လွှတ်တော်မင်းသား

မိခင်ဝမ်းမှ ထွက်သည်မှစ၍ ငယ်နာမည် ဆိုသည် သူ့တွင်မရှိ။ စစ်ဗိုလ်လောင်း ဘဝမှ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ယနေ့အချိန်အထိ လှဆွေဟူသော အမည်တစ်ခုသာရှိ၏။ 
သို့သော် ထိုသူတွင် အများပြည်သူ စိတ်ဝင်စားသော အမည်ပြောင်များ အသက်ကြီးမှ ပေါ်ထွက်ခဲ့ချေပြီ။

ဒုတိယဗိုလ်မှူးကြီးလှဆွေ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လှဆွေ
ဘူးလက်လှဆွေ
ဖင်တစ်ခြမ်းလှဆွေ
ငံပြာရည်လှဆွေ
မိုးကျရွှေကိုယ် လှဆွေ။
ထို့အပြင်…. အောင်ခြင်းရှစ်ပါး လှဆွေနှင့်
ဂုဏ်တော်ကိုးပါးလှဆွေဟု အမည်တပ်ရ လေတော့မည်ကို သူကိုယ်တိုင် သိလေသည်။

၁၉၆၀ ခုနှစ်တွင် မောင်လှဆွေကို ခြောက်မြို့နယ် ခမရ (၁၀၉) ကျားခေါင်းတံဆိပ် တပ်ရင်းဝင်းအတွင်း မွေးဖွားခဲ့သည်။ ဖခင်က ဗိုလ်ကြီး။ ထို့ကြောင့် စစ်သွေး.. စစ်ရည်များဖြင့် ကြီးပြင်းခဲ့ရသည်ဟု ၎င်းက ငယ်ဘဝ၏ ပုံရိပ်ကို ပြန်ဖော်ပြောဆိုသည်။
“အဖေတာဝန်ကျတဲ့ နေရာကို လိုက်ပြီးပညာ သင်ခဲ့ရတာ၊ ကျွန်တော် တပ်ရင်းမှူးဖြစ်တဲ့ အချိန်ထိ တစ်ခါမှ မချောင်ဘူး” ဟု ထိုစဉ်က ဘဝအတွေ့အကြုံ ကြမ်းခဲ့ပုံကို ပြောပြသည်။

အလုပ်သင်ဗိုလ် လှဆွေ


၁၉၇၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောက်ဆည် (အထက) တွင် အောင်မြင်ခဲ့လေပြီ။ ဂုဏ်ထူး သုံးဘာသာရသည်။ သို့သော် ဓာတုဗေဒ ဘာသာရပ် ကျရှုံး၍ (ခ) ဖြင့်အောင်သည်ဟု ဦးလှဆွေက ပြောသည်။ ထိုစဉ်က မည်သူမှ တိုက်တွန်းစရာ မလိုပေ။ အလုပ်သင် ဗိုလ်လောင်း အမှတ်စဉ် (၈) သို့ တန်းဝင်သည်။သေနတ်ကိုင်ရန် ရည်ရွယ်ခဲ့သည်က သူ၏ မျှော်လင့်ချက်..။

“ဗိုလ်လောင်း ဘဝမှာတည်းက စစ်ပွဲမှာ ဒဏ်ရာ အပြင်းအထန်နဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကို ရောက်ခဲ့ရတယ်ဗျ” ဟု ၎င်းက ပြောသည်။ ထိုအချိန်က သူ၏ အသက်မှာ ၁၉ နှစ်၊ ခါးသီးသော တွေ့ကြုံမှုက ‘ဝ’ ဒေသဘက်မှ မော်ဖတိုက်ပွဲဟု ဆိုသည်။“တပ်ခွဲတစ်ခွဲလုံး ပြုတ်ခဲ့တာ၊ သေတဲ့အလောင်းတွေကို ညဘက်မှ မြှုပ်ရတယ်၊ နေ့ဘက်ဆိုပစ်လို့” ဟု ထိုစဉ်က စစ်ပွဲအတွေ့အကြုံကို ပြန်ပြောပြသည်။
သို့သော် သူ၏မျက်နှာက ဝမ်းနည်းဟန်တော့မပြ၊ ဖြစ်သမျှ၊ တွေ့ကြုံသမျှကို ပေါ့ပါးစွာ ဖြတ်သန်းမည်ဟု ယူဆထားပုံရသည်။

