကန်က ဦးဆောင်နေတဲ့ စစ်ရေးနှိမ်နင်းမှုနဲ့ သက်ဆိုင်မှာ မဟုတ်တဲ့အကြောင်း အကြောင်းရင်းကတော့ အမေရိကန်က အီရန်နိုင်ငံနဲ့ ထောက်လှမ်းရေးအချက်အလက်တွေ၊ စစ်ရေးပူးပေါင်းမှုတွေ လုပ်ထားတာ မရှိတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့ ပြောဆိုမှုကို အီရန်နိုင်ငံမှာ အရှိန်အဝါ ကြီးမားတဲ့ ခေါင်းဆောင်ကလည်း ရီချင်စရာ ကောင်းတယ်လို့ ခနဲ့တဲ့တဲ့နဲ့ တုန့်ပြန်ထားပါတယ်။
ABC Radio Australia
0 comments:
Post a Comment