မြောက်ဒဂုံမြို့နယ်တွင် မျက်နှာဖုံးစွပ်လူသတ်ပြီး ကျပ်သိန်း ၈၀ ဖောက်ထွင်းခိုးယူသော ဆယ်ကျော်သက်လူငယ်နှစ်ဦးနှင့် အပေါင်းပါခြောက်ဦးအား ဖမ်းဆီးစစ်ဆေးနေ


ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် တစ်ရှူးစက်ရုံတစ်ရုံ၌ မျက်နှာဖုံးစွပ်လူသတ်ပြီး ကျပ်သိန်း ၈ဝ ခိုးယူ ထွက်ပြေးသွားသည့် ဖြစ်စဉ်မှ ဦးဆောင်သူ ဆယ်ကျော်သက်လူငယ်နှစ်ဦးနှင့် အပေါင်းပါခြောက်ဦးအား ယင်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တွင် အသီးသီးဖမ်းဆီးရမိပြီး စစ်ဆေးနေကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် စုံစမ်းသိရှိရသည်။

“ဖြစ်စဉ်ကျူးလွန်တဲ့သူတွေကိုတော့ အခင်းဖြစ်ပွားပြီး ခြောက်နာရီအကြာမှာပဲ တိုင်း၊ ခရိုင် အထူးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဖမ်းဆီးရမိပါတယ်။ ကျူးလွန်သူတွေက အသက်အားဖြင့် ၂ဝ နှစ်တောင် မပြည့်သေးတဲ့ သူတွေချည်းပဲ။ အသက် ၂ဝ ကျော်တာ တစ်ယောက်ပဲ ပါတယ်။ အခုလို ကျူးလွန်ရတာက ပိုက်ဆံတွေကို များများစားစား သုံးချင်၊ ဝတ်ချင်၊ စားချင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ထွက်ဆိုထားတယ်။ ဆယ်ကျော်သက်လူငယ်တွေ အခုလို လမ်းမှားကို မရောက်သင့်ဘူး။ အခုလိုဖြစ်တာဟာ လူကြီးမိဘတွေရဲ့ အုပ်ထိန်းမှုနဲ့ ဆိုဆုံးမမှုတွေ လိုအပ်လို့ပါ။ ဆယ်ကျော်သက်တွေအနေနဲ့ ဒီလိုလမ်းမှားရောက်မယ့်အစား အားကစား၊ ပညာရေး၊ အသိပညာဗဟုသုတတွေကို လိုက်စားသင့်တယ်။ အခုလို ဆယ်ကျော်သက်တွေ ရာဇဝတ်မှုကျူးလွန်တာဟာ အပေါင်းအသင်းမှားမှုကြောင့်ပါတဲ့အတွက် မိဘတွေအနေနဲ့ သားသမီးတွေကို စနစ်တကျ ထိန်းကွပ်သင့်တယ်” ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှသန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၄) ရပ်ကွက် ဦးဝိစာရလမ်းမ /B-1, B-2 ရှိ Red Rose တစ်ရှူးစက်ရုံသို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ ဦးအောင်ကျော်စိုး (Red Rose) စက်ရုံမှူးဆိုသူသည် စက်ရုံသို့ စက်တင်ဘာ ၁၂ ရက် နံနက် ၆ နာရီခန့်တွင် သွားရောက်ခဲ့ရာ စက်ရုံဝင်းအတွင်း ညစောင့်ဝန်ထမ်းဖြစ်သူ ဦးမြင့်အောင် (၅၅) နှစ် တောင်ဥက္ကလာပမြို့နယ်နေသူအား မတွေ့၍ လိုက်လံရှာဖွေစဉ် စက်ရုံဝင်းအတွင်း ဝင်/ ထွက်ပေါက်ဂိတ်အနီး ကွန်ကရစ်ဖြင့် ဖုံးအုပ်ထားသော နှစ်ပေခွဲပတ်လည်အပေါက်ရှိ စက်ရုံရေလှောင်ကန်အတွင်း၌ သေဆုံးနေသည်ကိုတွေ့ရှိရပြီး သေဆုံးသူ၏ လည်ပင်း၌လည်း အဝါရောင်နိုင်လွန်ကြိုး နှစ်ပင်လိမ်ကြိုးချည်လျက် သေဆုံးနေသည်ကို တွေ့ရသည်။

ထို့နောက် စက်ရုံအတွင်း ထပ်မံလိုက်လံရှာဖွေရာ စက်ရုံ သုံးလွှာရှိ စက်ရုံပိုင်ရှင် ရုံးခန်းအတွင်းရှိ စားပွဲအောက်တွင်ထားရှိသော သံသေတ္တာမျောက်လက်ပျက်စီးနေပြီး ငွေစက္ကူ ကျပ် သိန်း ၈ဝ ခန့် ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ရဲတာဝန်ရှိသူများ စစ်ဆေးရာ ကျူးလွန်သူများမှာ အသက် ၁၄ နှစ်အရွယ်မှ အသက် ၁၈ နှစ်အရွယ်ကြား လူငယ်ခုနစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ် တစ်ဦးပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းအထဲမှ အဓိကကျူးလွန်သူများမှာ ဆယ်ကျော်သက်လူငယ်နှစ်ဦးမှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နေ အောင်ကိုဟိန်း (၁၈) နှစ်နှင့် သန်လျင်မြို့နယ်နေ ပြည့်ဖြိုးဇော် (၁၇) နှစ်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့မှဦးဆောင်ကာ စက်တင်ဘာ ၁၂ ရက် နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်တွင် စက်ရုံ ညစောင့်ဝန်ထမ်းအား လုံးထွေးချုပ်နှောင်ပြီး စက်ရုံမြေအောက် သောက်သုံးရေကန်အတွင်း ပစ်ချကျူးလွန်ခဲ့ကာ စက်ရုံရှိ သုံးလွှာရုံးခန်း မှ ငွေကျပ်သိန်း ၈ဝ အား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို စက်ရုံ၌ အလုပ်လုပ်ဖူးသည့် ဆယ်ကျော်သက်လူငယ်များနှင့် ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကာ ငွေများကိုလည်း အသီးသီးခွဲယူခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါအမှုကို ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရဲစခန်းမှ (ပ) ၄၈၄/၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂/၃၈ဝ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဆက်လက်စစ်ဆေးနေပြီး တရားစွဲဆို တင်ပို့နိုင်ရန်အတွက် အမှုအား တည်ဆောက်လျက်ရှိကြောင်း သိရသည်။

by eleven

0 comments:

Post a Comment