တစ်ခါတစ်ခါ စကားပြောနေသည့်ဟန်က ပြုံးစပ်စပ်။ အရပ်သုံး စကားဖြင့်ဆိုလျှင် မချိုမချဉ်ဟု သမုတ်ရမည်ထင်၏။

သူကရယ်မော၍လည်း ဆိုတတ်၏။ တစ်ခါတစ်ရံ လွှတ်တော် အစည်းအဝေးတွင်းပင်လျှင် ရယ်စရာ ဖြစ်လောက်သော စကားလုံးကို ရုပ်တည်ဖြင့် ပြောဆို ဆွေးနွေးတတ်သည့် ဟန်ကရှိသေးသည်။ ထို့ကြောင့် လွှတ်တော်တွင် လူရွှင်တော် တစ်ဦးကဲ့သို့ ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုကြသည်။
နကာမျက်မှန် တပ်လိုက်လျှင် ရုပ်ရှင်မင်းသားကြီး နေအောင်နှင့် တူသည်ဟု အများက မြှောက်ပင့် ပြောခြင်းကို သူကဝန်ခံသည့်သဘော။ ထိုသို့ ဆိုကြလျှင် မေးဖျားကို ဆတ်ပြသည့် ဟန်ကို ပြုမူတတ်သည်။

သူသည် စစ်ဗိုလ်ဘဝဖြင့် ၁၉၈၇ ခုနှစ်အထိ မင်းရန်အောင် စစ်ဆင်ရေး၊ ရဲမင်းအောင် စစ်ဆင်ရေး၊ ပဲခူးရိုးမရှိ အောင်တံခွန် စစ်ဆင်ရေး တို့ကိုအပြင် ဗကပနှင့် တိုက်ပွဲများတွင် စစ်၏အရသာကို ခါးသက်စွာကြုံတွေ့ ခဲ့ရသည်။ ကရင်၊ ကယား၊ ကချင်၊ ရှမ်းပြည် နယ်စပ်များတွင် ကျင်လည်ခဲ့ရသည်ဟု သူကဆိုသည်။“တိုင်းရင်းသား စကားတွေ ပြောတတ်တယ်ဗျ။ မပြောတတ်ရင် အဲဒီအချိန်ထဲက သေမှာ’ ဟု ဦးလှဆွေက ပြောသည်။

အပါးစေ လှဆွေ


၁၉၈၁ .. ဗိုလ်လောင်းလှဆွေ၏ ပခုံးနှစ်ဘက်တွင် ကြယ်ပွင့်တစ်ပွင့်စီ ခုန်တက်လာပြီး ၂၀၀၃ ခုနှစ်တွင် စပါးနှံ ဝိုင်းထားသော ကြယ်ပွင့်ကြီးကြီးကို ပိုင်ဆိုင်ခဲ့ရသည်။ 
ရခိုင်ပြည်နယ်တွင် တပ်ရင်းမှူးဘဝကို ဖြတ်သန်းရသည်။ ထိုအချိန်က တိုင်းရင်းမှူးအဖြစ် အဆင့်ဆင့် တာဝန်လာယူသော ဦးမြသင်း၊ ဦးအောင်ထွေး၊ ဦးဝင်းမြင့်တို့၏ လက်တို လက်တောင်းကို လုပ်ပေးရသည်။ 
တပ်မတော်၏ အာဏာနှင့် ဂုဏ်သိက္ခာက သူ့အတွက် ရမှတ်ကောင်းဖြင့် ဖြတ်သန်းစေခဲ့သည်ဟု ၎င်းကဆိုသည်။
“တစ်ယောက်ပြီး တစ်ယောက် တိုင်းမှူး သုံးဆက်ကို လက်မလွှတ်တမ်း လုပ်ပေးခဲ့ပါတယ်၊ ဒါကြောင့် လှဆွေဆို ခိုင်းကောင်းတဲ့သူပဲလို့ မြင်ကြတာ” ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်ဖြစ်ဖို့ လွယ်သည်


တပ်ရင်းမှူး (ဒုတိယဗိုလ်မှူကြီး) တာဝန်ဖြင့်ပင် တပ်မတော်၏ သဘောကို သိလာသည်။ တပ်ရင်းမှူးများက ခိုင်းကောင်းသော သူ့ကိုကြည်ဖြူသည်။ 
ယနေ့ အချိန်ထိလည်း ဖြစ်ကောင်း ဖြစ်နိုင်ဦးမည်ဟု သူကဆိုသည်။
“လူကြီးတွေက မရှိတော့လို့၊ မဟုတ်ရင် ကျွန်တော်လည်း ဗိုလ်ချုပ်ရာထူး လောက်တော့ အသာလေးပဲ” ဟု သူက ဖွင့်ဆိုသည်။ ယင်းစကား အဆုံးတွင် သူ၏ မျက်နှာက ရယ်ကျဲကျဲ။ 
ထိုစဉ်က တပ်မတော်တွင် အထက်အရာရှိနှင့် အဆင်ပြေပါက ရာထူးကြီးကြီး ရနိုင်သည်ဟု သုံးသပ်လိုက်ခြင်း ဖြစ်သည်။
ရာထူးပြုတ်ခြင်း (၁)


၂၀၀၃ ခုနှစ် တပ်ရင်းမှူး ဖြစ်ပြီးနောက် နိုင်ငံတော်၏ ချီးကျူး ဂုဏ်ပြမှတ်တမ်း နှစ်ကြိမ်ရသည်။ စစ်ဦးစီး တက္ကသိုလ်တွင် စာမေးပွဲ စစ်ခြင်းကို ခံယူသည်။ 
စာမေးပွဲခန်း၏ အတွေ့အကြုံက ရှင်းလွန်းသည်။ စာခိုးချကြသည်။ သို့သော် သူ့ထံမှ အခြားသူက ခိုးချသည်ဟု ဦးလှဆွေက ဆိုသည်။ အချိန်ပြည့်လေပြီ။ 
သူ၏ အဖြေလွှာတစ်ရွက် ပျောက်သွား၏။
“စာရွက်တစ်ရွက်တောင် မထိန်းနိုင်တော့ လှဆွေ အရပ်ဘက်ပြောင်းပေါ့” ဟု သူက ပြောသည်။
ထို့ကြောင့် မကွေးတိုင်း ဂန့်ဂေါခရိုင် ဥက္ကဋ္ဌဘဝကို ကျားကွက်ရွှေ့သလို ရောက်ရှိသွားသည်။ တောပြောင်းသည့် ကျားမဟုတ်။ 
အရွှေ့ခံလိုက်ရသည့် ကျားဖြစ်သည်။
“ဒီထက်ခေါင်တဲ့ မြို့နယ်၊ ခရိုင်ရှိရင် ဒီထက်ဆိုးတဲ့ နေရာရောက်မှာဗျ” ဟု ၎င်းက ညည်းတွားသံဖြင့် ပြောသည်။

ခရက ဥက္ကဋ္ဌ တာဝန်ကို သုံးနှစ်တာ ထမ်းဆောင် လိုက်ရသည်။
ပန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်ရှင် လုပ်ငန်းတွင် ဒုတိယညွန်ကြားရေးမှူး တာဝန်ကို ရရှိပြန်သည်။ တောပြောင်းသည့်ကျား နေပြည်တော် ရောက်ပြန်ပြီ။
ဘုရားစာ သီချင်းမစပ်နိုင်၍ ဒုတိယမ္ပိ ရာထူးမှပြုတ်ခြင်း


၂၀၀၆ ခုနှစ်ဖြစ်သည်။ ထိုအချိန်က ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ကြီးမှာ မည်သူ ဖြစ်သည်ကို အများသူငါ မေ့လိမ့်မည်မဟုတ်
။ လူ့ဘဝ၊ လူ့သက်တမ်း ရှင်သန်ရသည့် ကာလတွင် ဂုဏ်သိက္ခာကို ငဲ့ကွက်၍ ထိုဝန်ကြီး၏ အမည်ကို ၎င်းက ထည့်မသုံးစေလို။
“ရုပ်ရှင်လုပ်ငန်းက ဟုတ်တာလည်း မဟုတ်ဘူး။ ဒစ်ဂျစ်တယ်စနစ် ပြောင်းရင်လည်းပြောင်း၊ မဟုတ် ပြန်ဘူး” ဟု ၎င်းက တာဝန်ယူ လုပ်ဆောင်ရသည့် အချိန်က ဖြစ်စဉ်ကို ပြောသည်။

အလုပ်မှ အနားယူရသည့် ပြဿနာက ရှင်းသည်။ ၁၅ မိနစ်နောက်ကျ၍ အင်္ဂလိပ်ဘာသာဖြင့် သတင်းကြေညာသည့် မိန်းကလေးကို ပါဝါအရ ဟောက်မိသည်က ဦးလှဆွေ ဖြစ်သည်။ 
နောက်နောင် မဖြစ်စေရန် လက်မှတ် ထိုးခိုင်းမိသည်က ၎င်း၏ အမှားပင်တည်း။ ထိုကိစ္စကို ဝန်ကြီး သိလေပြီ။

“တစ်ပတ် အချိန်ပေးတယ်၊ အောင်ခြင်းရှစ်ပါးနဲ့ ဂုဏ်တော်ကိုးပါးကို သီချင်းစပ်ပေးပါတဲ့။ မရရင် ရာထူး တစ်ဆင့်နှိမ့်မယ်လို့ ဆိုတယ်” ဟု သူ၏နဖူးကို လက်ဖြင့်ရိုက်ရင်း ဆိုသည်။ 
အဆိုပါ ညွန်ကြားချက်ကို ယနေ့ သာသနာရေးဝန်ကြီး တာဝန်ယူထားသည့် ဦးစိုးဝင်းက ချမှတ်သည်ဟု ဦးလှဆွေက ဆိုသည်။

ဦးလှဆွေ ခေါင်းမူးလေပြီ။ ဘိုကလေးတင့်အောင် အစရှိသော ဆရာကြီးများကို ရှာပုံတော် ဖွင့်လေပြီ။ သို့သော်မရ။ မဖြစ်နိုင်သည့် ကံတရားက သူ့ထံ တည်တံ့နေသည့် အချိန်ဟု ဆိုသည်။
“ဂုဏ်သိက္ခာရှိရှိ ထွက်မလား၊ ရာထူးတစ်ဆင့် နိမ့်ခံမလားဆိုတော့၊ ရာထူးချတဲ့ စာကိုမယူတော့ဘူး။ ကျွန်တော် ထွက်ခဲ့လိုက်တယ်”

ထိုအချိန်က ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း စဲလေပြီ။ နာဂစ်ဒုက္ခသည် စာပေးစာလွှာ ကဏ္ဍကို သူလုပ်ခဲ့သည်။ အထက်လူကြီးနှင့် အတိုက်အခံ ပြုလုပ်ခဲ့သေးသည်ဟု သူက ပြောပြသည်။ 
ယင်းဌာနတွင် အလုပ်လုပ်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိသည်။ ‘ဆိုကြမယ် ပျော်ကြမယ်’ ကဏ္ဍကို သူကိုယ်တိုင် လုပ်ခဲ့ခြင်းပင်။
လယ်သမားဆီဘူး ဝန်ကြီးမယူ


တိုင်းပြည် တာဝန်များကို ခဝါချ၍ တပ်ခေါက်လေသူ ဦးလှဆွေ..။ စစ်ဗိုလ်ဘဝမှ လယ်စိုက်သော တောင်သူဘဝသို့ ရောက်လေပြီ။၂၀၀၉ ခုနှစ်အတွက် စပါး၊ ပဲ၊
နှ
မ်းအစရှိသည့် သီးနှံများဖြင့် မကွေးတွင် ပျော်ရလေသည်။ ထိုအချိန်တွင် ပြန်ကြားရေးဝန်ကြီးက ယင်းနယ်၏ ကြံ့ခိုင်ရေးပါတီ ကြီးကြပ်သည့် တာဝန် ဖြစ်လာပြန်သည်ဟု ၎င်းက ပြောသည်။

“ဘာပဲပြောပြော ဝန်ကြီးက ဆရာလေ၊ ကျွန်တော် နှမ်းဆီဘူးလေးနဲ့ သွားကန်တော့တယ်။ မယူဘူး။ မင်းဆီကို သွန်ပစ်လိုက်လို့ ပြောတယ်ဗျာ” ဟု ဦးလှဆွေက ဆိုသည်။ 
သို့သော် သူက ရင်ထဲ မကောင်းသော ဟန်ကို မပြပေ။ ဇရာကြောင့် ဖြူစင်မှု အားနည်းနေသည့် သွားများကို ပေါ်အောင်ရယ် (ရီ) ကာ ဆိုလိုက်ခြင်း ဖြစ်သည်။
လှဆွေကို လွှတ်တော်တွင် သုံးမည်


လယ်သမားကြီးလှဆွေ ဆီဘူးပိုက်၍ အိမ်သို့ပြန်ရလေသည်။ သိပ်မကြာချေ။ ညနေ မိုးချုပ်သည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ ရဲများရောက်လာသည်။ ဝန်ကြီး ခေါ်ခိုင်းသည်ဟု ဆိုကြောင်း ဦးလှဆွေက ပြောသည်။ 
နောက်နေ့နံနက် မိုးသောက်ချိန်တွင် ဆီဘူးမယူသည့် ဝန်ကြီးနှင့် ပြန်ဆုံရသည်။ လွှတ်တော် အမတ်လောင်း ရွေးချယ်ရန် ညွန်ကြားခဲ့သည်ဟု ၎င်းကဆိုသည်။

“သူ့ထက်ကြီးတဲ့ သူက ပြောလိုက်တာလို့ သိရတယ်။ လှဆွေကို လွှတ်တော်မှာ သုံးမယ်တဲ့” ဟု ၎င်းက ထပ်လောင်း ပြောပြန်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် သူအနိုင်ရခဲ့လေပြီ။ 
လယ်သမား လှဆွေသည် ခရက ဥက္ကဋ္ဌ တာဝန်ယူသော ထိုအရပ်၌ အမျိုးသား လွှတ်တော်အမတ် ဖြစ်လာခဲ့ပြီ။
လွှတ်တော်တွင် နာမည်ကြီးလာသူ ဦးလှဆွေ


၂၀၁၁ ခုနှစ် ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးမှ ယနေ့ကျင်းပနေသော ၁၁ ကြိမ်မြောက် အစည်းအဝေး
မတိုင်မီအထိ အစည်းအဝေး တစ်ပတ်လျှင် မေးခွန်း ၁၀ ခုခန့်နှင့် အဆိုတစ်ခုစီကို ဦးလှဆွေက ပုံမှန်မေးမြန်း တင်ပြသည်။
“အဆိုတိုင်း အောင်ပါတယ်” ဟု ၎င်းကဆိုသည်။

သမီးကလေး ကျေးရွာရှိ ဒေသခံများကို KNU မှ လာခေါ်သည့် ကိစ္စကို အစိုးရအနေနှင့် တာဝန်ယူပေးရန် မေးခွန်းနှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် 
ပတ်သက်သော အဆိုတို့က ထိုသူအတွက် အထင်ကရ ရှိလှသော ကိစ္စများဖြစ်သည်။ 
လွှတ်တော်တွင်း ပြောဆိုနေမှုကို ကြံ့ခိုင်ရေး ပါတီအနေနှင့် ထိန်းချုပ်ခြင်း ကန့်သတ်ခြင်း မရှိဟု ၎င်းက ပြောသည်။ 
စတုတ္ထအကြိမ် အစည်းအဝေးတွင် ဦးလှဆွေအတွက် နာမည်ကြီးစေသော အကြောင်းဖန်လာသည်။

“ကေအိုင်အေကို ရွှေလက်နဲ့ ခေါ်တုန်းလာ ဘူးလက် (Bullet) လွှတ်တာမလိုချင်နဲ့ ဆိုတဲ့စကားလုံးကို ဥပမာ ပေးခဲ့တာကြောင့် ဘူးလက်လို့ ခေါ်ကြတာ” ဟု ဦးလှဆွေက ဆိုသည်။ 
ယင်းကဲ့သို့ ဖြစ်ရခြင်းသည် ဂျာနယ်များ၏ ပုံဖော်မှုသာ ဖြစ်သည်ဟု ၎င်းက ဆက်စပ်ပြောဆိုသည်။

နောက်ထပ် အမည်တစ်ခုက ဖင်တစ်ခြမ်းလှဆွေ ဖြစ်သည်။
ဒသမအကြိမ် အစည်းအဝေးကာလ။
NDF ပါတီမှ ဦးဖုန်းမြင့်အောင် ဆွေးနွေးသော တပ်မတော်သားများအတွက် နစ်နာကြေး နည်းလွန်းသည့် ကိစ္စဖြစ်သည်။ 
ထိုကိစ္စကို ဦးလှဆွေက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှ မင်းသမီး၊ အဆိုတော် ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ၏ အာမခံထားသည့် တင်ပါးတန်ကြေးဖြင့် ခိုင်းနှိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တင်ပါးတစ်ခြမ်းကို ၂၇ သန်းလောက်ရတယ်။ အာမခံ အများကြီးထားမှ အများကြီး ရမှာလေ၊ အဲဒါကို ပြောတာပါ” ဟု ၎င်းကဆိုသည်။ 
တပ်မတော်သားများ၏ တာဝန် ထမ်းဆောင်ချိန်တွင် လစာမှ ငွေသားအချို့ကို ဖြတ်တောက်၍ အာမခံ ထားခဲ့ခြင်းကြောင့် အနည်းငယ်သာ ရရှိခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကာလအတွင်း ယူနတီဂျာနယ်မှ သတင်းသမားအချို့ကို ဓာတုလက်နက် စက်ရုံဟု ရေးသား ဖော်ပြမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်ချလိုက်သည့် ကိစ္စဖြစ်လာသည်။
မီဒီယာများ ဆန္ဒပြကြသည်။ လက်မခံနိုင်သည့် သတင်းစကားများ ပျံ့နှံ့ထွက်လာသည်။ ထိုသို့သော တပ်မတော်မှ လက်နက်စက်ရုံကို မြင်ပါက ငံပြာရည်စက်ရုံဟု ရေးရန် 
ဦးလှဆွေက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ပြန်သည်။ ထို့ကြောင့် ငံပြာရည်လှဆွေဟု နာမည်ထွက်သွား ပြန်သည်။ သို့သော် မိမိတို့၏ 
တိုင်းပြည်တွင် စစ်လက်နက်များ တိုးတက်မှုကို ဖော်ထုတ် ရေးသားခြင်းထက် ဝမ်းသာ ဂုဏ်ယူခြင်းကိုသာ လိုလားကြောင်း ၎င်းကဆိုသည်။

မိုးကျရွှေကိုယ် လှဆွေ


အထက်ပါ အမည်ပြောင်များအပြင် ၎င်းတွင် အမည်တစ်ခု ရှိသေးကြောင်း ဆိုလာသည်။ မိုးကျရွှေကိုယ် လှဆွေပင် ဖြစ်သည်။ ထိုနာမည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် အချို့ပြောသော အမည်ဟု ၎င်းကဆိုသည်။“ကျွန်တော်က မိုးကျရွှေကိုယ်ဆိုရင် သူတို့ (NLD) က ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ နားမှာ မြေလျှိုးပြီး ရောက်လာတာလို့ ပြောချင်တယ်” ဟု ဦးလှဆွေက ပြောသည်။

မည်သို့ပင်ဆိုစေ ထိုသူသည် မိမိယုံကြည်ရာ၊ စိတ်ထင်ရာကို ပွင့်လင်းစွာ ဖွင့်ချတတ်သည့် မူသဘောကို ဆောင်ထားသည့် ဟန်ရှိသည်။ မှားယွင်း သွားပါသည်ဟု ပြန်ပြောသည့် စကားလုံးကို လွှတ်တော်တွင် ယနေ့တိုင် ပြောဆိုခြင်း မရှိသေးပေ။ နာမည်ကြီးနိုင်သည့် အရွှန်းအဖောက် စကားလုံးများကို အပြောနိုင်ဆုံးသူ ဖြစ်ပေသည်။ မင်းသားဟု ဆိုစေ…လူရွှင်တော်ဟုဆိုစေ…ထိုသူက ဂရုမစိုက်ပေ။ထို့ကြောင့် ဦးသိန်းစိန်အစိုးရ သက်တမ်းငါးနှစ် ပြည့်လျှင် ဦးလှဆွေ၏ နောက်ဆက်တွဲ နာမည်များ ထွက်လာနိုင်ပါသေးသည်။
From:The Voice

0 comments:

Post a Comment